သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလူ့အခွင့်အရေးမဟာမင်းကြီး မြန်မာ့အရေး အစီရင်ခံစာ စစ်ကောင်စီကန့်ကွက်


သတင်းစာရှင်းလင်းပွဲတခုအတွင်း စကားပြောကြားနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk (ဩဂုတ် ၉၊ ၂၀၂၃)
သတင်းစာရှင်းလင်းပွဲတခုအတွင်း စကားပြောကြားနေတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk (ဩဂုတ် ၉၊ ၂၀၂၃)

ကလေးငယ်နဲ့ ဒေသခံပြည်သူအများအပြားသေဆုံးခဲ့ရတဲ့ စစ်ကိုင်းတိုင်း ပဇီကြီးကျေးရွာတိုက်ခိုက်မှု၊ ကချင်ပြည်နယ် အနန့်ပါကျေးရွာတိုက်ခိုက်မှုအပါအဝင် အရပ်သားတွေ‌ပါ သေဆုံးခဲ့ရတဲ့ မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရဲ့ အစီရင်ခံစာကို စစ်ကောင်စီက ပယ်ချတုံ့ပြန်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာကျင်းပနေတဲ့ ၅၄ ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီညီလာခံမှာ မဟာမင်းကြီး Volker Türk တင်ပြတဲ့ မြန်မာနိုင်ငံဆိုင်ရာ အစီအရင်ခံစာနဲ့ စက်တင်ဘာ ၂၆ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ ဆွေးနွေးမှုတွေဟာ မလိုအပ်တဲ့ကိစ္စတွေအဖြစ် ဂျနီဗာမြို့မှာရှိတဲ့ ကုသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။ လူ့အခွင့်အရေးကောင်စီဟာ စစ်ကောင်စီက အတည်ပြုထားတဲ့အချက်အလက်တွေကို တမင်ထိန်ချန်ပြီး ဘက်လိုက်ဖော်ပြထားတယ်လို့ တုံ့ပြန်ထားပါတယ်။ လူ့အခွင့်အရေးကောင်စီရဲ့ အစီရင်ခံစာမှာ ဘက်မလိုက်ဇစ်မြစ်၊ ရွာသား၊ မျက်မြင်သက်သေလို့ ဆိုသူတွေရဲ့ စွပ်စွဲချက်တွေကို ဖော်ပြထားပေမဲ့ အဲဒီသူတွေဟာ ပြောထားတဲ့အတိုင်း တကယ့်သူတွေဟုတ်သလားဆိုတဲ့ သက်သေအထောက်အထားနဲ့ပတ်သက်လို့ မေးခွန်းထုတ်စရာဖြစ်နေတယ်လို့ စစ်ကောင်စီရဲ့ တုံ့ပြန်ချက်မှာ ပြောထားပါတယ်။

တခါ ကျေးရွာတွေ မီးရှို့ခံရတာနဲ့ပတ်သက်လို့ လူ့အခွင့်အရေးကောင်စီရဲ့ အစီရင်ခံစာမှာ လက်သည်ဘယ်သူဆိုတာ မသိနိုင်ဘဲ လုံခြုံရေးတပ်ဖွဲ့တွေရဲ့လက်ချက်ဖြစ်တယ်လို့ စွပ်စွဲထားတာဟာ အစီရင်ခံစာရေးသူရဲ့ အားနည်းချက်ကို ပြသနေတယ်လို့ ဆိုပါတယ်။ သူတို့အဆို PDF အကြမ်းဖက်တွေရဲ့ ဆိုးဝါးတဲ့ပြစ်မှုတွေကို အစီရင်ခံစာထဲမှာ မထင်သာအောင် လျေှာ့ပေါ့ဖော်ပြထားရုံမက သူတို့ရဲ့ လက်နက်ကိုင်တိုက်ခိုက်မှုတွေကို လုပ်သင့်လို့ လုပ်တာဆိုတာမျိုး အကြောင်းပြထားတယ်လို့လည်း စွပ်စွဲထားပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ အစီရင်ခံစာ ရေးသားခဲ့တဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk ကတော့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ စုံစမ်းတွေ့ရှိချက်တွေအရ စစ်တပ်ရဲ့ ကျူးလွန်မှုတွေထဲက အများအပြားဟာ ရက်ရက်စက်စက်လုပ်ရပ်တွေဖြစ်သလို လူ့အခွင့်အရေး၊ လူ့အသက်နဲ့ လူသားသိက္ခာတို့ကို စနစ်တကျ လှစ်လျူတဲ့ လုပ်ရပ်တွေဖြစ်တယ်လို့ မြန်မာနိုင်ငံလူ့အခွင့်အရေး အခြေအနေဆွေးနွေးတဲ့ စက်တင်ဘာ ၂၆ ရက်နေ့က ပြောကြားခဲ့ပါတယ်။

ကလေးငယ်တွေအပါအဝင် အရပ်သားတွေ သေဆုံးခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာနားမှာ NUG/ CRPH နဲ့ PDF ရုံးချုပ်ဖွင့်မယ်ဆိုတဲ့သတင်းအရ စစ်တပ်က အကြမ်းဖက်မှုတန်ပြန်ရေးစစ်ဆင်ရေးနဲ့ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ လက်နက်တွေ ပေါက်ကွဲမှုကြောင့် အများအပြားသေဆုံးခဲ့ရတာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ တုံပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပဇီကြီးမှာ ဧပြီလက စစ်တပ်ရဲ့တိုက်ခိုက်မှုအတွင်း ကလေးငယ်အများအပြားအပါအဝင် ၁၇၀ ထက်မနည်းသေဆုံးခဲ့တာဖြစ်ပါတယ်။ တခါ ဖားကန့်မြို့နယ်ထဲက ကချင်လက်နက်ကိုင် KIA ထိန်းချုပ်ဒေသ အနန့်ပါစခန်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့လည်း အရပ်သားတွေသေဆုံးတယ်ဆိုတာဟာ KIA ရဲက ဝါဒဖြန့် သတင်းမှာထုတ်ပြန်ချက်တွေဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။ ၂၀၂၁ ကနေ မတ်လ ၃၁ ရက်နေ့အထိ စစ်ကိုင်းတိုင်းထဲမှာ PDF တွေလက်ချက်ကြောင့် အပြစ်မဲ့ပြည်သူ ၁၅၀၀ ထက် မနည်း သတ်ဖြတ်ခံခဲ့ရတယ်လို့လည်း ဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG