သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မက္ကဆီကိုနိုင်ငံရဲ့ ပထမဆုံးရွေးကောက်ခံ အမျိုးသမီးသမ္မတ နိုင်ငံတကာကြိုဆို


ရွေးကောက်ပွဲရလဒ်တွေ တရားဝင်ကြေညာပြီးတဲ့နောက် မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမြို့တော်မှာ အောင်ပွဲခံနေတဲ့ Morena ပါတီ သမ္မတလောင်း Claudia Sheinbaum (ဇွန် ၃၊ ၂၀၂၄)
ရွေးကောက်ပွဲရလဒ်တွေ တရားဝင်ကြေညာပြီးတဲ့နောက် မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမြို့တော်မှာ အောင်ပွဲခံနေတဲ့ Morena ပါတီ သမ္မတလောင်း Claudia Sheinbaum (ဇွန် ၃၊ ၂၀၂၄)

မက္ကဆီကိုနိုင်ငံမှာ ပထမဆုံး အမျိုးသမီးသမ္မတအဖြစ် Claudia Sheinbaum (ကလောက်ဒီယာ ရှိုင်းဘောင်းမ်) ရွေးကောက် တင်မြှောက်ခံရတဲ့အပေါ် ကမ္ဘာ့နိုင်ငံအသီးသီးက ချီးကျူးဂုဏ်ပြုစကားတွေ အသီးသီး ပြောဆိုလာကြပါတယ်။ ဒီရွေးကောက်ပွဲရလဒ်ကြောင့် ကျား/မ ကွဲပြားမှုအပေါ် အခြေခံတဲ့အကြမ်းမှုတွေ ကာလရှည်ကြာ ဖြစ်ပေါ်နေတဲ့ မက္ကဆီကိုနိုင်ငံမှာ ပြောင်းလဲမှုတွေ ဖြစ်လာမလားဆိုတဲ့ မျှော်လင့်ချက်တွေလည်း ထွက်ပေါ်လာပါတယ်။
တနင်္ဂနွေနေ့က ကျင်းပတဲ့ ရွေးကောက်ပွဲမှာ မက္ကဆီကိုနိုင်ငံမြို့တော် မက္ကဆီကိုစီးတီးရဲ့ မြို့တော်ဝန်ဟောင်းလည်းဖြစ်သူ ကလောက်ဒီယာက အပြတ်အသတ် အနိုင်ရလိုက်ပြီးတဲ့နောက် ထောက်ခံသူတွေ လမ်းမတွေပေါ်ထွက်ပြီး ညဉ့်နက်တဲ့အထိ မက္ကဆီကိုရိုးရာ မာရီယားခီသီချင်းတွေ သီဆိုကခဲ့ကြပါတယ်။ သူမ အခုလို ရွေးကောက်ပွဲမှာ မဲအပြတ်အသတ်နဲ့ အနိုင်ရလိုက်တာကြောင့် ငွေကြေးဈေးကွက်ပါ ရုတ်တရက် ပြောင်းလဲမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
သမိုင်းဝင် ဒီရွေးကောက်ပွဲမှာ ကလောက်ဒီယာ ရှိုင်းဘောင်းမ် အနိုင်ရလိုက်တဲ့ပေါ် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ကလည်း ချီးကျူးဂုဏ်ပြုလိုက်ပြီး လုပ်ဖော်ကိုင်ဖက်အဖြစ်ရော၊ မိတ်ဆွေနိုင်ငံအဖြစ်နဲ့ပါ လက်တွဲလုပ်ဆောင်သွားဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။
တရုတ်နိုင်ငံကတော့ ဒီရွေးကောက်ပွဲရလဒ်ဟာ ကောင်းမွန်တဲ့ ပြောင်းလဲမှုဖြစ်ပြီး မက္ကဆီကိုနိုင်ငံဟာ လက်တင်အမေရိကန်နိုင်ငံတွေထဲမှာ ဩဇာညောင်းတဲ့နိုင်ငံဖြစ်တယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရ Mao Ning က ဒီကနေ့ ပြောပါတယ်။ မက္ကဆီကိုနိုင်ငံအတွက် အရေးကြီးတဲ့ မဟာမိတ်ဖြစ်တဲ့ မြောက်အမေရိကတိုက်နိုင်ငံ ကနေဒါ ဝန်ကြီးချုပ် Justin Trudeau ကလည်း နှစ်နိုင်ငံဆက်ဆံရေး ပိုမိုအားကောင်းလာအောင် ရှိုင်းဘောင်းမ်နဲ့အတူ လက်တွဲ လုပ်ဆောင်ဖို့ မျှော်လင့်ကြောင်း ပြောပါတယ်။
ရှိုင်းဘောင်းမ်လိုဘဲ လက်ဝဲဝါဒီတဦးဖြစ်သူ ဘရာဇီးသမ္မတ Luiz Inacio Lula da Silva ကတော့ ဒါဟာ ဒီမိုကရေစီရဲ့ အောင်မြင်မှုအဖြစ် ကြိုဆိုလိုက်ပြီး လက်တင်အမေရိကတိုက်ရဲ့ စီးပွားအင်အားအကြီးဆုံး ၂ နိုင်ငံအကြား စီးပွားရေးအရ နက်ရှိုင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG