တရားမဝင် နေထိုင်နေကြတဲ့ မိဘတွေကနေ အမေရိကန်မှာမွေးလို့ အမေရိကန်နိုင်ငံသား ဖြစ်နိုင်တဲ့ အခွင့်အရေးကို ပယ်ဖျက်တဲ့ သမ္မတအမိန့် ကို တတိယမြောက် ဖက်ဒရယ် တရားသူကြီးက တနင်္လာနေ့မှာ ရပ်ဆိုင်းထားလိုက်ပြန်ပါတယ်။
နယူး ဟမ်ရှိုင်းယားပြည်နယ်၊ ဖက်ဒရယ် တရားသူကြီး Joseph N. Laplante က ခုလို ရပ်ဆိုင်းလိုက်တာပါ။ အလားတူ ဆုံးဖြတ်ချက်နှစ်ရပ်ကို ဝါရှင်တန်ပြည်နယ်၊ Seattle တရားရုံးနဲ့ မေရီလန်းပြည်နယ် တရားရုံးတွေကလည်း အရင်အပတ်က ဆုံးဖြတ်ခဲ့ကြပါတယ်။
သမ္မတထရမ့်ရဲ့ အမိန့်က အမေရိကန်ဖွဲ့စည်းပုံရဲ့ အကြီးမားဆုံး တန်ဖိုးထားမှုတွေထဲက တခုကို ပယ်ဖျက်ဖို့ ကြိုးစားတာဖြစ်တယ်လို့ အမေရိကန်နိုင်ငံသား အခွင့်အရေးနဲ့ လွတ်လပ်ခွင့်အဖွဲ့ (ACLU) က တရားရုံးကို လျှောက်ထား စွဲဆိုခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံသား မဟုတ်သူတွေရဲ့ ကလေးတွေဟာ အမေရိကန်ပြည်ထောင်စုရဲ့ ဥပဒေ စီရင်ပိုင်ခွင့်အတွင်းမှာ မရှိတာကြောင့် နိုင်ငံသားဖြစ်ဖို့ အခွင့်အရေး မရှိဘူးလို့ ထရမ့်အစိုးရကတော့ ပြောပါတယ်။
မွေးရာပါ နိုင်ငံသားဖြစ်ခွင့်မူကို ကျင့်သုံးတဲ့ တိုင်းပြည်က ၃၀ လောက်ရှိပြီး အမေရိကန်က တနိုင်ငံဖြစ်ပါတယ်။ အများစုနိုင်ငံတွေက အမေရိကတိုက်မှာ ရှိကြပြီး ကနေဒါ၊ မက္ကဆီကိုတို့လည်း ဒီလို အခွင့်အရေး ပေးထားတဲ့ တိုင်းပြည်တွေ ဖြစ်ကြပါတယ်။
Forum