အမေရိကန်မြေပေါ်မှာမွေးဖွားတဲ့ကလေးတွေကို နိုင်ငံသားပေးရမယ်ဆိုတဲ့ပြဌာန်းချက်ကို ပိတ်ပင်လိုက်တဲ့ သမ္မတ ဒေါ်နယ်ထရန့်ရဲ့အမိန့်ကို ဒီမိုကရက်ပါတီအားကောင်းတဲ့ ပြည်နယ် ၂၂ ခုက အင်္ဂါနေ့တုန်းက တရားစွဲဆိုကန့်ကွက်လိုက်ကြပါတယ်။
သက်ဆိုင်ရာပြည်နယ်အစိုးရတာဝန်ရှိသူတွေစုဝေးပြီး၊ တနင်္လာနေ့က ကျမ်းသစ္စာကျိန်ဆိုပွဲပြီးပြီးချင်း သမ္မတဒေါ်နယ်ထရန့်ကလက်မှတ်ရေးထိုးပြဌာန်းခဲ့တဲ့ အမိန့်ကြောင့် တရားမဝင် ဝင်ရောက်လာသူတွေရဲ့ အမေရိကန်မြေပေါ်မှာမွေးဖွားတဲ့ကလေးတွေ နိုင်ငံသားဖြစ်ခွင့် ဆုံးရှုံးမယ့်အပေါ် တရားစွဲဆိုခဲ့တဲ့ အထဲမှာ မြို့တော် ဝါရှင်တန်ဒီစီနဲ့ ဆန်ဖရန်စ္စကိုမြို့တွေလည်း ပါဝင်ခဲ့ကြတာပါ။
သမ္မတအမိန့်ဟာ တရားဝင်မှု မရှိဘူးဆိုပြီး သက်ဆိုင်ရာ ပြည်နယ်တွေရဲ့ ရှေ့နေချုပ်တွေကလည်း တရားစွဲဆိုဖို့ပြင်ဆင်နေပါတယ်။ အခုလိုချက်ခြင်းတရားစွဲလိုက်တာဟာ ကျနော်တို့ပြည်နယ်အတွင်းမှာရှိတဲ့ ပြည်သူတွေရဲ့ ဖွဲ့စည်းပုံစည်းမျဉ်းပါ အခြေခံ အခွင့်အရေးကို ကာကွယ်သွားမယ်ဆိုတာကို သမ္မတထရန့်အစိုးရသိစေဖို့ဖြစ်ပါတယ်လို့ တရားစွဲဆိုရာမှာပါဝင်တဲ့ နယူးဂျာစီပြည်နယ်က ရှေ့နေချုပ် Matthew Platkin ကပြောဆိုပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ တာဝန်ထမ်းဆောင်နေတဲ့ သံတမန်တွေကမွေးဖွားတဲ့ကလေးတွေကို နိုင်ငံသားဖြစ်ခွင့် တရားရုံးက ပါယ်ချတာမျိုးကလွဲရင်၊ အမေရိကန်မြေပေါ်မှာမွေးဖွားတဲ့ကလေးတွေကို နိုင်ငံသားပေးရမယ်လို့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေ ခံစည်းမျဉ်းမှာပြဌာန်းထားပါတယ်။ ဒီဖွဲ့စည်းပုံစဉ်းမျဉ်းပါ ဥပဒေပြဌာန်းချက်တခုကို သမ္မတတဦးထဲက ကိုယ့်သဘောနဲ့ ကိုယ် ပြင်ဆင်ပြဌာန်းလို့မရဘဲ၊ လွှတ်တော်ကိုယ်စားလှယ်အများစုရဲ့ သဘောဆန္ဒနဲ့သာပြုလုပ်နိုင်တာဖြစ်ပါတယ်။
သမ္မတဒေါ်နယ်ထရန့်ရဲ့ တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ၁၁ သန်းကိုပြန်ပို့မယ့်အစီအစဉ်အစိတ်အပိုင်းတခုအဖြစ် တရားမဝင်ဝင်ရောက်လာ သူတွေရဲ့ အမေရိကန်မြေပေါ်မှာမွေးဖွားတဲ့ကလေးတွေကို နိုင်ငံသားမပေးဖို့ ဆိုတဲ့ အမိန့်ကို ပါလက်မှတ်ထိုး ပြဌာန်းခဲ့တာဖြစ်ပါတယ်။
အမေရိကန်ဖွဲ့စည်းပုံစည်းမျဉ်း ၁၄ ကြိမ်မြောက်ပြင်ဆင်ချက်ဥပေဒမှာ အမေရိကန်မြေပေါ်မှာမွေးဖွားသူဟာ၊ အမေရိကန် နိုင်ငံသားဖြစ်တယ်လို့ပြဌာန်းထားပါတယ်။ သမ္မတထရန့်ရဲ့ မွေးရာပါနိုင်ငံသားဖြစ်ခွင့်ဥပဒေကို ပိတ်ပင်လိုက်တဲ့အပေါ် နယူဟမ်းရှား၊ မိန်း၊ မက်ဆာချူးဆက် ပြည်နယ်တွေက နိုင်ငံသားအခွင့်အရေးကာကွယ်တဲ့အဖွဲ့အစည်းတွေကလည်း တရားစွဲဆိုကြပါတယ်။
Forum