သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သူရဦးရွှေမန်းကော်မရှင် လွှတ်တော် ရုပ်သိမ်း


သူရဦးရွှေမန်း(Photo- Thura U Shwe Mann's facebook)
သူရဦးရွှေမန်း(Photo- Thura U Shwe Mann's facebook)

သူရဦးရွှေမန်းဦးဆောင်တဲ့ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်ကို သက်တမ်း ထပ်မတိုးတော့ဖို့ ပြည်ထောင်စုလွှတ်တော်မှာ ဒီကနေ့ မဲခွဲ ဆုံးဖြတ်လိုက်ပါတယ်။ လွှတ်တော်အမတ်တွေ အနေနဲ့ ဒီကော်မရှင်ကို ဘာကြောင့် သက်တမ်း ထပ် မတိုးချင်ကြ တော့တာပါလဲ။ သူရဦးရွှေမန်းကရော ဘယ်လို တုံ့ပြန်ထားသလဲ။ ရန်ကုန်မြို့ကနေ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

သူရဦးရွှေမန်းရဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်ကို သက်တမ်းတိုး မတိုး မဲခွဲဆုံးဖြတ်ရာမှာ ကန့်ကွက်မဲ ၅၅၅ မဲ ထောက်ခံမဲ ၂၀ နဲ့ ကြားနေမဲ ၁၀ မဲ ရရှိခဲ့ပြီး သက်တမ်းတိုးဖို့ကိစ္စ ကန့်ကွက် ခံလိုက်ရတာလည်း ဖြစ်ပါတယ်။

အခုလို ကော်မရှင်ကို ကန့်ကွက်ခံလိုက်ရပေမယ့် နိုင်ငံတော်နဲ့ နိုင်ငံသားအကျိုးစီးပွားကို ဆက်လုပ်သွားမယ်လို့ သူရဦးရွှေမန်းက ဒီကနေ့မှာ သတင်းထောက်တွေကို ပြောလိုက်ပါတယ်။

"သဘောထားတော့ အထွေအထူးမရှိပါဘူး။ ဒါ လွှတ်တော်ရဲ့ အဆုံးအဖြတ်ပေါ့။ လွှတ်တော် ရဲ့ အဆုံးအဖြတ် ဖြစ်တော့ ဘာမှ ထူးထူးခြားခြား ပြောစရာမရှိပါဘူး။ အဲ့ဒီတော့ ခါတိုင်းလည်း ဥက္ကဌ အနေနဲ့ပြောနေတာလည်း ရှိပါတယ်။ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားအတွက်ဆိုရင် မည်သည့်နေရာ မည်သည့်တာဝန်ပဲဖြစ်ဖြစ် သက်ရှည်ကျန်းမာသရွေ့ လုပ်မယ်ဆိုတဲ့အတိုင်းပါပဲ။ ဆက်ပြီးတော့ နိုင်ငံတော်နဲ့ နိုင်ငံသား အကျိုးစီးပွား လုပ်မှာပါ။ ဒီ ၃ နှစ်သက်တမ်းကာလမှာ လုပ်ခဲ့တဲ့ဟာနဲ့ ပတ်သက်ပြီးတော့ ကျေနပ် နှစ်သိမ့်မှုရှိလား နောက်ဘာများ လုပ်ချင်တာတွေ ရှိသေးလည်း ဆိုတဲ့အခါကျတော့ ဒီသက်တမ်း ကာလအတွင်းမှာ တော်တော်များများ ကိုတော့ ကျေနပ်မှုရှိပါတယ်။ အားရမှုရှိပါတယ်။ တချို့တချို့တော့လည်း ကျန်ပါသေး တယ်။"

၂၀၁၆ ခုနှစ် မတ်လ ၁ ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ကော်မရှင်သက်တမ်းဟာ ၁ နှစ်ကို တခါ သက်တမ်းတိုးဖို့ လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ခံယူရတာဖြစ်ပါတယ်။ မနက်ဖြန်မှာ ကော်မရှင် သက်တမ်း ၃ နှစ်ပြည့်တော့မှာ ဖြစ်လို့ ဒီကနေ့ အဆုံးအဖြတ် ခံယူရာမှာ သက်တမ်း ထပ်မတိုးဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။

အခုလို ကော်မရှင် သက်တမ်းတိုးဖို့ ကန့်ကွက်တာဟာ ကော်မရှင် ဥက္ကဌ ဖြစ်တဲ့ သူရဦးရွှေမန်းဟာ ပါတီထောင် ပြီး ပါတီ ဥက္ကဌဖြစ်နေတဲ့အတွက် ကန့်ကွက်တာ ဖြစ်တယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က ပြောပါတယ်။

"ကန့်ကွက်လိုက်တယ် ဆိုတာက ဒီလိုပါ ဦးရွှေမန်း ကော်မတီက နိုင်ငံရေး ပါတီ ဖွဲ့ပြီးသား ဖြစ်သွားတယ်လေ။ အရင်တုန်းက ရွေးကောက်တင်မြှောက်ခြင်းခံရတဲ့ လွှတ်တော်တွေမှာ ဖွဲ့တဲ့ ကော်မတီ သို့မဟုတ် ကော်မရှင် ဆိုတာ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ် မဟုတ်တဲ့ ပုဂ္ဂိုလ်တွေနဲ့ ပူးတွဲပြီး ဖွဲ့တာကို ကော်မရှင်လို့ခေါ်တာကို အဲ့တော့ အရင်တုန်းကတော့ သူတို့က ရွေးကောက်တင်မြှောက်ခြင်း ခံထားရတဲ့ လွှတ်တော် ကိုယ်စားလှယ် မဟုတ်ဘူး။ အလွတ်သဘောအနေ နဲ့ ပညာရှင်အနေနဲ့ ဒါကော်မရှင်ထဲမှာ ပါဝင်တာ။ အခုချိန် ကြတော့ နိုင်ငံရေးပါတီတရပ်ကို တရားဝင် ဖွဲ့စည်းထူထောင်လိုက်ပြီးတော့ ကိုယ် ကိုယ်တိုင် ကလည်း ပါတီ ဥက္ကဌ အကြီးအကဲဖြစ်တယ်။ အဲ့ထဲက ၁၂ ဦးလောက် ကလည်း ဖွဲ့တဲ့ နိုင်ငံရေးပါတီထဲမှာ ပါနေတယ် ဆိုတဲ့အခါကျတော့ နိုင်ငံရေးပါတီရှိနေတဲ့ အဖွဲ့အစည်း တခုအနေနဲ့ လွှတ်တော်ရဲ့ ဥပဒေပြုရေး အခန်းကဏ္ဍမှာ အခုလိုဝင်ပြီး အကြံပေးဖို့ ဆိုတာကြတော့ သိပ်ပြီးတော့ မသင့်တော်တော့ဘူးလို့ ယူဆတယ်လေ။ ဒါကြောင့်မို့ ကန့်ကွက်ခဲ့တာပါ။"

ကော်မရှင် သက်တမ်းတိုးဖို့ ကန့်ကွက်မဲပေးခဲ့တဲ့ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ဗိုလ်ချုပ် မောင်မောင်ကလည်း အခုလို မှတ်ချက်ပြုပါတယ်။

"ကျွန်တော်တို့လည်း ကန့်ကွက်တယ်။ အဲ့လိုတွေရှိတဲ့အခါကျ ကျတော့ ဘယ်လို သွားဖြစ်လည်းဆိုတော့ သူတို့ မလိုအပ်တော့ တဲ့အချိန်မှာတော့ သွားပြီးတော့မှ ဘာမှ အကြောင်းပြချက်တွေ မပြောဘဲ ပယ်ဖျက်လိုက်တာပေါ့။"

ကော်မရှင် ပထမသက်တမ်းတုန်းက ပြည်သူ့လွှတ်တော် အဆင့်သာရှိခဲ့ပြီး ကော်မရှင် ဒုတိယသက်တမ်းမှာ ပြည်ထောင်စု အဆင့်ထိ ဖွဲ့စည်းခဲ့ပါတယ်။ ပြည်ထောင်စု လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင်ရဲ့ သက်တမ်းဟာ တစ်နှစ်သက်တမ်းဖြစ်ပြီး လုပ်ငန်းတာဝန် ဆောင်ရွက်မှု အခြေအနေအရ လိုအပ်ရင် သက်တမ်းတိုးနိုင်ပြီးတော့ ပြည်ထောင်စုလွှတ်တော် နာယက က ကော်မရှင်ရဲ့ သက်တမ်း ကာလအတွင်း အဖွဲ့ဝင်တွေကို သင့်လျော်သလို ပြင်ဆင် ဖွဲ့စည်းနိုင်တယ်လို့ ဥပဒေမှာ ပြဌာန်းထားပါတယ်။

သူရဦးရွှေမန်းဟာ လက်ရှိမှာတော့ ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီ ထူထောင်ဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံ မှတ်ပုံတင် လျောက်ထားပြီး ရွေးကောက်ပွဲကော်မရှင်က ပါတီမှတ်ပုံတင်ကို စစ်ဆေး ဆောင်ရွက်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG