သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

TikTok တားမြစ်ရေး ကန်ဥပဒေကြမ်း တရုတ်ကန့်ကွက်


အမေရိကန်ပြည်ထောင်စု ၊ ကယ်လီဖိုးနီးယားပြည်နယ် Culver City မြို့မှာရှိတဲ့ Tik Tok ရုံးတခု
အမေရိကန်ပြည်ထောင်စု ၊ ကယ်လီဖိုးနီးယားပြည်နယ် Culver City မြို့မှာရှိတဲ့ Tik Tok ရုံးတခု

တရုတ်ကုမ္ပဏီပိုင် TikTok လူမှုကွန်ရက်ကို အမေရိကန်ပြည်ထောင်စုတခုလုံးမှာ တားမြစ်ရေး ဥပဒေကြမ်းကို အောက်လွှတ်တော်က ဗုဒ္ဓဟူးနေ့က အတည်ပြုခဲ့ပြီးနောက် စီးပွားရေးကို မျှမျှတတပြိုင်ဆိုင်ဖို့ တရုတ်နိုင်ငံက တောင်းဆိုလိုက်ပါတယ်။ TikTok app ဟာ အမျိုးသားလုံခြုံရေးအတွက် စိုးရိမ်စရာဖြစ်တယ်လို့ဆိုပြီး အမေရိကန် အောက်လွှတ်တော်မှာ ထောက်ခံမဲ ၃၅၂ မဲ ကန့်ကွက်မဲ ၆၅ မဲနဲ့ အတည်ပြုခဲ့တာပါ။ ဒီအပေါ် တရုတ် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြောခွင့်ရက ဒီနေ့မှာ အခုလို တုံ့ပြန်ပါတယ်။

"ဈေးကွက်စီးပွားရေးနဲ့ မျှတတဲ့စီးပွားရေးပြိုင်ဆိုင်မှု စည်းမျဉ်းဥပဒေတွေကို အမေရိကန်ပြည်ထောင်စုအနေနဲ့ လေးစားသင့်ပါတယ်။ တခြားနိုင်ငံက ကုမ္ပဏီတွေကို အဓိပ္ပါယ်မဲ့ဖိနှိပ်နေတာကို ရပ်ပါ၊ တခြားနိုင်ငံတွေက စီးပွားရေးလုပ်ငန်းတွေ အမေရိကန်မှာ လည်ပတ်နိုင်အောင် လွတ်လပ်၊ မျှတပြီး ခွဲခြားမှုမရှိတဲ့ စီးပွားရေးဝန်းကျင်တွေဖန်တီးပေးသင့်တယ်" လို့ တရုတ်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပြောခွင့်ရ He Yadong ကပြောပါတယ်။

အမျိုးသားလုံခြုံရေးကို အကြောင်းပြပြီး တခြားနိုင်ငံက စီးပွားရေးပိုသာနေတဲ့ ကုမ္ပဏီကို ဖိနှိပ်ဖို့ ကြိုးစားတာ လုံးဝမျှတတဲ့လုပ်ရပ်မဟုတ်ဘူးလို့ တရုတ်နိုင်ငံခြားရေးဌာနကလည်း ပြောကြားခဲ့ပါတယ်။ တရုတ်နည်းပညာကုမ္ပဏီ ByteDance ပိုင်ဆိုင်တဲ့ TikTok app ကို အမေရိကန်ပြည်ထောင်စုမှာ အသုံးပြုနေသူ သန်း ၁၅၀ ထက်မနည်းရှိပါတယ်။

တရုတ်နိုင်ငံ လုံခြုံရေးဥပဒေတွေအရ ByteDance ကုမ္ပဏီအနေနဲ့ အမေရိကန်မှာ TikTok အသုံးပြုသူတွေရဲ့ အချက်အလက်တွေကို တရုတ်အစိုးရတောင်းဆိုရင် ပေးရမှာဖြစ်တယ်ဆိုတဲ့ အချက်တွေကို အမေရိကန်လွှတ်တော်အမတ်တွေက ထောက်ပြပြီး တနိုင်ငံလုံးမှာ တားမြစ်ဖို့ ကြိုးစားတာဖြစ်ပါတယ်။ ဒီဥပဒေကြမ်းကို အထက်လွှတ်တော်ကတော့ အတည်မပြုရသေးပါဘူး။ ဒီကိစ္စကို အသေအချာသုံးသပ်ဦးမယ်လို့ အထက်လွှတ်တော်ခေါင်းဆောင်တွေက ပြောပါတယ်။

TikTok ကုမ္ပဏီကတော့ ဘယ်တုန်းကမှ အမေရိကန်က TikTok သုံးသူတွေရဲ့ အချက်အလက်တွေ တရုတ်အစိုးရကို မပေးခဲ့ဖူးသလို တောင်းလာရင်လည်းပေးမှာ မဟုတ်ဘူးလို့ ပြောကြားထားပါတယ်။ TikTok ကသူ့ရဲ့အချက်အလက်တွေ တရုတ်အစိုးရကို မျှဝေတယ်ဆိုတဲ့ အထောက်အထားမျိုးလည်း အမေရိကန်အစိုးရဘက်က ခုချိန်အထိ ပြောကြားတာတော့ မရှိသေးပါဘူး။ စီးပွားရေးလုပ်ငန်းတွေအတွက် TikTok ကိုအားကိုးနေကြသူတွေကလည်း ဥပဒေထုတ်ပြန်ပြီး ပိတ်ပင်မယ့် အစီအစဉ်ကို ကန့်ကွက်နေကြပါတယ်။

Forum

XS
SM
MD
LG