သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Times Square နှစ်သစ်ကြိုပွဲ လုံခြုံရေးအပြည့်ဖြင့် ဆင်နွှဲမည်


၂၀၁၈ နှစ်သစ်ကူးပွဲအတွက် New York မြို့ Times Square တဝိုက်လုံခြုံရေး တင်းကျပ်ထား။
၂၀၁၈ နှစ်သစ်ကူးပွဲအတွက် New York မြို့ Times Square တဝိုက်လုံခြုံရေး တင်းကျပ်ထား။

ကမ္ဘာတလွှား နှစ်သစ်ကူးကြိုဆိုပွဲတွေ ကျင်းပဖို့ ပြင်ဆင်နေကြတဲ့ထဲမှာ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့လဲ အပါအဝင်ပါ။ နယူးယောက်မြို့၊ Times Square မှာ နှစ်စဉ်ကျင်းပနေကျ နှစ်သစ်ကြိုဆိုပွဲဟာ အမေရိကန်မှာသာမက ကမ္ဘာပေါ်မှာပါ အထင်ရှားဆုံးပွဲ တခု ဖြစ်ပါတယ်။ အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်မှုတချို့နဲ့ ကြုံထားရတဲ့ နယူးယောက်မြို့ Time Squares နှစ်သစ် ကူးကြိုဆိုပွဲအတွက် ဒီနှစ်မှာ ဘယ်လိုတွေ ပြင်ဆင်နေကြပါသလဲ၊ လုံခြုံရေးပိုင်းအနေနဲ့ရော ဘယ်လောက်ထိများ တင်းကျပ် ထားပါသလဲ ၊ စုံစမ်း မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က ပြောပြပါမယ်။

နှစ်သစ်ကူးကြိုဆိုတဲ့ ပွဲတော်ကို နယူးယောက်မြို့မှာ ၁၉၀၇ခုနှစ်က စတင်ပြီး အစဉ်အလာမပြတ် နှစ်စဉ်ကျင်းပလာတာ အခုဆို နှစ်ပေါင်း တရာကျော် ရှိနေပါပြီ။ နယူးယောက်မြို့ရဲ့ နှစ်သစ်ကူးပွဲမှာ မရှိမဖြစ်ပါဝင်တဲ့အရာကတော့ Times Square မှာမျှော်စင်ပုံစံမျိုး တည်ဆောက် ထားပြီး သူ့ အပေါ်ထိပ်မှာ ရောင်စုံမီးလုံးပေါင်း သုံးသောင်းကျော်နဲ့ ဖန်ပြားပေါင်း နှစ်ထောင်ကျော် တပ်ဆင်ထားတဲ့ ခရစ်စတယ် ဘောလုံးကြီးပဲ ဖြစ်ပါတယ်။ ၁၉၀၇ ခုနှစ် နှစ်သစ်ကူးကြိုဆိုပွဲစ တင်ကျင်းပချိန်က ရှိခဲ့တဲ့ ဖန်ဘောလုံးအရွယ်အစားက ဒီလောက်မကြီးသလို၊ ခမ်းခမ်းနားနား မရှိသေးပါဘူး။ နှစ်ဟောင်းကုန် နှစ်သစ်ကူးဖို့ မိနစ်ပိုင်းအလို ချိန်ကိုက်ပြီး အဲဒီဘောလုံကြီး အပေါ်ကနေ လိမ့်ဆင်းလာတဲ့ အချိန်ကို သန်းနဲ့ချီတဲ့ ပွဲလာပရိသတ်တွေဝိုင်းဝန်း အော်ဟစ်ရေတွက်ပြီး နှစ်သစ်ကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကြိုဆိုကြတာဟာ နယူးရောက်ရဲ့ အစဉ်အလာဖြစ်ပါတယ်။

၂၀၁၇ခုနှစ်အတွင်း နယူးယောက်မြို့မှာ အကြမ်းဖက်တိုက်ခိုက်မှု တချို့ဖြစ်ပွားခဲ့ပေမယ့်လည်း မကြာခင်မှာ ကျင်းပတော့မယ့် နယူးယောက် Times Square က နှစ်သစ်ကူးအကြိုပွဲတော်ကို အထိအခိုက်မခံပဲ လူပေါင်းသန်းနဲ့ချီ ပါဝင်ဆင်နွဲှဖို့ ပြင်ဆင်နေကြောင်း နယူးရောက်မှာ နေထိုင်တဲ့ မြန်မာနွယ်ဖွားတွေက ဗွီအိုအေကို ပြောပါတယ်။ ကမ္ဘာကျော် နယူးရောက် နှစ်သစ်ကူးအကြိုပွဲတော်အတွက် ပြင်ဆင်နေတာ တွေကို ဧည့်သည်တွေကို ပြသရင်း ကိုယ်တိုင် သွားရောက်ကြည့်ရှုခဲ့တဲ့ ဦးကျော်စိုးကတော့ သူတွေခဲ့ရတဲ့မြင်ကွင်းကို အခုလိုပြောပါတယ်။

“ ကျနော်တို့ မနေ့တုန်းက မြို့ထဲကို သွားခဲ့တုန်းကတော့ ကမ္ဘာ့ကုလသမဂ္ဂ UN ဌာနချုပ်ရုံးကို ရောက်ခဲ့တယ်။ နောက်ပြီး မြို့လယ်ခေါင် Times Square တို့ ၊ 58th Street တို့ Broad Way တို့အကုန်လုံးပေါ့နော်၊ New event တို့ Live Display ရှိမယ့် နေရာတွေပေါ့နော် လျှောက်ကြည့်တယ် ဓါတ်ပုံရိုက်တယ်။ နယူးယောက် အနေနဲ့က သူ့ရဲ့ထုံးစံအတိုင်းပဲ ဘာမှထူးမခြားနားပဲ၊ နှစ်သစ်ကူးပွဲကို ကျနော်တို့ နယူးရောက်ကလူတွေ ပျော်ဖို့ပါးဖို့ ကိစ္စမှာ အကြမ်းဖက်သမားတွေကြောင့် ပျက်စီးသွားမယ်ဆိုတဲ့ အခြေအနေမျိုး လုံးဝမရှိဘူး။”

လက်ရှိ နယူးယောက်မြို့အနှံ လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ်ချထားပြီး နှစ်သစ်ကူးပွဲကို လာရောက် ဆင်နွှဲကြမယ့် ပြည်သူတွေအတွက်လည်း လုံခြုံရေး သတိပေးမှုတွေကို သက်ဆိုင်ရာက ရုပ်သံ၊ သတင်းတွေကတဆင့် အဆက်မပြတ် ထုတ်ပြန်ကြေညာပေးနေတယ်လို့ နယူးယောက်မြို့မှာ နေထိုင်နေတဲ့ မြန်မာနွယ်ဖွား ကိုမိုးချမ်းက ဗွီအိုအေကို ပြောပါတယ်။

“ လမ်းတိုင်း လမ်းတိုင်းမှာ ရဲတွေအပြည့်ချထားပြီးတော့မှ လမ်းတခုနဲ့တခု အဝင်အထွက်တွေမှာပေ့ါနော် .. အထူးသဖြင့် လူအများဆုံလေ့ ရှိတဲ့ Times Square လိုနေရာမျိုးမှာ မီးလုံးတွေနဲ့ ဆင်ထားတဲ့ ဘောလုံးကြီးက ကျလာပြီးတော့မှ နှစ်သစ်ကို ကြိုဆိုတဲ့ အခမ်းအနားဆိုတော့ နှစ်တိုင်း ပြန်ကြည့်လိုက်ရင် သိန်းနဲ့ချီတဲ့လူတွေက အဲဒီမှာ သွားဆုံကြတယ်လေ … ညသန်းခေါင်ထိပေါ့နော်။ ဆုံကြတာဆိုတော့ အခမ်းအနား ကတော့ အကြီးအကျယ်လုပ်ကြတာပဲ။ အဲလိုနေရာမျိုးကို ရောက်ဖို့အတွက်က ဘယ်လောက်ထိ တင်းကျပ်သလဲဆိုတော့ လမ်းတိုင်း လမ်းတိုင်းမှာ ရဲတွေက စောင့်နေပြီးတော့မှ လူတယောက်ချင်းစီရဲ့ အဝင်အထွက်ကို အကုန်လုံး လိုက်ကြည့်နေတာ ၊ အဲလောက်ထိကို တင်းကျပ်ထားတယ်။”

ဒီနှစ်အတွက် နှစ်သစ်ကူးချိန်ရေတွက်မယ့် ဖန်ဘောလုံးကြီးရဲ့ ရည်မှန်းချက်ကတော့ ငြိမ်းချမ်းရေး လက်ဆောင်အဖြစ်သတ်မှတ်ထားပါတယ်။ ၂၀၁၇ခုနှစ်မှာ ကြုံတွေ့ခဲ့ရတဲ့ အမျက်ဒေါသတွေ၊ အခက်အခဲတွေကို ကျော်ဖြတ်ပြီး ၂၀၁၈ခုနှစ်အတွက် ငြိမ်းချမ်းမှုတွေ ဆောင်ကျဉ်းလာဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့ ကိုမိုးချမ်းရဲ့ အမြင်ကတော့-

“ 2017 ကတော့ အမေရိကားမှာ စီးပွားရေးတက်လာတာတော့ ရှိတယ်။ ငြိမ်းချမ်းရေး ရှိသလားဆိုရင်တော့ တော်တော်များများမှာ ရှိပါတယ်၊ ဒါပေမယ့် အငြင်းပွားစရာတွေလဲ အများကြီး ရှိသလို၊ ရန်ဖြစ်ရတာတွေလည်း အများကြီးရှိတယ်။ ဆန္ဒပြတာတွေလည်း ရှိတယ်၊ အကြမ်းဖက် တာတွေလဲ ကြိုကြားကြိုကြား ရှိနေတယ်။ ၂၀၁၈ မှာ စီးပွားရေး ဒီထက်ပိုကောင်းလာ လိမ့်မယ်လို့ လူအများက မျှော်လင့်နေကြတယ်။ နယူးယောက်မြို့အတွက် ၂၀၁၈ ကတော့ လက်ရှိ ၂၀၁၇ထက် လက်ရှိအနေထားထက်ကို စီးပွားရေးအရ ပိုပြီးကောင်းမယ့်အနေအထားလို့ ကျနော်မြင်ပါတယ်။”

Waterford အိုင်းရစ်ကုမ္ပဏီကနေ ဖန်ဘောလုံးကို စတင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ နှစ်စဉ်ချမှတ်ထားတဲ့ ရည်မှန်းချက်အလိုက် ဒီဘောလုံးကို ပြောင်းလဲ တီထွင်ပုံဖေါ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူတွေက ပြောပါတယ်။

ဒီနှစ်အတွက် နယူးရောက်က နှစ်သစ်ကူးကြိုဆိုပွဲမှာ လုံခြုံရေးနဲ့ ဖျော်ဖြေရေးအသုံးစရိတ် အမေရိကန်ဒေါ်လာ တသန်းကျော်ကုန်ကျကြောင်း ခန့်မှန်းထားပါတယ်။ Times Square နှစ်သစ် ကူးကြိုဆိုပွဲမှာ ကမ္ဘာလှည့်ခရီးသည် တသန်းလောက် ပါဝင်ဆင်နွဲှဖို့ ခန့်မှန်းထားပြီး အမေရိကန် ပြည်ထောင်စု အပါအဝင် ကမ္ဘာတလွှားက ပရိသတ်ပေါင်း ၁၇၅ သန်းလောက် ဒီပွဲကို ရုပ်မြင်သံကြား ထုတ်လွှင့်မှု အစီအစဉ်တွေကနေ ကြည့်ရှု မယ်လို့ ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG