သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတသစ်ကို လွှတ်တော်ထဲ ဘယ်လိုရွေးချယ်


ပြည်ထောင်စုလွှတ်တော် (နေပြည်တော်)
ပြည်ထောင်စုလွှတ်တော် (နေပြည်တော်)

လာမယ့်သီတင်းပတ်ထဲ သမ္မတသစ်ရွေးချယ်နိုင်ဖို့ တပ်မတော်သား ကိုယ်စားလှယ်တွေ အပါအဝင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေက လွှတ်တော်ဒုသမ္မတ သုံးဦးအနက် ဘယ်သူ့ကို လျှို့ဝှက်မဲတွေပုံပေးပြီး တင်မြှောက်ကြမလဲဆိုတာကိုတော့ အများကစိတ်ဝင်စားနေကြပါတယ်။ ပြည်ထောင်စု လွှတ်တော်အကြီးအကဲတွေဘက်က သမ္မတလောင်းအဖြစ် ရွေးချယ်တင်မြှောက်ခံရတဲ့ ဒုသမ္မတအနေနဲ့ သမ္မတ အရည်အချင်းနဲ့ ညီမညီ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စိစစ်မှုကို ခံယူရမှာဖြစ်ပါတယ်။ သမ္မတသစ်ကို ပြည်ထောင်စု လွှတ်တော်မှာ ဘယ်လိုရွေးချယ်ကြမလဲဆိုတာ မဆုမွန်က အသေးစိတ် ဆက်ပြောပြပါမယ်။

လက်ရှိအလုပ်တာဝန်များမှ အနားယူလိုသောကြာင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၀၁၈ခုနှစ် မတ်လ ၂၁ရက်နေ့ကစပြီး သမ္မတဦးထင်ကျော် နုတ်ထွက်ပြီးနောက် လစ်လပ်သွားတဲ့ သမ္မတရာထူးအတွက် အလုပ်ရက်ခုနှစ်ရက်အတွင်း သမ္မတရာထူးဖြည့်စွက်နိုင်ရေး လွှတ်တော်တွေက သမ္မတ အရည်အချင်းစိစစ်ရေးအဖွဲ့တွေ ဆောင်ရွက်နေကြပြီဖြစ်ပါတယ်။ လာမယ့်သီတင်းပတ်ထဲမှာတော့ ပြည်သူ့လွှတ်တော်က ရွေးချယ်တင်မြှောက်လိုက်တဲ့ ဒုသမ္မတသစ်ဦးဝင်းမြင့်အပါအဝင် လက်ရှိဒုသမ္မတနှစ်ဦးဖြစ်တဲ့ ဦးမြင့်ဆွေနဲ့ ဦးဟင်နရီဗန်ထူးယူ- ပေါင်း ဒုသမ္မတသုံးဦးအနက်က တဦးကို လျှို့ဝှက်မဲပေးစနစ်နဲ့ ရွေးချယ်ကြတော့မှာဖြစ်ပါတယ်။ သမ္မတလောင်းကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့နဲ့ တပ်မတော်သားကိုယ်စားလှယ်အစုအဖွဲ့ - ပေါင်းအစုအဖွဲ့(၃)ဦးကနေ ဒုသမ္မတတဦးစီကို တင်မြှောက်ပေးရမှာဖြစ်ပါတယ်။

ပြည်ထောင်စုလွှတ်တော်မှာ သမ္မတသစ်ကို သမ္မတအရည်အချင်းနဲ့ညီ-မညီအဆင့်ဆင့်စိစစ် ရွေးချယ်ကြဖို့ နဲ့ လွှတ်တော် အကြီးအကဲတွေဘက်က စိစစ်ပေးရမယ့် ဖွဲ့စည်းပုံမှာ ပြဋ္ဌာန်းထားတဲ့ဥပဒေတွေနဲ့ပတ်သက်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက အခုလိုရှင်းပြပါတယ်။

"ဖွဲ့စည်းပုံအခြေခံဥပဒေ ၆၀မှာ ပုဒ်မ ၆၀ (က)က နိုင်ငံတော်သမ္မတကို သမ္မတရွေးချယ်ရေးတင်မြှောက်ရေးအဖွဲ့ဖြင့် ရွေးချယ်တင်မြှောက်ရမည်ဆိုပြီးတော့ ပြဋ္ဌာန်းထားတယ်။ (ခ) မှာကျတော့ အမျိုးသားလွှတ်တော်အစုအဖွဲ့ရယ်၊ ပြည်သူ့လွှတ်တော်အစုအဖွဲ့ရယ် တပ်မတော်သားလွှတ်တော်အစုအဖွဲ့ရယ် အဲ့အစုအဖွဲ့(၃)ဖွဲ့ကနေပြီးတော့ ဒုသမ္မတတယောက်စီကို တင်မြှောက်ပေးရမယ်။ အဲ့ဒီ့မှာလည်းပဲ သူတို့ကို အရည်အချင်းစစ်ဆေးရေးအဖွဲ့နဲ့စစ်ဆေးရမယ်ဆိုပြီးတော့ ပါပါတယ်။ အဲ့ဒီ့လို ဒုသမ္မတသုံးဦးမှာ ၆၀ (ဃ) မှာ ဘာဖော်ပြထားလဲဆိုတော့ ဒုတိယသမ္မတများသည် နိုင်ငံတော်သမ္မတအတွက် ချမှတ်ထားသည့်အရည်အချင်းနှင့်ပြည့်စုံခြင်း ရှိ-မရှိကို ပြည်ထောင်စုလွှတ်တော်နှင့် ပြည်ထောင်စုလွှတ်တော်တွင်ပါဝင်သော လွှတ်တော်နှစ်ရပ်၏ အကြီးအမှူးများနှင့် ဒုတိယအကြီးအမှူးများပါဝင်သည့် အဖွဲ့က စိစစ်ရမည်ဆိုပြီးတော့ အဲ့လိုပြဋ္ဌာန်းထားပေးသေးတယ်။ ဆိုလိုတာကတော့ ဒုသမ္မတသုံးဦးစလုံးကို တခါတည်း တပြိုင်နက်တည်း မဲပေးလို့မရသေးပါဘူး။ ခုနက ပြည်သူ့လွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်မှာရှိတဲ့အကြီးအမှူးတွေကို ဒါကို စစ်ဆေးရဦးမှာလို့ပုဒ်မ ၆၀ (ဃ) မှာ ဖော်ပြထားပါတယ်။"

ဒီ့နောက်မှာတော့ တပ်မတော်သားကိုယ်စားလှယ်တွေအပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အများစုက လျှို့ဝှက်မဲနဲ့ မဲပေးရွေးချယ်ရမှာဖြစ်ပြီး လျှို့ဝှက်ဆန္ဒမဲအများစုအနိုင်ရတဲ့ဒုသမ္မတက သမ္မတအဖြစ် တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး- ကျန်မဲအရေအတွက် အနည်းအများပေါ်မူတည်ပြီး ဒုသမ္မတ(၁) နဲ့ ဒုသမ္မတ(၂)ကို ဆက်လက်တင်မြှောက်ကြမှာဖြစ်တယ်လို့ ဦးဖေသန်းက ပြောပြပါတယ်။

" ကျနော်တို့ ပြည်ထောင်စုလွှတ်တော်ကို ရောက်လာလို့ရှိရင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးကနေပြီးတော့ ဒုသမ္မတသုံးဦးကို တပ်မတော်သားကိုယ်စားလှယ်တွေအပါအဝင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်အားလုံးက တပြိုင်နက်တည်း မဲပေးရမှာဖြစ်ပါတယ်။ အဲ့ဒီ့မှာ လျျို့ှဝှက်ဆန္ဒမဲနဲ့ပဲ ကျနော်တို့ မဲပေးရမှာ။ မဲလက်မှတ်နဲ့ပေးပြီး မဲအရေအတွက်ကို ပြန်ရေတွက်ပြီးတော့အများဆုံးရတဲ့သူက သမ္မတဖြစ်ပါတယ်။ ဒုတိယအအများဆုံးရတဲ့သူက ဒုသမ္မတ(၁) ဖြစ်ပြီးနောက်ဆုံးတယောက်ကတော့ ဒုသမ္မတ(၂) ဖြစ်ပါမယ်။

ပြည်ထောင်စုလွှတ်တော်မှာ NLD လွှတ်တော်ကိုယ်စားလှယ်တွေ အများစုဖြစ်တယ်ဆိုတာမှန်ပါတယ်။ သူတို့အားလုံးက သမ္မတတဦးတည်းကိုပဲ စူးစိုက်ပြီးတော့ သမ္မတတဦးတည်းကိုပဲ ယူမှာဖြစ်လို့ အကုန်လုံးပုံအောပြီးတော့ ဦးဝင်းမြင့်ကိုပဲ ပေးကြမှာပါခင်ဗျ။ ဦးမြင့်ဆွေ မဲကိုတော့ ကျော်ဖို့လိုတယ်။ အဲ့ဒီ့မဲကို ကျော်ဖို့ကလည်း NLD မှာ မဲအလုံအလောက်ရှိပါတယ်။ ဦးဗန်ထီးယူကတော့ မဲရသည်ဖြစ်စေ မရသည်ဖြစ်စေနည်းနည်းလေးရရင်တောင် တတိယနေရာအတွက်ပဲဆိုတော့ ဦးဝင်းမြင့်ကိုပဲ မဲပုံအောပြီး ပေးကြမှာပါ။"

ပြည်ထောင်စုလွှတ်တော်မှာ ရှိတဲ့အနိုင်ရပါတီNLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်အများစုကတော့ ပြည်သူ့လွှတ်တော်က ဒုသမ္မတအဖြစ် တင်မြှောက်လိုက်တဲ့ဦးဝင်းမြင့်ကို သမ္မတအဖြစ် တခဲနက် မဲပေးရွေးချယ်နိုင်ခြေရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ အခုလို ပြည်ထောင်စုလွှတ်တော်မှာ သမ္မတကို လျှို့ဝှက်မဲပေးရွေးချယ်ကြမယ့်အခြေအနေမှာ အများထင်ကြေးပေးသလို ဖြစ်လာနိုင်ပါသလား- နိုင်ငံရေးအကဲခတ်ဦးဇေယျသူက သူ့အမြင်အခုလိုပြောပြပါတယ်။

"သိတဲ့အတိုင်းပဲလေ လွှတ်တော်မှာ ကြီးစိုးတာက NLD ဆိုတော့ NLD ကြိုက်တဲ့သူဆိုရင်တော့ ဦးဝင်းမြင့်ဖြစ်မှာပေါ့။ ဒါကတော့ အဲ့လိုပဲ ကျနော်တို့ ယူဆရတာပေါ့။ လျို့ဝှက်မဲအရဆိုရင်တော့ NLD က ပုဂ္ဂိုလ်တွေက လွှတ်တော်အမတ်တွေက ကိုယ့်တဦးတည်းချင်းရဲ့ ဆန္ဒသဘောထားကိုပဲ ယူဆရမလား။ နောက်ပြီးတော့ ပါတီရဲ့သဘောထားကိုပဲ မူတည်သလားပေါ့။ ဒါ တချက်စဉ်းစားရမှာပေါ့။ ဦးဝင်းမြင့်ကျတော့လည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ နှစ်နှစ်လောက်လုပ်ခဲ့တယ်။ ပါတီမှာလည်းပဲ တကယ့်လူကြီးပိုင်းထဲက တောက်လျောက်ပါခဲ့တာဆိုတော့ NLD အများစုကတော့ ဦးဝင်းမြင့်ကို လေးစားကြလိမ့်မယ်လို့ကျနော်မြင်တယ်။ ကျနော်ကတော့ ဘေးကလူတယောက်အနေနဲ့စဉ်းစားကြည့်တာ အဲ့တော့ အဲ့နှစ်ခု ပေါင်းကြည့်ရင်တော့ ဦးဝင်းမြင့်က Chance အများဆုံးဖြစ်နေပါတယ် လောလောဆယ်တော့လေ။"


၂၀၁၅ နိုဝင်ဘာမှာကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့ပြီးတဲ့နောက်မှာတော့ ၂၀၁၆ခုနှစ် မတ်လ ပြည်ထောင်စုလွှတ်တော်မှာ ကျင်းပတဲ့ နိုင်ငံတော်သမ္မတရွေးချယ်တင်မြှောက်မှုမှာတော့ ဦးထင်ကျော်က ထောက်ခံမဲအများစုနဲ့သမ္မတဖြစ်လာခဲ့တာဖြစ်ပြီး ဒုတိယသမ္မတ(၁)အဖြစ် ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ(၂)အဖြစ် ဦးဟင်နရီဗန်ထီးယူက တာဝန်ယူခဲ့ကြတာဖြစ်ပါတယ်။ အခုသမ္မတဦးထင်ကျော်နုတ်ထွက်ထားတဲ့အလုပ်ရက်(၇)ရက်အတွင်းမှာတော့ ဒုသမ္မတ၁ ဦးမြင့်ဆွေက ခေတ္တသမ္မတရာထူးကို ဆက်ခံယူထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG