သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပရောက် ARSA ဖွဲ့စည်းရေးအစီအစဉ် ထိုင်းမီဒီယာဖေါ်ပြ


ဘင်္ဂလားနယ်စပ် ရိုဟင်ဂျာဒုက္ခသည်များ (AP Photo)
ဘင်္ဂလားနယ်စပ် ရိုဟင်ဂျာဒုက္ခသည်များ (AP Photo)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar ဒေသက ဒုက္ခသည်စခန်းတွေမှာရောက်နေတဲ့ Arakan Rohingya Salvation Army (ARSA) အဖွဲ့ဝင်တွေဟာ မြန်မာစစ်တပ်ကို တိုက်ခိုက်ဖို့ ပြည်ပ ARSA အဖွဲ့ဖွဲ့ဖို့ ပြင်နေတယ်လို့ ထိုင်းအခြေစိုက် PBS အွန်လိုင်းသတင်း တပုဒ်မှာ ဖော်ပြထားပါတယ်။

PBS သတင်းအဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်က Cox’s Bazar ဒေသကိုသွားပြီး ARSA အဖွဲ့ဝင်တချို့လို့ဆိုသူတွေနဲ့ တွေ့ဆုံ မေးမြန်းခဲ့ပြီးတဲ့နောက် အခုလိုရေးထားတာပါ။ သူတို့တွေဟာ ပြည်ပမှာရောက်နေပေမဲ့လည်း မွတ်ဆလင် ရိုဟင်ဂျာတွေကို အကာအကွယ်ပေးဖို့ ပိုင်းဖြတ်ထားတယ်လို့ သူတို့ တွေ့ဆုံမေးမြန်းခဲ့သူတွေကပြောကြောင်း သတင်းမှာရေးထားပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ARSA အဖွဲ့ဝင်တွေကြား အဆက်အသွယ်မပြတ်ရှိနေပြီး ပြည်ပရောက် ARSA အဖွဲ့တဖွဲ့ ဖွဲ့စည်းရေး အလားအလာကို ဆွေးနွေးနေကြကြောင်း၊ အကြောင်းကတော့ ရခိုင်ပြည်နယ်တွင်းက သူတို့အဖွဲ့ဝင်တွေ အားနည်းနေပြီး လက်နက်ခဲယမ်း လုံလောက်မှုမရှိတဲ့အတွက်ကြောင့်ဖြစ်ကြောင်း အဖွဲ့ဝင်တဦးကပြောတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်တွင်းက အဖွဲ့ဝင်တွေဟာ တစုကို ငါးယောက်ပါ အစုအဖွဲ့လေးတွေ ဖွဲ့စည်းထားကြောင်း၊ အဖွဲ့ငယ်တခုရဲ့ အဖွဲ့ဝင် တွေဟာ သူတို့ တခါမှမမြင်ဖူးတဲ့ အကြီးအကဲက ညွှန်ကြားတဲ့လုပ်ငန်းကို လုပ်ဆောင်ကြမယ်လို့ နောက်ထပ် ARSA အဖွဲ့ဝင်တဦး က Thai PBS ကိုပြောတယ်လို့လည်း ရေးထားပါတယ်။ မောင်းတောမြို့၊ ကျေးရွာ ၄၀ က ရွာတိုင်းမှာ ARSA အဖွဲ့ဝင် ၁၀၀ ကနေ ၂၀၀ ကြားရှိခဲ့ပေမယ့် အခုတော့ အများစုဟာ ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေကြားမှာ ရှိနေကြတယ်လို့ ARSA အဖွဲ့ဝင်တွေ ကဆိုပါတယ်။

အထူးသဖြင့် Cox’s Bazar က ဒုက္ခသည်စခန်း ၁၂ ခုမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကြားမှာ ရောပြီးနေထိုင်နေတဲ့ ARSA အဖွဲ့ ဝင် အများအပြားရှိတယ်လို့ နောက်ထပ်သတင်းရင်းမြစ်တခုက ပြောကြောင်းလည်း Thai PBS သတင်းမှာ ရေးသား ဖော်ပြထားပါ တယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG