သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေးဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် ခြိမ်းခြောက်မှု အန္တရာယ်ဖြစ်နိုင်ဟု ကန်ထောက်လှမ်းရေးသုံးသပ်


ရခိုင်ပြည်နယ်အကျပ်အတည်းတွေကြောင့် မြန်မာ့ဒီမိုကရေစီအတွက် ခြိမ်းခြောက်မှု အန္တရာယ်တရပ် ဖြစ်လာနေကြောင်း အမေရိကန် ထောက်လှမ်းရေး သုံးသပ်ချက် အစီရင်ခံစာက ဖော်ပြလိုက်ပါတယ်။

ခန့်မှန်းချေ ရိုဟင်ဂျာ ၆ သိန်းကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတဲ့အထိ ဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်က တကျော့ပြန် ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး အပေါ်မှာ ခြိမ်းခြောက်မှုတရပ် ဖြစ်လာနေရုံသာမက အစွန်းရောက်ဝါဒီတွေရဲ့ အကြမ်းဖက် အန္တရာယ်တွေ တိုးလာနိုင်သလို၊ တရုတ်နိုင်ငံက သြဇာချဲ့ထွင်ခွင့်ရအောင် လမ်းဖွင့်ပေးရာ ရောက်တဲ့အကြောင်း အမေရိကန် အမျိုးသားထောက်လှမ်းရေးဌာနက ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာမှာ ဖော်ပြခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် သြဂုတ်လနှောင်းပိုင်းက ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ARSA အစွန်းရောက် အုပ်စုက လုံခြုံရေး ကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက်၊ နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးတွေမှာ မြန်မာစစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ကျုးလွန်ခဲ့ပြီး၊ ရိုဟင်ဂျာတွေကို လူမျိုးစုအလိုက် ရှင်းလင်းရာ ရောက်ခဲ့ကြောင်းလည်း အမေရိကန် အစိုးရက ပြောဆိုထားတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်ထဲ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာတဝန်း ခြိမ်းခြောက်မှုအန္တရာယ် ဆန်းစစ်ချက် အစီရင်ခံစာထဲမှာတော့ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား နိုင်ငံတွေနဲ့အတူ ဖိလစ်ပိုင်နိုင်ငံကိုလည်း အရှေ့တောင်အာရှ ဒေသမှာ ဒီမိုကရေစီ စနစ်ကို ခြိမ်းခြောက်နေတဲ့ နိုင်ငံတွေအဖြစ် ဖော်ပြခဲ့တာပါ။

ကမ္ဘောဒီးယား နိုင်ငံမှာ ဝန်ကြီးချုပ် Hun Sen က အတိုက်အခံတွေအပေါ် ဖိနှိပ်မှုတွေ ရှိခဲ့သလို၊ ထိုင်းနိုင်ငံမှာ စစ်တပ်က နိုင်ငံရေးမှာ သြဇာလွှမ်းမိုးနေတဲ့ အခြေအနေတွေနဲ့ ဖိလစ်ပိုင် နိုင်ငံမှာတော့ လူပေါင်းများစွာ သေဆုံးခဲ့တဲ့ သမ္မတ Rodrigo Duterte ရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အစီအစဉ်တွေနဲ့ ပတ်သက်လို့ အစီရင်ခံစာမှာ အလေးထား ဖော်ပြခဲ့ပါတယ်။ အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာရဲ့ ဖော်ပြချက်နဲ့ ပတ်သက်လို့တော့ ဒီကနေ့မှာပဲ ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးကို ဖိလစ်ပိုင်အစိုးရက ဆင့်ခေါ်ပြီး တရားဝင် ကန့်ကွက်ခဲ့ပါတယ်။

XS
SM
MD
LG