သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ဒီမိုကရေစီရေး နှင့် ရခိုင်ပြဿနာ (အပိုင်း ၂)


Derek Mitchell
Derek Mitchell
တိုက်ရိုက် လင့်ခ်

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ရခိုင်ပြဿနာနဲ့ပတ်သက်ပြီး အနောက်မီဒီယာတချို့ရဲ့ တာဝန်မဲ့ရေးသားမှုကြောင့် ဘယ်သူ့အတွက်မှ အကျိုးမရှိရုံသာမက လွန်စွာထိခိုက်နာစေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ဟောင်း Derek Mitchell က ပြောကြားလိုက်ပါတယ်။ New York မြို့ Carnegie Center က Devin Stewart နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ Derek Mitchell အခုလို ပြောကြားလိုက်တာပါ။ အင်တာဗျူး ဒုတိယပိုင်းကို ဦးကျော်ဇံသာ က ဘာသာပြန်ဆိုရေးသားပြီး ဦးစံမိုဝေနဲ့ အတူ တင်ဆက်ထားပါတယ်။

မေး ။ ။ အခုလက်နက်ကိုင် တိုက်ခိုက်မှုတွေ ရှိလာနေတဲ့အချိန် ရခိုင်ဒေသဟာ အကြမ်းဖက်ဝါဒရဲ့ အန္တရာယ် ကျရောက်လာနိုင်ခြေ ရှိလာနိုင်တယ်လို့ ထင်ပါသလား။

ဖြေ ။ ။ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ARSA တိုက်ခိုက်မှုကို တချို့က အကြမ်းဖက်ဝါဒနဲ့ ပတ်သက်တယ်လို့ သတ်မှတ်ကြပါတယ်။ ကျနော်က အဲဒါဟာ အကြမ်းဖက်ဝါဒနဲ့ ဆိုင်မဆိုင် ဆွေးနွေးရာမှာ မပါဝင်ပါဘူး။ ဒါပေမဲ့ လူတိုင်းဟာ အကြမ်းဖက်ဝါဒရဲ့ အန္တရာယ်နဲ့ ကြုံရနိုင်ပါတယ်။ ဘယ်နိုင်ငံမှ လွတ်နိုင်မှာ မဟုတ်ပါဘူး။ ARSA တိုက်ခိုက်မှုဟာ ကျနော် အဲဒီကို ရောက်နေတုန်း တညလုံး အိပ်ရေးပျက်စေခဲ့တဲ့ ဖြစ်ရပ်ပါ။ ပဋိပက္ခ တာရှည်လာလေလေ Al Qaeda, ISIS တို့လို အစွန်းရောက် မူစလင်တွေက ပိုပြီးတော့ အာရုံစိုက်လာကြမှာပါ။ သူတို့ရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေအတွက် မက်လုံးပေးနေသလိုလည်း ဖြစ်နေပါတယ်။ အဲဒါကြောင့် ဒီအခြေအနေကို ကျနော် စိုးရိမ်ပါတယ်။

မေး ။ ။ ခက်ခဲတဲ့ မေးခွန်း မေးပါရစေ။ ဒီမေးခွန်းတွေက တခုမှ မလွယ်ပါဘူး။ အခုဟာက ဒေါ်အောင်ဆန်းစုကြည်က ကမ္ဘာ့မီဒီယာတွေရဲ့ ဝေဖန်တာကို ခံနေရပါတယ်။ ဝေဖန်မှုတွေက ပိုပိုပြီး ဆိုးလာနေပါတယ်။ အဲဒီလို ဝေဖန်နေတာ မှန်ကန်ပါရဲ့လား။ ဝေဖန်ထိုက်တယ်လို့ ထင်ပါသလား။ သူဟာ ဒီပြဿနာကို မှန်မှန်ကန်ကန် ကိုင်တွယ်ပါရဲ့လား။ အလုံအလောက် ဦးစားပေးတာကော ရှိပါရဲ့လား။

ဖြေ ။ ။ ပထမဦးဆုံးကတော့ ချိုးနှိမ်ပြီး ပြောတာပါပဲ။ တခြားဘယ်လို ပြောရမယ်ဆိုတာ ကျနော် မသေချာပါဘူး။ ဒါဟာ သူကိုပဲ သဲကြီးမဲကြီး လုပ်နေကြတာ။ ဒီအရေးမှာ သူ့ရဲ့ ခေါင်းဆောင်မှုနဲ့ ပတ်သက်ပြီး မျှမျှတတ တရားသဖြင့် ဝေဖန်သူတွေ မရှိဘူးလို့တော့ ကျနော် မဆိုလိုပါဘူး။ ကျနော်လည်း ဒါကို လူသိရှင်ကြား ပြောဖူးပါတယ်။ သြဂုတ်လ မတိုင်ခင်တုန်းကပဲ ကျနော် ဝေဖန်ပြီး ရေးခဲ့ဖူးပါတယ်။ တနှစ်အကြာမှာ NLD အတွင်း စိတ်ပျက်စရာတွေ ရှိခဲ့တယ်လို့ ကျနော် ပြောဆိုခဲ့ပါတယ်။ ဒါကို ဒေါ်အောင်ဆန်းစုကြည် ဂရုစိုက်သင့်တယ်လို့ ရေးဖူးပါတယ်။ သူကြိုက်မကြိုက်တော့ မသိပါဘူး။ သြဂုတ်လတွေနောက်ပိုင်း ဖြစ်လာတဲ့ ပြဿနာတွေနောက်ပိုင်းမှာတော့ အခြေအနေတွေ ပိုဆိုးလာပါတယ်။ ဒီပြဿနာကို ကျနော်တို့ ကျော်လွှာရမှာ ဖြစ်ပါတယ်။ သူက တိုင်းပြည်ခေါင်းဆောင်ပါ။ ဒီအခြေအနေဟာ တိုင်းပြည်သစ် တည်ဆောက်နေတဲ့အချိန်ပါ။ ဒုတိယ လွတ်လပ်ရေး လှုပ်ရှားမှုလို့ သူကိုယ်တိုင်လည်း ပြောခဲ့ပါတယ်။ တိုင်းပြည်အတွက် အခြေခံမူတွေ ချမှတ်ပေးဖို့ လိုအပ်ပါတယ်။ လူတိုင်းက သူကို သူမတူ ထူးခြားတဲ့ ခေါင်းဆောင်အဖြစ် ကြည့်နေကြပါတယ်။

မေး ။ ။ Moral leader ကိုယ်ကျင့်သိက္ခာအရပါ စံနမူနာ ထားရမယ့် ခေါင်းဆောင်တယောက်လိုပေါ့။

ဖြေ ။ ။ ဟုတ်ပါတယ်။ Moral leader ပါပဲ။ Thomas Jefferson တို့လိုမျိုးပါ။ စင်လုံးချောတော့ မဟုတ်ပါဘူး။ ကျနော်တို့ တိုင်းပြည်ကို တည်ထောင်ခဲ့ကြတဲ့ ခေါင်းဆောင်ကြီးတွေလည်း ဘယ်သူမှ ခြောက်ပစ်ကင်း သဲလဲစင် မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့ ချမှတ်ခဲ့တဲ့ အခြေခံမူတွေဟာ အခုထိ ကျနော်တို့က တဆင့်ပြီးတဆင့် အကောင်အထည်ဖော်ဖို့ ကြိုးစားနေရတာ ဖြစ်ပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်ဟာ လိုအပ်တဲ့ ခေါင်းဆောင်မှုကို မပေးနိုင်ဘူးလို့ ထင်ပါတယ်။ ရိုဟင်ဂျာကိစ္စလို၊ သတင်းထောက်နှစ်ယောက်လို ကိစ္စမျိုးတွေကို သူက ဘာမှပြောတာ မကြားရပါဘူး။ တရားစီရင်ရေးကို သူ ထိန်းချုပ်နိုင်ခွင့် မရှိပါဘူး။ တရားဥပဒေ စိုးမိုးလာရင်တော့ သူ လုပ်ပေးနိုင်မယ်လို့ သူ ထင်ကောင်းထင်ထားပါလိမ့်မယ်။ ဒါပေမဲ့ သူ ဒါကို ထုတ်ဖော်ပြောသင့်ပါတယ်။ ဒီနေရာမှာ သိပ်အရေးတကြီး ပြောချင်တာက သူတယောက်တည်းကို ဦးတည်ပြီး အလွန်အကျွံပြောနေကြတာပါ။ အထူးသဖြင့် ရခိုင်ပြဿနာ နောက်ပိုင်းမှာ ပြောလာကြတာဟာ လွန်စွာ အကျိုးယုတ်စေပါတယ်။ သူ့အတွက်သာမက ရိုဟင်ဂျာတွေအတွက်လည်း အကျိုးယုတ်စေပါတယ်။ သူလည်း ဒေါသထွက်ပါလိမ့်မယ်။ ကျနော်ကိုယ်တိုင်လည်း ဒေါသ ဖြစ်မိပါတယ်။

မေး ။ ။ မြန်မာနိုင်ငံထဲမှာ အခြေအနေ ဘယ်လိုရှိတယ်။ ဘာတွေ ဖြစ်နေတယ်ဆိုတာကို အတိအကျ သိမြင်နိုင်ဖို့ဆိုတာက အခက်အခဲ ရှိပါတယ်။ ဒီအခြေအနေမှာ မြန်မာနိုင်ငံကို အနောက်တိုင်း မီဒီယာတွေက ပုံဖော်နေကြတာကို ဘယ်လို သဘောရပါသလဲ။

ဖြေ ။ ။ အထောက်အထား ရရှိရေးဟာ ဒီနေရာမှာ သိပ်ကို အရေးကြီးပါတယ်။ ဘာဖြစ်နေတယ်ဆိုတာကို ကိုယ်တိုင်သွားကြည့်ရမှာ ဖြစ်ပါတယ်။ ဒုက္ခသည်စခန်းက လူ (၇) သိန်းအကြောင်း မီးမှောင်ထိုး တင်ပြနေကြတာ ကျနော် နှစ်သက်ပါတယ်။ တခါတခါ Context မရှိပါဘူး။ အဆက်အစပ်မရှိဘဲ လိုရာဆွဲတင်ပြမှုတွေကို ကျနော် စိုးရိမ်မိပါတယ်။ အဆက်အစပ်မရှိတဲ့ အချက်အလက်တွေဟာ အမှန်တရား မဟုတ်ဘူးလို့ ကျနော် သံရုံးမှာ အမြဲပြောလေ့ရှိပါတယ်။ အချက်အလက်တခုက မှန်ကန်ပေမယ့် ဘာနဲ့မှ အဆက်အစပ်မရှိဘဲ ထုတ်နုတ်ပြထားတယ်ဆိုရင် အမှန်တရားကို အပြည့်အဝ မရနိုင်ဘူး။ မှန်ကန်တဲ့ အဖြေကိုလည်း မရှာနိုင်တော့ပါဘူး။ ကျနော်တို့က ပြဿနာကို ဖြေရှင်းဖို့ လုပ်နေကြတာပါ။ ပြစ်တင်ရှုတ်ချရုံသက်သက် မဟုတ်ပါဘူး။ ကျနော်တို့က ဒီရိုဟင်ဂျာတွေကို ကူညီဖို့၊ မြန်မာပြည်ကို ကူညီဖို့၊ ရခိုင်ပြည်နယ်ကို ကူညီဖို့ လုပ်နေကြတာ ဖြစ်ပါတယ်။ ဥပမာ ပြောရရင် New York Times က NickKristof ဆိုရင် သိပ်စိတ်ပျက်စရာ အင်မတန်ကောင်းပါတယ်။ အဆက်အစပ် မရှိဘဲ လိုရာကိုဆွဲပြီးရေးတယ်။ ကျနော် တခါ သူကိုပြောဖူးပါတယ် - ဒါပေမဲ့ သူက ထပ်ရေးတယ်။ သူရေးတာ မှားတယ်လို့ ကျနော် မဆိုလိုပါဘူး။ ရိုဟင်ဂျာတွေ ဒုက္ခရောက်တာကို ရေးပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စက်တင်ဘာတုန်းက အသားလွတ်ကြီး ထပ်ခါတလဲလဲ အကျိုးအကြောင်း မဆက်စပ်ဘဲနဲ့ Shame on Aung San Suu Kyi ဆိုတာမျိုးတွေကို သူ ရေးခဲ့ပါတယ်။ ဒါတွေဟာ လုံးဝဆို လုံးဝ အကျိုးမရှိပါဘူး။ သက်သက်မဲ့ လူအထင်ကြီးအောင် လျှောက်ရေးနေတာ ဖြစ်ပါတယ်။

ဒါဟာ ရိုဟင်ဂျာတွေအတွက်လည်း အထောက်အကူ မဖြစ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ဂရုမစိုက်တော့တာလည်း သူ့ကြောင့်ပဲလို့ ထင်ပါတယ်။ ဒါပေမဲ့ လူတွေက သူ့ဆောင်းပါးကို ဖတ်ကြတယ်။ New York Times ဟာ အရေးကြီးပါတယ်။ အဲဒီမှာ ရေးသားလိုက်လို့ လူတွေက ပြဿနာကို ဆက်စက်လွှမ်းခြုံ နားလည်ဖို့ ဂရုမစိုက်ကြတော့ပါဘူး။ ကျနော်တို့ပြောတာကို ဂရုမစိုက်ကြတော့အောင် လုပ်လိုက်တာလည်း ဖြစ်ပါတယ်။

မေး ။ ။ New York Times က ငါတကောကော ဖြစ်နေရင် ပရိသတ်တွေ ဘယ်ဟာကို ဖတ်ကြဖို့ အကြံပေးချင်ပါလဲ။

ဖြေ ။ ။ ကျနော်က ဒီလိုပြောချင်ပါတယ်။ သူတို့ဆီမှာလည်း Roger Cohen ရဲ့ ဆောင်းပါးတွေက သိပ်ကောင်းပါတယ်။ Roger Cohen ဟာ သွားတယ်။ ပြီးတော့ ကျန်တဲ့ ဂျာနယ်လစ်တွေထဲမှာ အကောင်းဆုံး ရေးနိုင်တယ်လို့ ဆိုရပါလိမ့်မယ်။

မေး ။ ။ ကျနော်လည်း ဖတ်ဖူးပါတယ်။

ဖြေ ။ ။ အဲဒါ Sunday Times မှာ မျက်နှာဖုံးဆောင်းပါး ဖြစ်ပါတယ်။ New York Times ကလည်း အဲဒါကို နေရာပေးတဲ့အတွက် ကျနော် ချီးကျူးပါတယ်။ ဒါဟာ သူရေးနေကြ Column ဆောင်းပါးမျိုး မဟုတ်ပါဘူး။ အဲဒီလို Column နေရာ အကန့်အသတ်နဲ့ ဒါတွေကို ရေးပြဖို့ မလုံလောက်ပါဘူး။ ဒါပေမဲ့ သူဟာ အပြည့်အစုံ မျှမျှတတ အဆက်အစပ်နဲ့တကွ ဘယ်သူမှ ချန်မထားဘဲ ရေးသွားခဲ့ပါတယ်။

မေး ။ ။ ကျနော် မှတ်မိပါတယ်။ အဲဒီဆောင်းပါးကို။

ဖြေ ။ ။ သူက တကယ်တော်ပါတယ်။ ပြဿနာကို ကိုင်တွယ်တဲ့ နည်းတခုပါပဲ။ အခြေအနေကို တကယ်နားလည်သဘောပေါက်စေချင်တယ်။ ပိုမဆိုးစေချင်ဘူး။ အဖြေလိုချင်တယ်ဆိုရင် ဒီအတိုင်းပဲ လုပ်ရမှာပါ။

မေး ။ ။ ဒီဒေသမှာ တလွဲတွေ ရှိနေတယ်လို့ ခင်များ ပြောခဲ့ပါတယ်။ အဲဒီထဲက တခုကတော့ အနောက်နိုင်ငံတွေကို ယုံကြည်စိတ်ချလို့ မရဘူးဆိုပြီးတော့ မြန်မာနိုင်ငံမှာ ဖြစ်နေပါတယ်။ ဒါကို အခွင့်ကောင်းယူပြီးတော့ ဘယ်သူ ဝင်လာမလဲ။ တရုတ်ပဲပေါ့။

ဖြေ ။ ။ တရုတ်ပေါ့ သေချာတာပေါ့။ မြန်မာတွေ အလွတ်သဘော ပြောနေကြတာ ရှိပါတယ်။ ဒီရိုဟင်ဂျာ ပြဿနာနောက်ကွယ်က အမေရိကန်တွေ ရှိနေတယ်။ ကျနော် အဲဒီမှာ နေတုန်းကတည်းက ကျနော်ရဲ့ အခြေခံအောက်ခြေအဆင့် မိတ်ဆွေအချို့က ပြောကြတယ်။ ကျနော်တို့ ရခိုင်ကို စိတ်ဝင်စားနေတယ်။ ဒါကြောင့် တရုတ်နဲ့ လုပ်နေတဲ့ ပိုက်လိုင်းတို့ စီးပွားရေးစီမံကိန်းတို့ ကိစ္စတွေကို ဖျက်လိုဖျက်ဆီး အမေရိကန်က လုပ်နေတယ်လို့ ပြောကြပါတယ်။ ဒါကြောင့် ဒီပြဿနာတွေကို CIA က ဖန်တီးနေတယ်လို့ တချို့ ဆိုကြပါတယ်။ မြန်မာပြည်မှာ ဖြစ်နေတဲ့ ကြံဆတွေးတောမှုတွေက ကောလာဟလတွေပါ။ ဒီအကွက်မျိုးကို တရုတ်ကလည်း ကစားနေကြပါ။ အရှေ့တောင်အာရှမှာ တစုံတခုဖြစ်ပြီဟေ့ဆိုရင် နောက်မှာ အမေရိကန် လက်မည်းကြီး ရှိနေတယ်လို့ တရုတ်က ဆိုပါတယ်။

မေး ။ ။ ဆိုတော့ အခု အနောက်နိုင်ငံတွေအပေါ် သံသယ ဖြစ်လာနေချိန် မြန်မာနဲ့ တရုတ် ဆက်ဆံရေးကို ဘယ်လိုသုံးသပ်လိုပါသလဲ။ သူတို့ နှစ်နိုင်ငံရဲ့ ဆက်ဆံရေးဟာ ရှည်လျားကြာမြင့်နေပြီဆိုတော့

ဖြေ ။ ။ အမြဲတမ်းလည်း ဆက်လည်ရှည်လျားနေအုံးမှာ ဖြစ်ပါတယ်။ နယ်စပ်ချင်းလည်း ထိတွေ့နေတာလည်း အရှည်ကြီးပါ - ကီလိုမီတာ နှစ်ထောင်ကျော် ရှိပါတယ်။

မေး ။ ။ ခင်များပြောတဲ့ စကားအတိုင်း မေးချင်ပါတယ်။ မြန်မာပြည်မှာ တရုတ်က အမြတ်ထွက် အနိုင်ရနေပါလား။ Is China winning there?

ဖြေ ။ ။ သူတို့ကတော့ သူတို့ နိုင်တယ်လို့ ထင်နေပါတယ်။ သူတို့က မြန်မာနိုင်ငံကို ပြန်လည်ရလိုက်ပြီဆိုတဲ့ သဘောပေါ့။ ဆုံးရှုံးခဲ့ရပြီလို့ တခါက ထင်ခဲ့ပါတယ်။ ၂၀၁၂-၂၀၁၃ တုန်းကဆိုရင် မြန်မာနိုင်ငံဟာ အနောက်တိုင်းတွေနဲ့ အမေရိကန်ဘက်ကို လှည့်သွားလို့ သူတို့ ဆုံးရှုံးလိုက်ရပြီဆိုပြီး အဲဒီတုန်းက Xi Jinping က ပြောနေတယ်လို့ ကောလာဟလ ကျနော် ကြားခဲ့ဖူးပါတယ်။ ဒါတွေအားလုံးဟာ အမေရိကန်ပြည်ထောင်စု က ဘာလုပ်ပြန်ပြီ၊ ညာလုပ်ပြန်ပြီဆိုပြီး တရုတ်ပြောနေတဲ့ ကိစ္စပါ။ တရုတ်ရဲ့ သံသယတွေပါ။ တကယ်တမ်းတော့ ကျနော်တို့ မူဝါဒက မြန်မာနိုင်ငံကို ပြောင်းလဲမှု ဆက်လက်ဖြစ်ထွန်းစေချင်တဲ့အတွက် ပူးပေါင်းဆောင်ရွက်ဖို့ပါ။

မေး ။ ။ စောစောက ခင်များပြောတဲ့ ၂၀၁၂ က တရုတ်နဲ့ ပတ်သက်တဲ့ကိစ္စကို မေးချင်ပါတယ်။ အဲဒီတုန်းက မြန်မာပြည်သူတွေနဲ့ အစိုးရဟာ အမေရိကန်နဲ့ ဆက်ဆံရေး ပိုကောင်းအောင် လုပ်လာတာဟာ သူတို့နိုင်ငံအတွင်း တရုတ်ရဲ့ သြဇာကြီးထွားလာတာကို ဟန့်တားချင်တဲ့သဘောလို့ ပြောနိုင်ပါသလား။

ဖြေ ။ ။ ဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံဟာ တရုတ်နဲ့ ဆက်ဆံရေးကောင်းဖို့ လိုအပ်နေတဲ့ အရှေ့တောင်အာရှနိုင်ငံ တခုပါ။ နယ်စပ်ချင်း ထိဆက်နေတယ်။ စီးပွားရေး ကူးလူးဆက်စပ်မှုရှိတယ်။ ဟိုဘက်ဒီဘက် တူညီတဲ့လူမျိုးစုတွေလည်း နေကြပါတယ်။ အခုလဲ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် စစ်အစိုးရလက်ထက်တုန်းကလို အထီးကျန် ပြန်ဖြစ်ရမယ့် အခြေအနေမျိုးကို ရောက်လာတော့ တရုတ်ကို နစ်သက်တဲ့သဘောတွေ တွေ့လာရပါတယ်။ ကုလသမဂ္ဂမှာ တရုတ်က မြန်မာဘက်က ရပ်တည်ပြောတာ။ Sanction ကို ဟန့်တားတာ။ စစ်တပ်က သဘောကျပါတယ်။ ဒါပေမဲ့ တရုတ်တို့ဟာ မြန်မာအကျိုးကို သိပ်ထည့်မတွက်ဘဲ လုပ်တယ်ကိုင်တယ်ဆိုတာလည်း မြန်မာတွေက သိထားကြပါတယ်။ တရုတ်အများအပြား ဝင်လာပြီး ဖြစ်တဲ့နည်းနဲ့ မြန်မာနိုင်ငံသား လက်မှတ်တွေယူပြီးနေကြတယ်။ တာဝန်မဲ့ ရင်းနှီးမြုပ်နံှမှုတွေကိုလည်း စိုးရိမ်ကြပါတယ်။ တကယ်တော့ မြန်မာတွေဟာ ချိန်ခွင်လျှာကို ညှိပြီးတော့ နေကြရတာပါ။ အခုတော့ ကျနော်တို့ကို စိတ်ဆိုးပြီး အနောက်နိုင်ငံတွေကိုပဲ ဒေါသထွက်နေကြပါပြီ။

မေး ။ ။ OBOR လို့ခေါ်တဲ့ One Belt One Road မြန်မာပြည်မှာ အလုပ်ဖြစ်မယ်လို့ ထင်ပါသလား။

ဖြေ ။ ။ ဒီ စီမံကိန်း အခုတော့ စနေပါပြီ။ မလက္ကား ရေလက်ကြားကို အမေရိကန်က ထိန်းချုပ်ထားတယ်ဆိုပြီး ဒါကို ပိတ်စို့လိုက်ရင် အရှေ့တောင်အာရှတဆင့် သူတို့ သယ်ယူနေတဲ့ ရေနံ (၇၀) ရာခိုင်နှုန်း ရှိနေတဲ့အတွက် တရုတ်က ဒါကို စိုးရိမ်နေပါတယ်။ ဒါကို Malacca Dilemma - မလက္ကား အကျပ်အတည်းလို့ ဆိုကြပါတယ်။ အိန္ဒိယသမုဒ္ဒရာက တိုက်ရိုက် မြန်မာနိုင်ငံကို သယ်ချင်တာပါ။ ဆိုတော့ OBOR လို့ခေါ်တဲ့ One Belt One Road ဟာ တကယ်တော့ အပြုသဘောဆောင်တဲ့ ကိစ္စတရပ်ပါ။ ဒေသအတွင်းမှာ Infrastructure လို့ခေါ်တဲ့ အခြေခံအဆောက်အအုံတွေ သိပ်လိုအပ်နေတာပါ။ ပြီးတော့ တရုတ်ဈေးကွက်က အင်မတန် ကြီးမားပါတယ်။ ဒါကြောင့် အာရှဖွံ့ဖြိုးရေးနဲ့ ကမ္ဘာ့ဖွံ့ဖြိုးရေးအတွက်လည်း အထောက်အကူ ဖြစ်ပါလိမ့်မယ်။ ဒါကို ကျနော်တို့ သက်သက်မဲ့ အဆိုးမမြင်သင့်ပါဘူး။ သို့သော်လဲ တရုတ်ဘက်က သိပ်ထိန်းချုပ်ပြီး ဗိုလ်ကျစိုးမိုးမှု လုပ်လာရင်တော့ ခံပြင်းမှုတွေနဲ့ ရင်ဆိုင်ရပါလိမ့်မယ်။ ဆိုတော့ ဒါဟာ ကောင်းတယ်မကောင်းဘူးဆိုတာထက် သူတို့ ဘယ်လိုကိုင်တွယ်သလဲ၊ ပုံဖော်သလဲဆိုတာက ပိုပြီးအဓိကကျပါတယ်။

မေး ။ ။ နောက်ဆုံးအနေနဲ့ အခု Trump အစိုးရရဲ့ မြန်မာနိုင်ငံအပေါ်ထားတဲ့ မူဝါဒကို ဘယ်လို သဘောရပါသလဲ။ ဘာများ အကြံပေးချင်ပါလဲ။

ဖြေ ။ ။ ကျနော်က Trump ကို အကြံပေးရမယ်။ အကြံပေးနိုင်မယ်လို့တော့ မထင်ပါဘူး။ တကယ်တမ်း သူ့ရဲ့သဘောထားကို ကျနော် မသိပါဘူး။ သူဟာ အာရှနိုင်ငံတွေ၊ မြောက်ကိုရီးယားနဲ့ ကူးလူးဆက်ဆံမှာကိုတော့ စိုးရိမ်ပါတယ်။ သူ့လူတွေကတော့ အမျိုးသားလုံခြုံရေး မဟာဗျူဟာကို ချမှတ်ထားတာ တွေ့ရပါတယ်။ တရုတ်နဲ့ မှန်ကန်တဲ့ ဆက်ဆံရေး ရှိရမယ်။ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ပတ်သက်ပြီး ယှဉ်ပြိုင်မှုကို ပိုပြီးတော့ ဦးစားပေးမယ်။ ဒါလဲပဲ မှန်ကန်တဲ့ကိစ္စလို့ ထင်ပါတယ်။

XS
SM
MD
LG