ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြီးခဲ့တဲ့ရက်ပိုင်းက ရုရှားခရီးစဥ်မှာ မြန်မာနိုင်ငံကို စစ်လက်နက် ပစ္စည်းတွေ ဆက်ပြီးရောင်းချဖို့ကိစ္စ တစိတ်တပိုင်း ပါ၀င်မယ်လို့ သံသယရှိကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews က ပြောပါတယ်။
"တကယ်တော့ လူ့အခွင့်အရေးကောင်စီကို တင်သွင်းခဲ့တဲ့ အစီရင်ခံစာတွေမှာ ရုရှားဟာ မြန်မာစစ်ကောင်စီကို လက်နက်အများဆုံး ထောက်ပံ့ပေးနေတဲ့ တခုတည်းသောနိုင်ငံ ဖြစ်တယ်ဆိုတာ ကျနော် အမြဲထောက်ပြထားတာပါ။ ဒါကြောင့် ရုရှားခရီးစဥ်အတွင်း ဆွေးနွေးမှုတွေမှာ အနည်းဆုံး တစိတ်တပိုင်းအနေနဲ့ ရုရှားကနေ မြန်မာကို လက်နက်ပစ္စည်းတွေ ဆက်ပြီးရောင်းချဖို့ အချက်ပါ၀င်မယ်လို့ သံသယရှိကြောင်း" Tom Andrews က ဗွီအိုအေနဲ့ မေးမြန်းခန်းမှာ ပြောသွားတာပါ။
လက်နက်ပစ္စည်း ရောင်းဝယ်မှုနဲ့ပတ်သက်လို့ နိုင်ငံတကာရဲ့ တုန့်ပြန်မှုတွေဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အတွက် အထူးအရေးကြီးတဲ့ အကြောင်းရင်းတခု ဖြစ်တယ်လို့လည်း Tom Andrews က ထောက်ပြပါတယ်။
မြန်မာနိုင်ငံမှာ အပြစ်မဲ့ အရပ်သားတွေကို သတ်ဖြတ်ဖို့ ခေတ်မီဆန်းပြားတဲ့ စစ်လက်နက်တွေကို စစ်ကောင်စီက အသုံးပြုနေတယ်ဆိုတာ နိုင်ငံတကာအသိုင်းအဝိုင်းက သိရှိပြီး ရလဒ်အဖြစ် မြန်မာနိုင်ငံကို လက်နက်နဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းတွေ တင်ပို့ရောင်းချတာတွေကို အခြားနိုင်ငံတွေက သိသိသာသာ လျော့ကျခဲ့ကြောင်း Tom Andrews ကပြောပါတယ်။
မနှစ်ကထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာ Tom Andrews ရဲ့ အစီရင်ခံစာမှာလည်း စင်္ကာပူနိုင်ငံကနေ မြန်မာနိုင်ငံကို လက်နက်တင်ပို့ရာမှာ ၉၀% ကျဆင်းခဲ့ကြောင်းဖေါ်ပြထားပါတယ်။ ဒါကြောင့်စစ်ကောင်စီအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းကနေ ဝယ်ယူရရှိနေတဲ့ လက်နက်နဲ့ စစ်ဘက်ဆိုင်ရာ အထောက်အပံ့တွေဟာ သုံးပုံတပုံ လျော့ကျသွားခဲ့တယ်လို့ သူ့ရဲ့အစီရင်ခံစာက ဆိုပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ မတ်လ ၃ ရက်ကနေ ၉ ရက်နေ့အထိ သွားရောက်ခဲ့တဲ့ ရုရှားနဲ့ ဘဲလာရုစ် နှစ်နိုင်ငံခရီးစဥ်နဲ့ ပတ်သက်လို့ သတင်းထောက်တွေရဲ့အမေးကို သူ့ရဲ့အပြန်ခရီးစဥ်လေယာဥ်ပေါ်မှာ ဖြေကြားရာမှာ နှစ်ပေါင်း (၇၇) နှစ် ကြာမြင့်နေပြီဖြစ်တဲ့ မြန်မာနိုင်ငံပြည်တွင်းစစ်ကို အဆုံးသတ်ပြီး ငြိမ်းချမ်းရေးရနိုင်ဖို့ အလျင်အမြန် ကူညီဆောင်ရွက်ပေးနိုင်တဲ့ နိုင်ငံဟာ ရုရှားပဲဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
Forum