သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားက တရားသောစစ်ဆင်နွှဲတာဖြစ်တယ်လို့ စစ်ကောင်စီခေါင်းဆောင်ပြောဆိုချက် မှန်၊ မမှန်


ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံနေတဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံနေတဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

စစ်ကောင်စီဥက္ကဋ္ဌ

အနောက်နိုင်ငံတွေရဲ့ ပရောဂတွေကြောင့် ယူကရိန်းအရေးအခင်းဖြစ်ခဲ့တယ်ဆိုတာကို ကျနော်တို့ နားလည်ပါတယ်။နိုင်ငံတိုင်းဟာ ကိုယ့်နိုင်ငံသူနိုင်ငံသားတွေနဲ့ အချုပ်အချာအာဏာ နဲ့ ကိုယ့်နိုင်ငံအကျိုးစီးပွား လုံခြုံရေးအပေါ်မှာ ထိပါးလာရင် ကာကွယ်ခွင့်အပြည့်အ၀ရှိတဲ့အတွက် ကျနော်ယုံကြည်ပါတယ်။ ဒါကြောင့် ရုရှားနိုင်ငံရဲ့ နိုင်ငံတော်တည်ငြိမ်မှု ပျက်ပြားအောင် တုံ့ပြန်တဲ့အနေနဲ့ အထူးစစ်ဆင်ရေးကို ကျနော့်အနေနဲ့နားလည်ကြောင်း၊ အဆွေတော်ရဲ့ ခိုင်မာပြတ်သားတဲ့ ဦးဆောင်မှုအောက်မှာ မုချအောင်မြင်မယ်လို့ ယုံကြည်တဲ့အကြောင်းပြောလိုပါတယ်။ မြန်မာစကားပုံတခုရှိပါတယ်။ တရားသောစစ်အောင်ရမယ်ဆိုတဲ့ စကားပုံတခုရှိပါတယ်။

Source: စစ်ကောင်စီ ပြန်ကြားရေး
ဒါက အထင်အမြင်မှားစေပါတယ်
အချက်အလက်စိစစ်ခြင်း

ရုရှားက ယူကရိန်းကို စစ်ပွဲဆင်နွှဲရတာဟာ အနောက်နိုင်ငံများရဲ့ ပရောဂကြောင့်ဖြစ်ပြီး ရုရှားနိုင်ငံရဲ့ အချုပ်အချာအာဏာနဲ့ နိုင်ငံအကျိုးစီးပွားကို ထိပါလာလို့ တုံ့ပြန်တဲ့အနေနဲ့ စစ်ပွဲဆင်နွဲရတာကို နားလည်ပြီး ရုရှားနိုင်ငံက မုချအောင်မြင်မယ်လို့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ မတ်လ (၄) ရက်နေ့က တွေ့ဆုံစဉ်မှာ ပြောကြားခဲ့ပါတယ်။

ဒါက အထင်မြင်မှားစေပါတယ်။

ရုရှား နဲ့ ယူကရိန်းဖြစ်ပွားနေတဲ့ စစ်ပွဲကို စစ်ကောင်စီခေါင်းဆောင်က ရုရှားအနေနဲ့ တရားသောစစ်ဆင်နွှဲနေတာဖြစ်တယ်လို့ ပြောဆိုထားပေမယ့် ကမ္ဘာတဝှမ်းမှာတော့ ရုရှားအနေနဲ့ ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲတာဖြစ်တယ်လို့ ပြောဆိုကြပါတယ်။ ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ (၂၄) ရက်နေ့၊ ရုရှားက ယူကရိန်းကို ကျူးကျော်စစ် (၃) နှစ်ပြည့်ချိန်မှာ ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး အဆိုပြုချက်တွေကို ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အတည်ပြုခဲ့ပြီး အဲ့ဒီ အဆိုပြုချက်ထဲမှာ ယူကရိန်းကို အပြည့်အဝ ရုရှားရဲ့ ကျူးကျော်မှုလို့ စစ်ကို ညွှန်းဆိုခဲ့ပါတယ်။ အဆိုပြုချက်ကို ပြင်ဆင် အဆိုပြုချက်ကို ၉၃ နိုင်ငံက ထောက်ခံပြီး ၈ နိုင်ငံက ဆန့်ကျင်မဲ ပေးခဲ့ကြပါတယ်။ အမေရိကန်အပါအဝင် ၇၃ နိုင်ငံက မဲမပေးဘဲ နေခဲ့ပါတယ်။ ရုရှား-ယူကရိန်း စစ်ပွဲဟာ အနောက်နိုင်ငံတွေရဲ့ ပရောဂနဲ့ ရုရှားနိုင်ငံရဲ့ အချုပ်အချာအာဏာကို ထိပါးလာတာကြောင့် ဖြစ်ခဲ့ရတယ်လို့ စစ်ကောင်စီခေါင်းဆောင်က ပြောဆိုထားပေမယ့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၂၄) မှာ ရုရှားက ယူကရိန်းနယ်မြေတွေကို စတင်ကျူးကျော်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီခေါင်းဆောင်က ရုရှားခရီးစဉ်အတွင်း ရုရှားက ယူကရိန်းအပေါ်ကျူးကျော်စစ်ဆင်နွှဲမှုကို ထောက်ခံကြောင်း (၂) ကြိမ်ထက်မနည်းပြောခဲ့တာကိုတွေ့ရပါတယ်။ ရုရှားဖက်ဒရေးရှင်းနိုင်ငံကို ပညာတော်သင်ရောက်ရှိနေတဲ့ စစ်ဘက်၊ အရပ်ဘက်က သင်တန်းသားအရာရှိတွေနဲ့ မတ်လ (၄) ရက်နေ့က တွေ့ဆုံစဉ်မှာလည်း ရုရှားနိုင်ငံအနေနဲ့ မိမိတို့နိုင်ငံဘက်မှထောက်ခံရပ်တည်ပေးခဲ့သကဲ့သို့ မိမိတို့နိုင်ငံအနေဖြင့်လည်း ရုရှားနိုင်ငံဘက်မှ ရပ်တည်ဆောင်ရွက်ပေးလျက်ရှိတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။

ဒီပြောဆိုမှုတွေဟာ စစ်ကောင်စီက ဆက်လက်ကိုင်စွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းက နိုင်ငံခြားရေးမူဝါဒနဲ့လည်း ဆန့်ကျင်နေတာကိုတွေ့ရပါတယ်။ ၂၀၀၈ အခြေခံဥပဒေ အခန်း (၁) နိုင်ငံတော်အခြေခံမူများထဲက ပုဒ်မ (၄၁) မှာ “နိုင်ငံတော်သည် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒကို ကျင့်သုံးသည်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ပေါင်းဖက် ဆက်ဆံရေးကို ရှေးရှုသည်။ နိုင်ငံအချင်းချင်း ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူများကို စောင့်ထိန်းသည်။” လို့ ဖေါ်ပြထားတာကိုတွေ့ရပါတယ်။ ၂၀၀၈ အခြေခံဥပဒေမှာ လွတ်လပ်တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးဝါဒကို ကျင့်သုံးတယ်လို့ ဖေါ်ပြထားပေမယ့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ရုရှား-ယူကရိန်းအရေးမှာ ရုရှားဘက်က ထောက်ခံကြောင်းပြောဆိုထားတာကိုတွေ့ရပါတယ်။

စစ်ကောင်စီခေါင်းဆောင်က သူ့ရဲ့ ရုရှားနိုင်ငံခရီးစဉ်အတွင်း က ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ဆုံရာမှာ သုတေသနပြုလုပ်နိုင်ခြင်းနဲ့ သက်သေပြချက်မရှိနိုင်တဲ့ အချက်အလက်တွေကို ကိုးကားပြောဆိုခဲ့တာကိုတွေ့ရပါတယ်။ လွန်ခဲ့တဲ့ (၇၃) နှစ်က ထုတ်ခဲ့တဲ့ စာအုပ်ထဲမှာ ပါရှိတဲ့ အကြောင်းကို အခြေခံပြီး စစ်ကောင်စီခေါင်းဆောင်က သူနဲ့ သမ္မတ ပူတင်ကို ဘုရင်အဖြစ်တင်စားပြောဆိုခဲ့ပြီး သူနဲ့ သမ္မတ ပူတင်တို့ဟာ မဟာမတ်တွေဖြစ်တာနဲ့ ရုရှားနိုင်ငံက လက်နက်နဲ့နည်းပညာမှာ ကမ္ဘာ့ထိပ်တန်းအဆင့်ကို ရောက်ရှိနေတာဖြစ်တာကြောင့် မြတ်စွာဘုရားရဲ့ ဗျာဒိတ်တော်နဲ့ တိုက်ဆိုက်နေတယ်လို့ ပြောဆိုခဲ့ပါသေးတယ်။

၂၀၀၈ အခြေခံဥပဒေမှာ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်ဆိုင်ရာ ပုဒ်မ ၄၂၁ အရ အရေးပေါ်ကာလသက်တမ်းဟာ သာမန်အားဖြင့် ခြောက်လ နှစ်ကြိမ်သာ တိုးခွင့်ရှိတယ်လို့ ပြ ဋ္ဌာန်းထားပေမယ့် စစ်ကောင်စီက အရေးပေါ်ကာလသက်တမ်းကို စစ်ကောင်စီက (၇)ကြိမ်အထိ တိုးထားပြီးဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ ယာယီသမ္မတ တာဝန်၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ် နဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဆိုတဲ့ ရာထူးတွေကို ရယူထားပြီး ရုရှားနိုင်ငံခရီးစဉ်မှာတော့ စစ်ကောင်စီခေါင်းဆောင်က သူနဲ့ သမ္မတ ပူတင်ကို ဘုရင်များအဖြစ်တင်စားပြောဆိုခဲ့ပြီး မြတ်စွာဘုရားရဲ့ ဗျာဒိတ်တော်နဲ့ တိုက်ဆိုက်နေတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ၁၈၈၅ ခုနှစ်မှာ အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲဖြစ်ပွားပြီး ကုန်းဘောင်မင်းဆက်နှင့်အတူ မြန်မာပြည်မှာ ဘုရင်စနစ်အဆုံးသတ်သွားခဲ့တာဖြစ်ပါတယ်။ ရုရှားနိုင်ငံကတော့ ၁၉၁၇ ခုနှစ်မှာ ပေါ်ပေါက်လာတဲ့ ရုရှားတော်လှန်ရေးကနေ ဇာဘုရင်ကို နန်းစွန့်စေခဲ့ပြီး ဘုရင်စနစ်အဆုံးသတ်စေခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီခေါင်းဆောင်ရဲ့ ရုရှားနိုင်ငံခရီးစဉ်အတွင်း ပြောဆိုချက်တွေဟာ သုတေသနပြုလုပ်နိုင်ခြင်း၊ သက်သေပြနိုင်ခြင်းမရှိတဲ့ အချက်အလက်တွေကို ကောက်ယူပြောဆိုထားတာဖြစ်ပြီး၊ တဖက်မှာလည်း စစ်ကောင်စီ ကိုင်စွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေရဲ့ နိုင်ငံတော်အခြေခံမှုထဲက ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒဆိုတဲ့ ပြ ဋ္ဌာန်းချက်နဲ့လည်း အငြင်းပွားဖွယ်ရာဖြစ်နေတာကို တွေ့ရပါတယ်

XS
SM
MD
LG