ရုရှားက ယူကရိန်းကို ကျူးကျော်စစ် သုံးနှစ်မြောက်နေ့ တနင်္လာနေ့က စစ်ပွဲနဲ့ပတ်သက်လို့ ကုလသမဂ္ဂအထွေထွေညီလာခံက ဆုံးဖြတ်ချက်ချရာမှာ ဥရောပက ပြင်ဆင်လိုက်တဲ့ အမေရိကန် အဆိုပြုချက်ကို အမေရိကန်က မဲမပေးဘဲ နေခဲ့ပြီး ဆုံးဖြတ်ချက် ချမှတ်လိုက်ပါတယ်။
သောကြာနေ့ နေလယ်အထိ ယူကရိန်းက မူကြမ်းရေးဆွဲထားတဲ့ ဆုံးဖြတ်ချက်ပဲ ရှိခဲ့တာပါ။ ဒါပေမဲ့ ငြိမ်းချမ်းရေးသို့ သွားရာလမ်းလို့ အဓိပ္ပါယ်ရခေါင်းစဥ်နဲ့ အမေရိကန်က မူကြမ်းတရပ် အပြိုင်တင်လာခဲ့တာကို ဥရောပနိုင်ငံတွေက စာသား သုံးနေရာ ပြင်ဆင်ခဲ့ကြတာ ဖြစ်ပါတယ်။
အမေရိကန်မူကြမ်းမှာ မပါဝင်ခဲ့တဲ့ စာသားတွေဖြစ်ကြတဲ့ ယူကရိန်းကို အပြည့်အဝ ရုရှားရဲ့ ကျူးကျော်မှုလို့ စစ်ကို ညွှန်းဆိုခဲ့ပြီး ကုလသမဂ္ဂ ပဋိညာဥ်စာသားနဲ့အညီ နိုင်ငံတကာက အသိအမှတ်ပြုထားပြီး နယ်ခြားအတွင်း၊ အားလုံးအကျုံးဝင်၊ မျှတ၊ တာရှည်ခံမယ့် ငြိမ်းချမ်းရေး အဖြစ် တောင်းဆိုခဲ့တဲ့ စာသားတွေကို ဥရောပနိုင်ငံတွေက ပြင်ဆင်ခဲ့ကြတာပါ။
ဒီ ပြင်ဆင် အဆိုပြုချက်ကို ၉၃ နိုင်ငံက ထောက်ခံပြီး ၈ နိုင်ငံက ဆန့်ကျင်မဲ ပေးခဲ့ကြတာကြောင့် အတည်ပြုလိုက်ပါတယ်။ အမေရိကန်အပါအဝင် ၇၃ နိုင်ငံက မဲမပေးဘဲ နေခဲ့တာပါ။ တနင်္လာနေ့ ညနေမှာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေး ကျင်းပဖို့ ရှိပြီး အမေရိကန်က သူ့ မူရင်း အဆိုပြုချက်ကို တင်မှာဖြစ်သလို ဥရောပနိုင်ငံတွေကလည်း အချက် ၃ ချက် ပြင်ဆင်ထားတဲ့ အဆိုပြုချက်ကို တင်ကြမှာဖြစ်ပါတယ်။
ပြင်ဆင်ချက်ကို ဗီတိုအာဏာသုံး ပယ်ချမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတဦးက ပြောပါတယ်။
Forum