သုံးရလွယ်ကူစေသည့် Link များ

site logo site logo
 
ယူကရိန်း သမ္မတကို အာဏာရှင် အဖြစ် အမေရိကန် သမ္မတ Trump ဝေဖန် 
နောက်ဆုံးရသတင်း

ယူကရိန်း သမ္မတကို အာဏာရှင် အဖြစ် အမေရိကန် သမ္မတ Trump ဝေဖန် 


FILE PHOTO: U.S. President Donald Trump addresses the media at Mar-a-Lago
FILE PHOTO: U.S. President Donald Trump addresses the media at Mar-a-Lago

ယူကရိန်းသမ္မတ Volodymyr Zelenskyy ဟာ “ရွေးကောက်ပွဲ မရှိတဲ့ အာဏာရှင်” ဆိုပြီး အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ ထရမ့်ဟာ ရုရှားသြဇာခံ “မဟုတ်မမှန်သတင်းတွေကြားမှာ နေထိုင်နေသူ” ဆိုပြီး Zelensky က စွပ်စွဲပြီးနောက် ထရမ့်က ပြန်ပြီး Zelenskyy ကို ပြစ်တင်ခဲ့တာပါ။ ၂၀၂၄ ခုနှစ် ဧပြီလတုန်းက စီစဉ်ထားတဲ့ ယူကရိန်း ရွေးကောက်ပွဲကို ကျင်းပဖို့ ငြင်းဆန်ခဲ့တယ်လို့ Zelenskyy ကို Trump က စွပ်စွဲပါတယ်။ လာမယ့် သီတင်းပတ်ထဲမှာ ၃ နှစ် ပြည့်တော့မယ့် ၂၀၂၂ ခုနှစ် ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ်ကြောင့် ရွေးကောက်ပွဲ နှောင့်နှေးနေရတာ ဖြစ်ပါတယ်။

သုံးနှစ်ကြာလာပြီ ဖြစ်တဲ့ ရုရှားရဲ့ ယူကရိန်း စစ်ပွဲကို ညှိနှိုင်းဖြေရှင်းပြီး အဆုံးသတ်နိုင်ဖို့ ကြိုးစားနေချိန်မှာ ထရမ့်က သူ့ရဲ့ Truth ဆိုရှယ်မီဒီယာမှာ အခုလို ဝေဖန်ခဲ့တာပါ။ အမေရိကန် သမ္မတက ရုရှားကို ပိုမိုကောင်းမွန်တဲ့ ကမ်းလှမ်းချက်တွေနဲ့ ပိုအသာပေးပြီး စစ်ပွဲ အဆုံးသတ်ရေး ကြိုးပမ်းမှာကို စိုးရိမ်ကြောင်း ယူကရိန်း သမ္မတ Zelenskyy ဘက်ကလည်း ထုတ်ဖော် ပြောဆိုထားပါတယ်။ တဘက်မှာလည်း ထရမ့်က Zelensky ကို "မအောင်မြင်တဲ့ လူရွှင်တော်" ဆိုပြီးလည်း ခေါ်ဝေါ် ပြီး Zelensky က “အနိုင်မရနိုင်တဲ့ စစ်ပွဲ အတွက် အမေရိကန်ကို ဒေါ်လာဘီလီယံ ၃၅၀ သုံးစွဲခိုင်းတယ်” လို့ ပြစ်တင်ပါတယ်။

ဒါ့အပြင် “ဒီစစ်ပွဲက ဘယ်တုန်းကမှ စ မဖြစ်သင့်သလို “အမေရိကန်” နဲ့ "ထရမ့်" မပါဘဲ ဒီစစ်ပွဲကို အဆုံးသတ်မှာ မဟုတ်ဘူး” လို့လည်း ဆိုပါတယ်။ “Zelenskyy လုပ်တတ်တာ ဆိုလို့ စစ်ရေးအကူအညီပိုရဖို့ သမ္မတဟောင်း ဂျိုးဘိုင်ဒန်ကို 'လှည့်ဖြား ကစားတတ်တာ' ပဲ ရှိတယ်” လို့ ထရမ့်က ဝေဖန်ပါတယ်။ သူ့အနေနဲ့ ယူကရိန်း နိုင်ငံကို ချစ်ပေမယ့် “Zelenskyy က တော့ တိုင်းပြည်က ကောင်းကောင်း မအုပ်ချုပ်နိုင်ဘဲ နိုင်ငံကို ပျက်စီးစေပြီး သန်းနဲ့ချီတဲ့ မလိုအပ်ဘဲ လူတွေ အလဟသ သေဆုံးခဲ့ရသလို ဆက်ပြီးလည်း သေဆုံးရဖို့ ရှိနေတယ်” လို့ ထရမ့်က ပြောပါတယ်။

အမေရိကန်-ရုရှားတို့ကြား ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်ပြီး အင်္ဂါနေ့က ဆော်ဒီအာရေဗျမှာ လေးနာရီကျော်ကြာ ဆွေးနွေးပြီးနောက် စစ်ပွဲအဆုံးသတ်နိုင်ရေး နောက်တကြိမ် ထပ်တွေ့ဆုံဖို့ ရှိကြောင်း ထုတ်ပြန်ခဲ့အပြီးမှာ ဆွေးနွေးပွဲမှာ ယူကရိန်းကို ချန်လှပ်ခဲ့တဲ့အတွက် Zelenskyy က ဒေါသတကြီး တုံ့ပြန်ပြီးနောက်မှာ ထရမ့်ရဲ့ Zelensky အပေါ် အကဲဖြတ်ချက် ပြောဆိုချက် ထွက်ပေါ်လာတာပါ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဂ် (Sergey Lavrov) တို့ ဦးဆောင်တဲ့ ဆော်ဒီအာရေဗျ နိုင်ငံ ရီယဒ် မြို့တော်က ဆွေးနွေးပွဲကို ဖိတ်ကြားမခံရတဲ့ အတွက် Zelensky ရဲ့ မကြေမနပ် ပြောဆိုခဲ့တာနဲ့ ပတ်သက်လို့လည်း ထရမ့်က အင်္ဂါနေ့အစောပိုင်းက ပြန်လည် ဝေဖန်ခဲ့သလို ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ခဲ့တာ ဖြစ်ပေမယ့် ထရမ့်ကတော့ "ယူကရိန်း‌က စစ်ပွဲကို စတင်ခဲ့တယ်" ဆိုပြီးလည်း စွပ်စွဲခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG