ယူကရိန်းစစ်ပွဲအရေးနဲ့ပတ်သက်တဲ့ အရေးပေါ်အစည်းအဝေးကို ပြင်သစ်သမ္မတ Emmanuel Macron ကမကထလုပ်ပြီး ဥရောပခေါင်းဆောင်တွေနဲ့ ဒီကနေ့ ဖေဖေါ်ဝါရီ ၁၇ ရက်နေ့မှာ ပဲရစ်မှာ တွေ့ဆုံ ဆွေးနွေးဖို့ရှိပါတယ်။ ရုရှား-ယူကရိန်းစစ်ပွဲအရေးနဲ့ပတ်သက်လို့ ဥရောပအခန်းကဏ္ဍ ပါဝင်စရာ မလိုဘူးလို့ အမေရိကန်ဘက်ကပြောဆိုအပြီး ဥရောပခေါင်းဆောင်တွေ ခုလို သီးခြားတွေ့ဆုံ ဆွေးနွေး တာပါ။
ဒီဆွေးနွေးပွဲကို ဗြိတိန်၊ ဂျာမနီ၊ အီတလီ၊ ပိုလန်၊ စပိန်၊ နယ်သာလန်နဲ့ ဒိန်းမတ်ခေါင်းဆောင်တွေ တက်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။ NATO မြောက်အတ္တလန်တိတ်စစ်စာချုပ်အဖွဲ့ အကြီးအကဲ Mark Rutte ၊ ဥရောပကောင်စီဥက္ကဋ္ဌ Antonio Costa နဲ့ ဥရောပကော်မရှင် ဥက္ကဋ္ဌ Ursula von der Leyen တို့လည်း ဒီဆွေးနွေးပွဲ တက်ရောက်မှာပါ။
ဥရောပခေါင်းဆောင်တွေဟာ ယူကရိန်းကို ဆက်လက်ထောက်ပံ့ပေးသွားဖို့ ခုရက်ပိုင်းအတွင်း ကတိပြုပြောဆိုခဲ့ပြီး ဗြိတိန်ဝန်ကြီးချုပ် Keir Starmer ကလည်း စစ်ပွဲအလွန် ငြိမ်းချမ်းရေးထိန်းတပ် အဖြစ် ဗြိတိန်တပ်တွေ စေလွှတ်ဖို့ အဆင်သင့် ရှိကြောင်း Daily Telegraph မှာ တနင်္ဂနွေနေ့က ရေးသားပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio ဟာ ဒီကနေ့မှာ ဆော်ဒီအာရေးဘီးယားနိုင်ငံကို ရောက်ရှိနေပြီး ယူကရိန်းအရေးနဲ့ပတ်သက်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နဲ့ မနက်ဖြန် အင်္ဂါနေ့မှာ တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။
ယူကရိန်းသမ္မတ Volodymyr Zelenskyy ကတော့ ယူကရိန်းမပါဝင်ဘဲ အမေရိကန်နဲ့ ရုရှားတို့ ဆုံးဖြတ်ချက်တွေကို လုံးဝ လက်ခံမှာမဟုတ်ကြောင်း တနင်္ဂနွေနေ့က ထုတ်လွှင့်တဲ့ NBC Meet the press အစီအစဥ်မှာ ပြောကြားထားပါတယ်။ လွန်ခဲ့တဲ့သီတင်းပတ်အတွင်း အမေရိကန်သမ္မတ Donald Trump နဲ့ ဖုန်းပြောဆိုရာမှာ ပူတင်ဟာ ငြိမ်းချမ်းရေးလိုချင်သယောင် ဟန်ဆောင်နေတာသာ ဖြစ်တယ်လို့ ပြောဆိုခဲ့ကြောင်းလည်း ဇယ်လင်းစကီးက ပြောပါတယ်။ အမေရိကန်ရဲ့ စစ်ရေး အကူအညီမပါဘဲ ရုရှားကိုတိုက်ခိုက်ဖို့ အလွန့်အလွန်ခက်ခဲမှာ ဖြစ်ကြောင်းလည်း သူက ပြောပါတယ်။ သမ္မတဇယ်လင်းစကီးဟာ ဗုဒ္ဓဟူးနေ့မှာ ဆော်ဒီအာရေးဘီးယားကို သွားဖို့ရှိကြောင်း သမ္မတပြောခွင့်ရက AFP ကိုပြောပါတယ်။
၂၀၁၄ ခုနှစ်က ရုရှားတွေဝင်သိမ်းတဲ့ ခရိုင်းမီးယားကျွန်းဆွယ်အပါအဝင် နိုင်ငံတကာ အသိအမှတ်ပြုထားတဲ့ ယူကရိန်းရဲ့ နယ်မြေ ၂၀ ရာခိုင်နှုန်းကို ရုရှားက ကျူးကျော်သိမ်းပိုက်ထားတာပါ။
Forum