အမေရိကန်နဲ့ ရုရှားထိပ်တန်းသံတမန်တွေဟာ ဆော်ဒီအာရေဘီးယားနိုင်ငံမှာ ဒီကနေ့ တွေ့ဆုံပြီး ယူကရိန်းနဲ့ ရုရှားတို့ကြားကစစ်ပွဲ အဆုံးသတ်နိုင်ရေး ဆွေးနွေးခဲ့ကြပါတယ်။ ဒီတွေ့ဆုံပွဲမှာ အမေရိကန် သမ္မတ Donald Trump နဲ့ ရုရှားသမ္မတ Vladimir Putin တို့ကြား တိုက်ရိုက်ဆွေးနွေးနိုင်ဖို့ မူဘောင်တွေချမှတ်နိုင်ရေး ကနဦးခြေလှမ်းအဖြစ် နှစ်ဘက်လုံးကမျှော်လင့်ထားပါတယ်။
ဒီဆွေးနွေးပွဲမှာ အမေရိကဘက်က နိုင်ငံခြားရေးဝန်ကြီး Marco Rubio ဦးဆောင်ပြီး အမျိုးသား လုံခြုံရေးအကြံပေး Mike Waltz (မိုက်ခ် ဝေါ့လ်ဇ်) နဲ့ အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန် သံတမန် Steve Wikoff (စတိဗ် ဝစ်ကော့ဖ်) တို့ ပါဝင် ပါတယ်။ ရုရှားဘက်ကတော့ နိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နဲ့ ရုရှားသမ္မတ Putin ရဲ့ အကြီးတန်းလက်ထောက် Yuri Ushakov (ယူရီ အူရှာကော့ဗ်) တို့ပါဝင် ပါတယ်။
ယူကရိန်း ခေါင်းဆောင်တွေဘက်ကတော့ ဒီဆွေးနွေးပွဲအတွက် သူတို့ကိုဖိတ်ကြားခြင်းမခံရဘူးလို့ ပြောထားပေမဲ့ ယူကရိန်းသမ္မတ Volodymyr Zelenskyy ကတော့ လာမယ့် ဗုဒ္ဓဟူးနေ့မှာ ယူကရိန်း ဆိုင်ရာ အမေရိကန်သံတမန် Keith Kellogg (ကိသ် ကဲလော့ဂ်) နဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ရှိပါတယ်။
ခုလို အမေရိကန်နဲ့ ရုရှားကြား ထိတွေဆက်ဆံမှုတွေကြောင့် ဥရောပနိုင်ငံတွေရဲ့ လုံခြုံရေးအဓိက သော့ချက်ဖြစ်တဲ့ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး အနာဂါတ်ဆွေးနွေးပွဲတွေမှာ ယူကရိန်း ပါဝင်သင့် ကြောင်း ဥရောပခေါင်းဆောင်တွေက မကြာသေးခင်ရက်ပိုင်းကပဲ ပြောဆိုခဲ့ပါသေးတယ်။
ပြင်သစ်သမ္မတ Emmanuel Macron (အီမန်နျူရဲလ် မာကရွန်) ကလည်း ပြင်သစ်နိုင်ငံမှာလုပ်တဲ့ ဥရောပခေါင်းဆောင်တွေနဲ့ တနင်္လာနေ့က လုပ်တဲ့ အစည်းအဝေးမှာ ယူကရိန်းအတွက် ကာကွယ်ရေးအသုံးစရိတ်နဲ့ အလားအလာရှိတဲ့ လုံခြုံရေးအာမခံချက်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါသေးတယ်။
ယူကရိန်း သမ္မတ Zelenskyy ကလည်း ယူကရိန်းအတွက် ခိုင်မာပြီး လုံခြုံတဲ့အာမခံချက်မရှိပါက ရုရှားဟာ ယူကရိန်းကိုသာမက နောက်ထပ် ဥရောပနိုင်ငံတွေကိုပါ ကျူးကျော်လာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။
Forum