အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Marco Rubio ဟာ ဒီကနေ့ ဖေဖေါ်ဝါရီ ၁၇ ရက် တနင်္လာနေ့မှာ ဆော်ဒီအာရေးဘီးယားကို ရောက်နေပါတယ်။ ယူကရိန်း-ရုရှားစစ် အဆုံးသတ်ရေး ရုရှား ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိနေချိန်မှာပဲ ဝန်ကြီး ယူဘီရို ဆော်ဒီအာရေးဘီးယားကို ရောက်လာတာပါ။ ဒီကနေ့မှာ ဝန်ကြီး ရူဘီယိုဟာ ဆော်ဒီ အိမ်ရှေ့စံမင်းသား Mohammed bin Salman အပါအဝင် အဆင့်မြင့်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမယ်လို့ ခန့်မှန်းထားပါတယ်။
ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov နဲ့ သမ္မတရဲ့ နိုင်ငံခြားရေးဆိုင်ရာ မူဝါဒရေးရာ အကြံပေး Yuri Ushakov တို့လည်း အမေရိကန် အဆင့်မြင့်ကိုယ်စားလှယ်တွေနဲ့ အင်္ဂါနေ့မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိကြောင်း ရုရှားက သတင်းထုတ်ပြန်ပါတယ်။ ရုရှားကိုယ်စားလှယ်အဖွဲ့ ဆော်ဒီအာရေးဘီးယားကို ဒီကနေ့ ရောက်မှာဖြစ်ကြောင်းလည်း ရုရှအစိုးရ ပြောခွင့်ရ Dmitry Peskov က သတင်းထောက်တွေကို ပြောပါတယ်။
ယူကရိန်းသမ္မတ Volodymyr Zelenskiy လည်း ဒေသတွင်းမှာ ရောက်နေပြီး ဆော်ဒီအာရေးဘီးယားနဲ့ တူရကီနိုင်ငံတွေကို သွားဖို့ ရှိကြောင်း ပြောပါတယ်။ ဒါပေမယ့်လည်း ရက်အတိအကျ သတ်မှတ်ထား တာတော့ မရှိသေးပါဘူး။ သူ့အနေနဲ့ ရုရှား ဒါမှမဟုတ် အမေရိကန်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အစီအစဥ်မရှိသေးသလို ဆော်ဒီအာရေးဘီးယားမှာကျင်းပမယ့် ဆွေးနွေးပွဲတက်ရောက်ဖို့ ဖိတ်ကြားခံ ရဖို့ မရှိကြောင်း UAE နိုင်ငံကို ရောက်နေချိန်မှာ သမ္မတ ဇယ်လင်းစကီးက ပြောပါတယ်။
အမေရိကန်သမ္မတ Donald Trump က ရုရှားသမ္မတ Vladimir Putin နဲ့ လွန်ခဲ့တဲ့ သီတင်းပတ်က ဖုန်း ဆက်သွယ်ပြောဆိုပြီးနောက် နှစ်ဘက် အဆင့်မြင့်ကိုယ်စားလှယ်တွေ စစ်ပွဲအဆုံးသတ်ရေး ညှိနှိုင်းကြဖို့ ညွှန်ကြားခဲ့ပါတယ်။ ရုရှားယူကရိန်းစစ်ပွဲ အဆုံးသတ်ဖို့ဆိုပြီး ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးနေစဥ် ကာလမှာ သမ္မတ ထရမ့်က ကတိပြုထားတာပါ။
ဂါဇာအနာဂတ်အရေး ဆွေးနွေးကြရာမှာ အဓိကကျတဲ့နေရာကပါဝင်တဲ့ ဆော်ဒီအာရေးဘီးယား နိုင်ငံဟာ အမေရိကန်နဲ့ ရုရှားကြား အကျဥ်းသားလဲလှယ်နိုင်ရေးအတွက် ကူညီဆောင်ရွက်ခဲ့ပါတယ်။
Forum