ငြိမ်းချမ်းရေးကို သွားတဲ့ဖြစ်စဥ်ဟာ အစည်းအဝေးတကြိမ်နဲ့ ဖြတ်လို့ရတဲ့ကိစ္စ မဟုတ်ပါဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ရုရှား ယူကရိန်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ တနင်္ဂနွေနေ့က ပြောကြားလိုက်ပါတယ်။
ရုရှားသံတမန်တွေနဲ့ ဆွေးနွေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟာ ဆော်ဒီအာရေဗျခရီးစဥ်မှာ ခုလို ပြောလိုက်တာပါ။ ဗလာဒီမာ ပူတင်က ယူကရိန်းစစ်ပွဲကို တာရှည်တည်တံ့ပြီး မျှတတဲ့ နည်းလမ်းနဲ့ အဆုံးသတ်ရေးအတွက် ဆွေးနွေးဖို့ စိတ်ဝင်စား မစားကို လာမယ့်ရက်တွေ ရက်သတ္တပတ်တွေမှာ ကျနော်တို့ တွေ့မြင်ကြရမှာပါလို့ မာကို ရူဘီအိုက ပြောပါတယ်။
အမေရိကန်သမ္မတရဲ့ အရှေ့အလယ်ပိုင်း သံတမန် Steve Witkoff နဲ့ အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး Mike Waltz တို့ကလည်း ဆွေးနွေးပွဲတက်ဖို့ ဆော်ဒီအာရေးဗျနိုင်ငံကို သွားနေကြပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးရဲ့ ဖြစ်ကောင်း ဖြစ်လာနိုင်တဲ့ ခရီးစဥ်ကို ပြင်ဆင်ဖို့ တရားဝင်ကိုယ်စားလှယ်အဖွဲ့ဟာ ရီးယာ့ဒ်မြို့ကို ရောက်ရှိနေတယ်လို့ ယူကရိန်းဝန်ကြီးကလည်း ပြောပါတယ်။
မော်စကိုက ဘယ်သူ့ကို လွှတ်မယ်ဆိုတာ သူမသိသေးဘူးလို့ ရူဘီအိုက ပြောပါတယ်။ မျှော်လင့်တာကတော့ အဖွင့်ဆွေးနွေးပွဲမှာ စစ်အဆုံးသတ်ရေးအတွက် ယူကရိန်းလည်း ပါဝင်စကားပြောဖို့ ဖြစ်ပါတယ်လို့ ရူဘီအိုက ဆိုပါတယ်။
ယူကရိန်းမပါဘဲ ဘာဆုံးဖြတ်ချက်မှ မချသင့်ဘူးလို့ ယူကရိန်းသမ္မတ ဇယ်လန်စကီးက ပြောထားတာပါ။ တကယ့်ဆွေးနွေးပွဲမှာ ယူကရိန်းလည်း ပါရပါမယ်လို့ ရူဘီအိုက ပြောပါတယ်။
Forum