သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားကျူးကျော်စစ် ၃ နှစ်ပြည့်အဖြစ် ဥရောပခေါင်းဆောင်တွေ ယူကရိန်းမြို့တော်ရောက်ရှိ  


ယူကရိန်းနိုင်ငံ၊ Kyiv မြို့မှာကျင်းပတဲ့ ဥရောပခေါင်းဆောင်တွေနဲ့အစည်းအဝေး။ (ဖေဖော်ဝါရီ ၂၄၊ ၂၀၂၅)
ယူကရိန်းနိုင်ငံ၊ Kyiv မြို့မှာကျင်းပတဲ့ ဥရောပခေါင်းဆောင်တွေနဲ့အစည်းအဝေး။ (ဖေဖော်ဝါရီ ၂၄၊ ၂၀၂၅)

ရုရှားကယူကရိန်းကို ကျူးကျော်စစ်စတင်ဆင်နွဲခဲ့တဲ့ ၃ နှစ်ပြည့်နေ့မှာ ယူကရိန်းဘက်က အဓိက ရပ်တည် ထောက်ခံပေးခဲ့တဲ့ ဥရောပတိုက်ကခေါင်းဆောင်တွေ ယူကရိန်းကို ရောက်နေကြပါတယ်။ စစ်ပွဲ နှစ်ပတ်လည်နေ့အဖြစ် ယူကရိန်းသမ္မတ Volodymyr Zelensky ကမိန့်ခွန်း ပြောကြားရာမှာတော့ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရရှိဖို့ ရုရှားသမ္မတ Vladimir Putin က အလွယ်တကူ လိုက်လျောမှာ မဟုတ်ကြောင်း သတိပေးခဲ့တာပါ။

“ဒီနှစ်ဟာ ရေရှည်တည်တံ့တဲ့ တကယ့်စစ်မှန်တဲ့ငြိမ်းချမ်းရေးအတွက်နှစ် ဖြစ်သင့်ပါတယ်။ ပူတင်ကတော့ ငြိမ်းချမ်းရေးကို လက်ဆောင်အဖြစ်ပေးမှာမဟုတ်ပါဘူး၊ တခုခုနဲ့လည်း အလဲအလှယ် လုပ်မှာမဟုတ်ပါဘူး။ ကျနော်တို့ဟာ ကိုယ့်စွမ်းအား၊ အသိဉာဏ်၊ ညီညွတ်မှုတို့နဲ့အတူ ပူးပေါင်းဆောင်ရွက်ခြင်းနဲ့သာ ငြိမ်းချမ်းရေးကို ရရှိနိုင်မှာပါ” - လို့ ပြောသွားတာပါ။

Kyiv မြို့တော်ကို ရောက်နေတဲ့ ဥရောပကိုယ်စားလှယ်အဖွဲ့ကို ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen နဲ့ ဥရောပကောင်စီဥက္ကဋ္ဌ Antonio Costa တို့က ဦးဆောင်ခဲ့ကြတာပါ။ ယူကရိန်းနိုင်ငံဟာ ဥရောပတိုက်အတွင်းမှာ ရှိနေတဲ့အပြင် ဒီစစ်ပွဲဟာ ယူကရိန်းအတွက်သာမဟုတ်ဘဲ ဥရောပတိုက်ရဲ့ ရှင်သန် ရပ်တည်ရေးအတွက်ပါ အဆုံးအဖြတ်ပေးမယ့် စစ်ပွဲဖြစ်တာကြောင့် ယူကရိန်းကို ကူညီ ထောက်ပံ့ပေးနေတာ ဖြစ်တယ်လို့ ကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen က X လူမှုကွန်ယက်မှာ ရေးပါတယ်။

နိုင်ငံတကာက တက်ရောက်လာကြတဲ့အထဲမှာ ဖင်လန်၊ ဒိန်းမတ်၊ နော်ဝေး၊ ဆွီဒင်နိုင်ငံတွေက ခေါင်းဆောင်တွေအပြင် ကနေဒါဝန်ကြီးချုပ် Justin Trudeau တို့လည်း ပါဝင်ပါတယ်။

တချိန်တည်းမှာပဲ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ကလည်း ရုရှား-ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် ကမ္ဘာ့နိုင်ငံအသီးသီးက ဝိုင်းဝန်းလုပ်ဆောင်ကြရမှာဖြစ်ပြီး တရားမျှတပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး တည်ရှိဖို့လိုအပ်တယ်လို့ ယူကရိန်း-ရုရှားစစ်ပွဲ ၃ နှစ်ပြည့် နှစ်ပတ်လည်နေ့ ဒီကနေ့မှာ ပြောကြားလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG