နျူကလီးယား လျှပ်စစ်ထုတ်လုပ်ရေး စက်ရုံငယ်တခု တည်ဆောက်ဖို့ မြန်မာနဲ့ သဘောတူခဲ့တယ်လို့ သမ္မတပူတင်က အင်္ဂါနေ့မှာ ပြောကြောင်း အေပီသတင်းက ပြောပါတယ်။
နှစ်နိုင်ငံဆက်ဆံရေးက မှန်မှန်ကြီး ဖြစ်ပေါ်တိုးတက်နေတယ်လို့ ရုရှားသမ္မတ ပူတင်က စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ရုပ်မြင်သံကြားက ထုတ်လွှင့်ပေးနေတဲ့ အစည်းအဝေးမှာလည်း ပြောခဲ့ပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားသမ္မတ ပူတင်ကို ဘုရင်တပါး အလေးပြုသလို ပြုခဲ့တယ်လို့ အေအက်ဖ်ပီသတင်းက ရေးပါတယ်။
"သမ္မတကြီးရဲ့ ခိုင်မာ ပြတ်သားတဲ့ ခေါင်းဆောင်မှုအောက်မှာ အောင်ပွဲက သမ္မတကြီးအတွက် ဖြစ်မှာကို ကျနော် ယုံကြည်ပါတယ်" လို့ မင်းအောင်လှိုင်က ပူတင်ကို ပြောခဲ့တယ်လို့ သတင်းက ဆိုပါတယ်။
ဒေသစံတော်ချိန် အင်္ဂါနေ့ အစောပိုင်းက မြန်မာကိုယ်စားလှယ်အဖွဲ့ကို တွေ့ဆုံခဲ့ရာမှာ စွမ်းအင်၊ နျူးကလီးယား၊ သယ်ယူပို့ဆောင်ရေး၊ စိုက်ပျိုးရေးနဲ့ ဆက်သွယ်ရေး စီမံချက်တွေမှာ ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ဖို့ အလားအလာမြင်ရတယ်လို့ ရုရှားဝန်ကြီးချုပ် Mikhail Mishustin က ပြောပါတယ်။
စကစ ထုတ်ပြန်ချက်မှာလည်း အစည်းအဝေး တက်ရောက်သူတွေကို ဖော်ပြထားပြီး လက်မှတ်ထိုးတဲ့ စာချွန်လွှာတွေနဲ့ ပူပေါင်းဆောင်ရွက်ရေး ကဏ္ဍတွေကို ဖော်ပြထားပါတယ်။
ရုရှားအစိုးရပြောခွင့်ရ Dmitry Peskov ကလည်း မြန်မာနိုင်ငံဟာ အရှေ့အာရှဒေသမှာ အလွန်အရေးကြီးတဲ့ မိတ်ဖက်နိုင်ငံဖြစ်ပြီး ဆက်ဆံရေးတွေ တိုးမြှင့်နေကြောင်း ပြောဆိုထားပါတယ်။
Forum