သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ နဲ့ ရုရှား ပိုမိုနီးကပ်လာတဲ့ ဆက်ဆံရေး


မမြသဇင်အောင်နှင့် အယ်ဒီတာ ဦးကျော်ဇံသာ (အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်၊ ဧပြီလ ၃၊ ၂၀၂၄)
မမြသဇင်အောင်နှင့် အယ်ဒီတာ ဦးကျော်ဇံသာ (အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်၊ ဧပြီလ ၃၊ ၂၀၂၄)

မကြာသေးမီက စစ်ကောင်စီ ကျင်းပတဲ့ တပ်မတော်နေ့ အခမ်းအနားမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အင်အားကြီးနိုင်ငံတချို့ မြန်မာ့ပြည်တွင်းရေးမှာ ဝင်စွက်နေတယ်ဆိုပြီး အမေရိကန်နဲ့ တရုတ်တို့ကို စောင်းမြောင်းပြောကြားခဲ့ပါတယ်။ တချိန်တည်းမှာပဲ ရုရှား စစ်ဘက်အရာရှိကြီးတွေကိုတော့ ချီးမြှောက်ဂုဏ်ပြုခဲ့ပါတယ်။ ရုရှားနဲ့ စစ်ကောင်စီတို့ရဲ့ ပိုမိုနီးကပ်လာတဲ့ ဆက်ဆံရေးအခြေအနေကို အခုတပတ် အယ်ဒီတာနဲ့ ဆွေးနွေးခန်းအစီအစဉ်မှာ မမြသဇင်အောင် က ဦးကျော်ဇံသာကို မေးမြန်းဆွေးနွေးထားပါတယ်။

မမြသဇင်အောင် ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာ။ ပြီးခဲ့တဲ့ တပ်မတော်နေ့တုန်းက ရုရှားစစ်အရာရှိတွေကို ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်တွေ ပေးတာကို တွေ့ရပါတယ်။ ဒါက ဘယ်လောက်ထူးခြားမှု ရှိပါသလဲ။

ဦးကျော်ဇံသာ ။ ။ မင်္ဂလာပါ မြသဇင်။ ထူးခြားပါတယ်။ ဒီဂုဏ်ထူးဆောင်ဘွဲ့တံဆိပ် ပေးတာကတော့ အသွင်သဏ္ဌာန်အားဖြင့် Symbol ., symbolically အရေးကြီးပါတယ်။ ဘာရဲ့ အသွင်သဏ္ဌာန် ဘာရဲ့ သင်္ကေတလဲဆိုတော့ ရုရှားအပေါ်မှာ စစ်ကောင်စီက ဘယ်လောက်မှီခိုအားထားတယ်ဆိုတာကို ပြသလိုက်တဲ့ သဘောပါပဲ။ တဆက်တည်းမှာပဲ ရုရှားဘက်ကလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ပြန်ပေးတာကိုတွေ့တယ်။ နှစ်ဘက်က ဘယ်လောက်ရင်းနှီးချစ်ခင်မှု ရှိတယ်ဆိုတာကို ဖော်ထုတ်ပြသခြင်းဖြစ်တယ်။ ပိုပြီးတော့ ဒီကိစ္စ ပေါ်လွှင်သွားတာကတော့ သူ့ရဲ့တပ်မတော်နေ့ မိန့်ခွန်းထဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အင်အားကြီးနိုင်ငံတချို့က သူ့ကိုပုန်ကန်တဲ့ အင်အားစုတွေကို ကူညီအားပေးနေကြတယ်လို့ ပြောတော့၊ အင်အားကြီးနိုင်ငံတွေလို့ပြောတာက တရုတ်နဲ့ အမေရိကန်ကို ပြောတာပါ။ နာမည်မတပ်ဘဲ အဲဒီလို ရှုတ်ချလိုက်တယ်ဆိုတော့၊ အဲဒီ နှစ်နိုင်ငံကို ရှုတ်ချလိုက်တဲ့ တပြိုင်တည်းမှာ ရုရှားကို ဒီလိုမြှောက်‌ပေးတယ်ဆိုတော့ ရုရှားက ဘယ်လောက်ထိ သူတို့အတွက် အရေးကြီးနေတယ်ဆိုတာကို ပြသရာ ဖြစ်ပါတယ်။ ဒီဟာက အင်မတန် ထူးခြားပါတယ်။ လူတွေက ရုရှားနဲ့ စစ်ကောင်စီက ပိုပြီးတော့ ချစ်ခင်ရင်းနှီးနေကြပါလားဆိုကို ဒီကိစ္စမှာ ပိုပြီးပေါ်လွှင်လာစေတယ်လို့ ယူဆပါတယ်။

မေး ။ ။ လက်ရှိမှာ စစ်ကောင်စီကို ကူညီနေတာက ရုရှားအပြင် တရုတ်လည်း ရှိပါတယ်။ တရုတ်ကျတော့ ဒီလိုမျိုး ဂုဏ်ပြုတာ မတွေ့ရဘူး။ ဘာကြောင့်ပါလဲ။

ဖြေ ။ ။ တရုတ်ကို ဂုဏ်ပြုဖို့နေနေသာသာ စောစောကပြောသလို ရှုတ့်ချတဲ့ထဲမှာတောင် တရုတ်ကိုပါထည့်ပြီး ရှုတ့်ချထားတယ်။ ဆူပူသောင်းကျန်းသူတွေကို ကူညီအားပေးတယ် ဆိုပြီးတော့။ ဘာ့ကြောင့်လဲဆိုတော့ တရုတ်က ရုရှားလောက် စစ်‌ကောင်စီရဲ့ အားထားလောက်တဲ့ လူ မဟုတ်ပါဘူး။ တရုတ်ကို သူတို့ မယုံပါဘူး။ တကယ်တော့ မတည့်အတူနေပေါ့လေ။ မပေါင်းမဖြစ်လို့ ပေါင်းနေရတဲ့ သဘောသာ ဖြစ်ပါတယ်။ တရုတ်က သူတို့အပေါ်မှာ ဘယ်လို လုပ်နေတယ်။ တိုင်းရင်းသားတွေနဲ့ ပေါင်းပြီးတော့ စစ်ကောင်စီကို လိုချင်သလို ဆွဲခိုင်းနေတယ် ဆိုတာကို စစ်ကောင်စီက သိတယ်။ အဲ့ဒါကြောင့် တရုတ်ကို သူတို့က မကြိုက်ပါဘူး။ သို့သော်လဲပဲ တရုတ်ကို မလှန်ရဲလို့သာ လက်သင့်ခံနေရတာ ဖြစ်ပါတယ်။ ရုရှားနဲ့တော့ မတူဘူးလေ။ ရုရှားကတော့ စစ်ကောင်စီကို တဘက်သတ် ပုံအောထောက်ခံနေတယ်ဆိုတာ တွေ့ရပါတယ်။ ရုရှား အကူအညီနဲ့ တရုတ် အကူအညီကလည်း မတူနိုင်သလို၊ ရုရှားကို သူတို့ အားကိုးသလောက် တရုတ်ကို အားမကိုးဘူး။ မယုံကြည်ဘူးမှန်း ပေါင်းသင်းဆက်ဆံနေရတယ်ဆိုတာ သိပ်ပေါ်လွင်ပါတယ်။

မေး ။ ။ တကယ်တမ်း ပြောရမယ်ဆိုရင်က မြန်မာက တရုတ်အတွက် ပိုပြီးမှ မဟာဗျူဟာအရ သိပ်ကိုအရေးပါတဲ့ နေရာမှာ ရှိတယ် မဟုတ်ဘူးလား။ ဘာကြောင့် ရုရှားလောက် မကူညီတာပါလဲ။

ဖြေ ။ ။ တရုတ်က ဘာကြောင့် မကူညီလဲဆိုတော့ မြန်မာနိုင်ငံဟာ တရုတ်အတွက် အရေးကြီးတာဟာ Geopolitics ပထဝီဝင်နိုင်ငံရေးအရ နိုင်ငံတည်ရှိမှုအရ အရေးကြီးတာ။ ပထဝီနိုင်ငံရေးအရ အိန္ဒိယသမုဒ္ဒရာ၊ ဘင်္ဂလားပင်လင်အော်ကို ထွက်ဖို့အတွက် မြန်မာနိုင်ငံကို ဖြတ်ရမယ်။ မြန်မာနိုင်ငံရဲ့ တည်ရှိမှုက အရေးကြီးတာ စစ်ကောင်စီက အရေးကြီးတာ မဟုတ်ဘူး။ ရုရှားအတွက် စစ်ကောင်စီက ပထဝီနိုင်ငံရေးအရအပြင် စစ်ကောင်စီက ပိုပြီးတော့ အရေးကြီးတယ်။ ဥပမာအားဖြင့် သူတို့ ရုရှားကို စစ်ကောင်စီက ရုရှားကျူးကျော်စစ်၊ ယူကရိန်းကို ကျူးကျော်တာ စစ်ကောင်စီက ထောက်ခံတယ်။ ရှားရှားပါးပါး အာဆီယံထဲမှာ တနိုင်ငံထဲ တကမ္ဘာလုံး ထောက်ခံတဲ့ နည်းနည်းလေးထဲမှာ စစ်ကောင်စီ ပါတယ်။ သို့ပေမဲ့ မြန်မာနိုင်ငံမှာသာ စစ်ကောင်စီ မဟုတ်ဘဲ၊ ဒီမိုကရေစီအစိုးရဆို ထောက်ခံမှာ မဟုတ်ဘူး။ NUG တောင်မှပဲ ရုရှားက ယူကရိန်းကို ကျူးကျော်တာ ကုလသမဂ္ဂမှာ ရှုံ့ချတဲ့ထဲမှာပါတယ်။ NUG က လက်ခံထားတဲ့ မြန်မာကိုယ်စားလှယ်က အဲ့ဒီလို ပြောသွားတယ်။ ရုရှားကို ထောက်ခံတာ စစ်ကောင်စီက ထောက်ခံတာဆိုတော့ ရုရှားအတွက် စစ်ကောင်စီက အစိုးရကိုယ်က အရေးကြီးတယ်။ တရုတ်ကျတော့ စစ်ကောင်စီက အရေးမကြီးဘူး။ ဘယ်အစိုးရတက်တက် မြန်မာနိုင်ငံ တည်ရှိနေသမျှ ကာလပတ်လုံး သူကတော့ မြန်မာနိုင်ငံကို ခွကျော်ပြီး ထွက်ပေါက်ရ‌အောင် လုပ်နေမှာ။ သူ့အကျိုးစီးပွားအတွက် သူ ကစားနေမှာသာ ဖြစ်ပါတယ်။ ဆိုတော့ စစ်ကောင်စီနဲ့ တိုင်းပြည်အပေါ်ကို ဘယ်အရာကို အလေးထားလဲဆိုတာ ကွာပါတယ်။ ရုရှားက စစ်ကောင်စီကို အလေးထားတယ် တရုတ်က နိုင်ငံကို အလေးထားတာ ဖြစ်ပါတယ်။ တရုတ်ကလည်း မကူညီဘူးလို့ ပြောနိုင်ပါတယ်။

မေး ။ ။ မြန်မာနဲ့ ပတ်သက်ပြီးတော့ တရုတ်နဲ့ ရုရှားကြားမှာ ပြဿနာ မတက်လာနိုင်ပါဘူးလား။

ဖြေ ။ ။ သူတို့ထဲမှာတော့ လုံး၀ မြန်မာနိုင်ငံကို ပိုင်ချင်တာကတော့ ကြီးဆိုးချင်တာကတော့ တရုတ်က ပိုပြီးကြီးစိုးချင်တာပေါ့။ သို့သော်လဲပဲ စစ်အေးပြီးတဲ့အခါမှာ ဗီယက်နမ်က ရုရှားရဲ့ အဓိက ခြေကုတ်စခန်း၊ အရှေ့တောင်အာရှမှာ ရှိနေတာက ပဲ့ထွက်သွားတယ်။ အမေရိကနဲ့လည်း ဆက်ဆံတဲ့ ဗီယက်နမ်ဟာ သိပ်အားကိုးမရတဲ့အချိန် မြန်မာနိုင်ငံသည် ရုရှားအတွက် သိပ်အားကိုးရမယ့် ခြေကုတ်စခန်း ဖြစ်လာတယ်။ ဆိုတော့ ဒီကိစ္စမှာ ရုရှားက ပိုပြီးတော့ ခြေကုတ်ယူမယ်လို့၊ တရုတ်က မကျေလည်မှုတော့ စိတ်ထဲမှာ ရှိမှာပဲ။ သို့သော်လဲပဲ သူတို့ ၂ နိုင်ငံရဲ့ ဘုံအကျိုးစီးပွား၊ နိုင်ငံရဲ့ ဘုံအကျိုးစီးပွား အဓိက ဘာလဲဆိုတော့ အမေရိကန်နိုင်ငံကို ဆန့်ကျင်ဖို့ပဲ ဖြစ်ပါတယ်။ အမေရိကန်နဲ့ တရုတ်ဟာ Non-conflict tension သိပ်ပြင်းထန်တယ်။ ပဋိပက္ခတော့ မဖြစ်ဘူး။ ဒါပေမဲ့ တင်းမာမှုဟာ သိပ်ပြင်းထန်တယ်။ ထိုနည်းလည်းကောင်း ရုရှားနဲ့ အမေရိကန်ကကြတော့ Conflict ပါတဲ့ တင်းမာမှု သိပ်ဖြစ်နေတဲ့အခါကြတော့ ရုရှားနဲ့ တရုတ် ၂ ခုလုံးအတွက် အမေရိကန်ဟာ အဓိက ဘုံ Target ဖြစ်နေတယ်။ ကမ္ဘာကြီးမှာ အခုလက်ရှိ ကမ္ဘာနိုင်ငံရေး အခင်းအကျင်းကလည်း Monopolar system တနိုင်ငံထဲက လက်ဝါးကြီး အုပ်ထားတဲ့ ကမ္ဘာအခင်းအကျင်းကို အမေရိကန်က လက်မလွှတ်ချင်ဘူး။ စစ်ရေးမှာ သူအနိုင်ရခဲ့ပြီထဲက ကမ္ဘာအခင်းအကျင်းကို သူပဲ ချယ်လှယ်ချင်တဲ့ သဘောရှိတယ်။ ဒီဟာကို တရုတ်နဲ့ ရုရှားတို့က ဖြတ်လိုက်ချင်တယ်။ Multipolar အဲ့ဒီလို ဖြစ်သွားစေချင်တယ်။ အမေရိကန်လက်ထဲမှာဘဲ မရှိစေချင်ဘူး။ အဲ့ဒီအတွက်လည်း သူတို့ ပြိုင်ကြတာ ဖြစ်တယ်။ အမေရိကန်ကို ချိူးနှိမ်တဲ့ အရေးမှာကြတော့ တရုတ်ကော၊ ရုရှားကော ၂ နိုင်ငံလုံး သဘောတူညီတယ်။ လောလောဆယ်မှာတော့ မြန်မာ့ကိစ္စကို ထိပ်တန်းတင်ပြီးတော့ သူတို့နှစ်နိုင်ငံကြား ပဋိပက္ခမရှိဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။

မေး ။ ။ နောက်တခုကတော့ အမေရိကန် Congress ကနေ မြန်မာနိုင်ငံ Burma Act အရပေါ့နော် မြန်မာနိုင်ငံကို ပေးမယ့်အကူအညီဟာ ၁၂၁ သန်းဆိုပြီးတော့ သိရပါတယ်။ အဲ့ဒီတော့ ဒါက ဘယ်လောက်ထိ ထိရောက်မှုရှိပါသလဲ။ ရုရှားက စစ်ကောင်စီကို ပေးနေတဲ့ အကူအညီတွေနဲ့ နှိုင်းယှဥ်မယ်ဆိုရင် ဘယ်လိုအနေအထား ရှိပါသလဲ။

ဖြေ ။ ။ လုံးဝမယှဥ်သာပါဘူး။ ရုရှားပေးတဲ့ စစ်ကောင်စီ အကူအညီနဲ့ အမေရိကန်ကပေးတဲ့ ၁၂၁ သန်းဟာ အဓိကကတော့ စစ်ပြေးဒုက္ခသည်တွေ၊ နိုင်ငံနယ်စပ်ကို ထွက်ပြေးရတဲ့ စာနာမှုအကူအညီ လိုအပ်တဲ့လူတွေကို အများကြီးပေးမှာ သန်းပေါင်း ၇၀ လား ခွဲပေးတယ်။ ကျန်တာကလည်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုင်ရာ၊ ဖက်ဒရယ်စနစ်ဆိုင်ရာ သူတို့ရဲ့ Knowledge အသိပညာ လေ့ကျင့်ပေးမှုတွေသာ ဖြစ်တယ်။ Non lethalလို့ ဆိုတဲ့နေရာမှာ စစ်ရေးနဲ့ အကာအကွယ်ပေးတာတော့ မပါဘူး။ ဆိုတော့ ဒီဟာက သိပ်ထိရောက်တဲ့ အကူအညီတော့ မဟုတ်ပါဘူး။ ဒါကြီးကို လက်မထောင်ပြီးတော့ အမေရိကန်က ငါတို့ကိုပေးတဲ့ အကူအညီဆိုပြီးတော့ ပြောလို့မရတဲ့ အကူအညီပါ။ သို့သော် ရုရှားကပေးတဲ့ အကူအညီက သိပ်များပြားပါတယ်။ ရုရှားနဲ့ မြန်မာ စစ်ကောင်စီဆက်ဆံရေးကို ကဏ္ဍ ၄ မျိုး ခွဲပြီးတော့ ပညာရှင်တွေက သတ်မှတ်ကြပါတယ်။

ပထမဦးဆုံးတခုက Diplomacy သံတမန်ရေးအရ စောစောကပြောခဲ့သလိုဘဲ ယူကရိန်းကို ရုရှားက ကျူးကျော်တယ်။ မြန်မာက ထောက်ခံတယ်။ ထိုနည်းလည်းကောင်းပဲ ရုရှားက မြန်မာနိုင်ငံကို ကုလသမဂ္ဂမှာ ကူညီပေးတယ်၊ ဆိုတော့ အဲဒါက အရေးကြီးတယ်။ နောက် Defense စစ်ရေးအရ လက်နက်တွေအများကြီး အကူအညီ ပေးတယ်။ တဘက်သတ်ပေးနေတာနော် ရုရှားက သူတို့ကို ဆန့်ကျင်တဲ့ သူတွေကို မပေးဘူး။ နောက်ပြီးတော့ Energy နျူကလီးယား တောင်ပေးဖို့ သူတို့ အပြင်းအထန် လုပ်နေကြတယ်။ နောက်ပြီးတော့ Commerce and Tourism အဲဒါလည်းပဲ ရုရှားက ကူညီပေးတာတွေက အဆမတန်များပြားပါတယ်။ အမေရိကန်ကပေးတဲ့ အကူအညီကတော့ သိပ်ပြီးတော့ မဆိုသလောက်သာ ဖြစ်ပါတယ်။ ရုရှားကပေးတဲ့ အကူအညီကြောင့် စစ်ကောင်စီက ဒီလောက်ထိ ရပ်တည်နေနိုင်တာလို့ ပြောရမှာ ဖြစ်ပါတယ်။ သိပ်အရေးကြီးပါတယ်။ ကွာပါတယ်? သိပ်နှိုင်းယှဥ်လို့ မရအောင်ကွာပါတယ်။

မေး ။ ။ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ထည့်ပြောသွားတာက သူ့လက်ထက်မှာ စီးပွားရေးက ဦးမော့လာတယ်လို့တောင် ပြောသွားပါတယ်။ ဒီတော့ ပိတ်စို့ဒဏ်ခတ်မှုတွေက သိပ်မထိရောက်ဘူးဆိုတဲ့ သဘောပါလား။

ဖြေ ။ ။ လူတွေက ပြောကြတယ် Joke of the Year ဆိုပြီးတော့။ လုံး၀ရယ်စရာပါပဲ။ ဦးမော့လာတယ်ဆိုတော့ ပဲ့ကနစ်သွားတာပေါ့။ လူတွေ တော်တော်များများ မှတ်ချက်ရေးကြတယ်။ အဲ့ဒီလို လူတွေ‌ရေးတာတွေ့တော့ ကျနော် သတိရတယ်။ Titanic ရုပ်ရှင်ကားမှာလေ ဦးမော့လာပြီးတော့ ပဲကနစ်သွားကာ သင်္ဘာကြီးဆုံးဆုံး နစ်သွားတာလေ။ မြန်မာနိုင်ငံဟာ စီးပွားရေး ဦးမော့လာတယ်လို့ ဘယ်အချက်အလက်ကို ထောက်ပြပြီး ပြောလေသလဲ ကျနော် ထမသိပါဘူး။ ဘယ်စီးပွားရေးပညာရှင်ကမှလည်း ဒါကို ထောက်ခံပြီး ဟုတ်တယ်လို့ မပြောကြပါဘူး။ သူကတော့ တဖက်သတ် ဦးမော့လာတယ်လို့ ပြောခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံစီးပွားရေးက သိပ်ကိုကျဆင်းနေတဲ့ အချိန်သာ ဖြစ်ပါတယ်။ သို့သော်လည်းပဲ ဒီအခြေအနေမှာ သူတို့မှာ ရုရှားဘက်က အကူအညီပေးတာ ရှိတယ်။ စီးပွားရေးအားဖြင့် ထိခိုက်တော့ ထိခိုက်တယ်ပေါ့လေ ဖိအားတွေအားဖြင့်။ သို့သော်လည်း သူတို့က ထွက်ပေါက်တွေက ပြင်ထားတယ်။ အထူးသဖြင့် အခုနောက်ဆုံး ကြားရတာက ‌ဒေါ်လာနယ်ပယ်က ကြီးစိုးထားတာ ကမ္ဘာမှာ အဲ့ဒါကို ယှဉ်ဖို့အတွက် BRICS ဆိုတဲ့ နိုင်ငံတွေ - အဲဒီမှာ BRICS ဆိုတာ ဘာလဲ - Brazil, Russia, China, India, South Affrica စတဲ့ နိုင်ငံတွေမှာ အဲ့ဒီထဲမှာ အဲ့နိုင်ငံတွေက ဒေါ်လာနဲ့ ယှဥ်ပြီးတော့ သူတို့က Common Currency တခု ငွေကြေးတရပ်ကို ထူထောင်ပြီးတော့ အမေရိကန်ဒေါ်လာရဲ့ သြဇာအောက်က ရုန်းထွက်ဖို့ ကြိုးစားကြတယ်။ အဲ့ဒီအဖွဲ့ထဲမှာ အဲ့ဒါကို လက်ခံဖို့ဆိုပြီးတော့ မြန်မာနိုင်ငံစစ်ကောင်စီက တက်တက်ကြွကြွ ပါဝင်ဆက်သွယ်နေပါပြီ။ စစ်ကောင်စီရဲ့ ဒုတိယ ဘဏ္ဍာရေးဝန်ကြီးဆိုသူက သတင်းစာတွေကို ပြောတာတွေ့ပါတယ်။ မီဒီယာတွေကို သူတို့က ဒီဟာကို တက်တက်ကြွကြွ လိုလားတယ် ထောက်ခံတယ်ဆိုပြီးတော့။ အဲ့ဒီမှာပါတဲ့လူတွေက ကန့်ကွက်စရာ မရှိဘူး။ အဲ့ဒီမှာကြည့်လိုက်ရင် ပါတာက ရုရှား ပါတယ်။ တရုတ် ပါတယ်။ အိန္ဒိယပါတယ်ဆိုကတည်းက ဒီဟာတွေက စစ်ကောင်စီကို ကြိုဆိုမှာဘဲ။ ဒီဟာကလည်း စစ်ကောင်စီကို အမေရိကန်။ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးပိတ်စို့ ဒဏ်ခတ်ငွေကြေးအရ ဒဏ်ခတ်မှုတွေက ထွက်ပေါက်ရရှိနိုင်တဲ့ နည်းလမ်းတခု ဖြစ်တယ်လို့ ပြောရမှာပါဘဲ။

မေး ။ ။ ဒီနေရာမှာ တခြားဒီမိုကရေစီ နိုင်ငံတွေက -- ဥပမာဆိုရင် အိန္ဒိယကတော့ ဒဏ်ခတ်ပိတ်စို့တာတွေလုပ်လာနိုင်ပါသလား။

ဖြေ ။ ။ ဘယ်လိုမှ မလုပ်လာနိုင်ပါဘူး။ အိန္ဒိယက အမြဲတမ်းဆင်ခြေပေးတယ်။ ငါတို့က စစ်ကောင်စီကို ဖိလိုက်ရင် စစ်ကောင်စီ တရုတ် ရင်ခွင်ထဲကို လုံး၀ရောက်သွားမယ်၊ တွန်းမပို့လိုက်ချင်ဘူး။ အခုဆိုရင် စစ်ကောင်စီကို လက်နက်တောင် ထောက်ပံ့တယ်ဆိုပြီး ပြီးခဲ့တဲ့ ၁/၂ ရက်ကပဲ တွေ့တယ်။ စစ်ကောင်စီကို အိန္ဒိယက လက်နက်တောင် ပေးနေတယ်ဆိုတော့၊ တနည်းပြောရရင်တော့ တချို့သုံးသပ်ကြသလိုပေါ့ အိန္ဒိယက တရုတ်နဲ့ မခင်ဘူး။ ရုရှားနဲ့ သိပ်ခင်တယ်ဆိုတာ ရုရှားနဲ့ တကြိတ်ထဲတညဏ်ထဲပါ။ ဒါပေမယ့် ရုရှားလောက် ပေါ်ပေါ်ထင်ထင် လုပ်လို့မကောင်းဘူးဆိုတဲ့ ကိစ္စရှိလို့သာ ပေးနေတယ်။ သို့သော်လည်းပဲ စစ်ကောင်စီကိုတော့ သူတို့က ပိုပြီးတော့ လိုလိုလားလား ရှိတယ်။ ဘယ်လိုမှ အိန္ဒိယလို နိုင်ငံမျိူးက အနောက်တိုင်းနိုင်ငံတွေနဲ့ ပေါင်းပြီးတော့ မြန်မာနိုင်ငံကို ပြင်းပြင်းထန်ထန် ဖိအားပေးလာစရာ မရှိဘူးလို့ ထင်ပါတယ်။

မေး ။ ။ ဒါဆိုရင်မြန်မာ့အရေးပြေလည်ဖို့အတွက်က နောက်ဆုံးအားကိုးစရာက အာဆီယံဘဲရှိတယ်ဆိုရင် ဘယ်လိုပြောပါမလဲ။

ဖြေ ။ ။ ပြည်ပကို အားကိုပြီးတော့ ပြဿနာ ပြေလည်မလားလို့ စဥ်းစားရင်တော့ အာဆီယံက တာ၀န်အရှိဆုံးဆိုပြီးတော့ ကမ္ဘာနိုင်ငံတွေကလည်း သူ့ကိုပဲ ၀ိုင်းတွန်းနေကြတယ်။ ကုလသမဂ္ဂနဲ့ အမေရိကန်၊ တရုတ်တို့က အာဆီယံ မင်းလုပ်ဆိုပြီး သူကိုပဲ ရှေ့တန်းတင်တယ်ဆိုတော့ အာဆီယံက တာ၀န်အရှိဆုံးပါ။ ဒါပေမဲ့ အာဆီယံကိုယ်တိုင်က မညီညွှတ်ကြဘူး။ တချို့က ခပ်တင်းတင်း လုပ်ချင်တယ်။ အခု ဥက္ကဌ ဖြစ်လာတဲ့ လာအိုက သူများတွေ ဆရာလုပ်တာကို မလိုချင်ဘူး။ 'Troika' သုံးပွင့်ဆိုင် ဥက္ကဌ လုပ်တာကိုတောင် သိပ်မလိုချင်ဘူး။ သူ့ဟာသူ ဆုံးဖြတ်ချင်တဲ့သဘော ရှိတယ်လို့ အင်ဒိုနီးရှား ဥက္ကဌ ဖြစ်တုန်းက ပစ်ပယ်ထားတဲ့ ဘယ်သူမှ မဖိတ်ဘူးဆိုတာကို လာအို လက်ထဲမှာကြတော့ နိုင်ငံရေးမဟုတ်တဲ့ အတွင်း၀န်ကို ပိုခဲ့တယ်။ လာအိုကတော့ ပိုပြီးတော့ သက်သက်ညှာညှာ ဆက်ဆံချင်တဲ့ သဘောရှိတယ်။ အာဆီယံလည်းပဲ အားကိုးလို့မရဘူးလို့ ထင်ပါတယ်။ တကယ်တမ်းအားကိုးရမှာက ကိုယ့်ပြည်တွင်းပြည်သူတွေရဲ့ သဘောထား၊ အင်အားက အဓိက အကျဆုံးဆိုတာ အမှန်ဆုံးပါပဲ။ နိုင်ငံတကာကို ဘယ်လို သုံးမယ်ဆိုရင်တော့ ကျနော့်အမြင်ပြောရရင် စစ်ကောင်စီထက် Better the placement ငါတို့ တက်လာမယ့် အစိုးရသည် နောင်တက်လာမယ့် ဒီမိုကရေစီဆန်မယ့် အစိုးရသည် စစ်ကောင်စီထက် သာလွန်ကောင်းမွန်သော အစိုးရ၊ နိုင်ငံတကာအတွက်လည်း ပိုပြီးအဆင်ပြေစေရမယ့် မြန်မာပြည်သူအတွက်လည်း ပိုပြီးလွတ်လပ်မှုတဲ့ တိုင်းရင်းသားတွေ ကျေနပ်တဲ့ အဲ့ဒီလို ပိုပြီကောင်းမွန်တဲ့ အစိုးရမျိုး ဖြစ်ရမယ်ဆိုတဲ့ ပုံစံ Role မျိုးရအောင်၊ ပြီးတော့ နိုင်ငံတကာရဲ့ အခင်းအကျင်းနဲ့ ဆက်ဆံရမှာ ဖြစ်တယ်လို့ မြင်ပါတယ်။ အဲ့ဒါကတော့ အကောင်းဆုံး ထွက်ပေါက် ဖြစ်ပါလိမ့်မယ်။

မေး ။ ။ ဟုတ်ကဲ့ပါ ဦးကျော်ဇံသာရှင် အခုလို ဆွေးနွေးသုံးသပ်ပေးတာကို ကျေးဇူးတင်ပါတယ်။

Forum

XS
SM
MD
LG