သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားသမ္မတနဲ့ မြန်မာစစ်ခေါင်းဆောင် တွေ့ဆုံဖို့ရှိ


(မှတ်တမ်းပုံဟောင်း) စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်တို့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၇ ရက် တုန်းက အရှေ့ဖျား စီပွားရေးဖိုရမ် ဘေးပန်းမှာ တွေ့ဆုံခဲ့စဥ်။ ဓာတ်ပုံ - Valery SHARIFULIN / SPUTNIK / AFP)
(မှတ်တမ်းပုံဟောင်း) စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်တို့ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၇ ရက် တုန်းက အရှေ့ဖျား စီပွားရေးဖိုရမ် ဘေးပန်းမှာ တွေ့ဆုံခဲ့စဥ်။ ဓာတ်ပုံ - Valery SHARIFULIN / SPUTNIK / AFP)

ရုရှားသမ္မတ ဗလာဒီမီယာပူတင်ဟာ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မတ်လ ၄ ရက်နေ့ တွေ့ဆုံမယ်လို့ ရုရှားသမ္မတရုံးက ကြေညာပါတယ်။ သူတို့နှစ်ဦးတွေ့ဆုံပြီး နှစ်နိုင်ငံအကျိုးရှိမယ့် ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်ရေးအပြင် နိုင်ငံတကာကိစ္စတွေကိုလည်း ဆွေးနွေးဖို့ရှိပါတယ်။

တရားဝင် ခရီးစဥ် အဖြစ် ရုရှားနိုင်ငံကို လာရောက်မယ့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ အကျိုးဖြစ်ထွန်းမယ့် ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်ရေး အလားအလာတွေအပြင် နိုင်ငံတကာ ကိစ္စရပ်တွေကို ဆွေးနွေးကြမည်လို့ ထုတ်ပြန်ပါတယ်။

ဆွေးနွေးပွဲအပြီးမှာ ပူးတွဲကြေညာချက်တရပ်ကို ထုတ်ပြန်ဖို့ ရှိကာ အစိုးရ အဖွဲ့နဲ့ ဌာနဆိုင်ရာ သဘောတူညီချက်တွေကိုလည်း လက်မှတ်ရေးထိုးဖို့ စီစဉ်ထားတယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ ဖေဖော်ဝါရီ ၂၈ ရက် ထုတ်ပြန်ချက်မှာတော့ ရုရှားကို သွားရောက်မယ့် နေ့စွဲကို ဖော်ပြမထားဘဲ နိုင်ငံတော် အဆင့် တရာဝင် ချစ်ကြည်ရေး ခရီး မကြာခင် သွားရောက်မယ်လို့ ဆိုပါတယ်။ ခရီးစဥ်အတွင်းမှာ ရုရှား သမ္မတ၊ ဝန်ကြီးချုပ်နဲ့ ဒူးမား လွှတ်တော် ဥက္ကဋ္ဌတို့နဲ့ တွေ့ဆုံပြီး ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေး ဆိုင်ရာ ကဏ္ဍပေါင်းစုံမှာ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှု ဆိုင်ရာ ကိစ္စရပ်တွေ ပိုမို တိုးတက်ခိုင်မာအောင် ဆွေးနွေးဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့တုန်းက ရုရှား စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီး Maxim Reshetnikov ရဲ့ နေပြည်တော် ခရီးစဥ် အတွင်းမှာ ထားဝယ် အထူးစီးပွားရေးဇုန်မှာ ရေနက်ဆိပ်ကမ်းနဲ့ ရေနံချက်စက်ရုံ တည်ဆောင်ရေးအပါအဝင် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး စာချွန်လွှာကို လက်မှတ် ရေးထိုးခဲ့အပြီးမှာ အခု စစ်ခေါင်းဆောင်ရဲ့ ရုရှား ခရီး ဖြစ်လာတာပါ။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီနဲ့ ရုရှား နိုင်ငံတို့ဟာ ရင်းနှီးတဲ့ မဟာမိတ် ဆက်ဆံရေး ဆက်ရှိနေပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာလည်း ရုရှားကို မကြာခဏ သွားလေ့ရှိပါတယ်။

၂၀၂၂ ခုနှစ်တုန်းက ရုရှားမှာ ကျင်းပတဲ့ စီးပွားရေး ဖိုရိမ် တခုကို စစ်ခေါင်းဆောင် တက်ရောက်ရာမှာ ရုရှား သမ္မတ ပူတင်နဲ့လည်း လူချင်း တွေ့ဆုံခဲ့ဖူးပါတယ်။ စစ်အာဏာသိမ်း ပြီးနောက်ပိုင်း နိုင်ငံတကာရဲ့ ပိတ်ဆို့ အရေးယူမှုကို ခံခဲ့ရတဲ့ မြန်မာ စစ်တပ် ခေါင်းဆောင်ရဲ့ ၂၀၂၅ ခုနှစ် ရုရှား ခရီးစဥ်မှာ သမ္မတ ပူတင်နဲ့ တွေ့ဆုံမှာကတော့ ဒုတိယ အကြိမ် အဖြစ် နှစ်နိုင်ငံ တရားဝင် ခရီးစဥ် အတွင်း တွေ့ဆုံမှု ဖြစ်လာပါတယ်။

အစဥ်အလာ အားဖြင့် မြန်မာ စစ်တပ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတဲ့ ရုရှားဟာ ၂၀၂၁ ခုနှစ် နောက်ပိုင်းမှာလည်း အဆက်မပြတ် ဆက်လက် ထိတွေ့ဆက်ဆံနေပြီး နှစ်နိုင်ငံကြား လေယာဥ် အပါအဝင် စစ်လက်နက် ပစ္စည်း ရောင်းဝယ်မှုတွေ ဆက်ရှိနေပါတယ်။

မြန်မာနိုင်ငံရဲ့ အဓိက စီးပွားမြို့တော်ဖြစ်တဲ့ ရန်ကုန်ကို ဓာတ်ငွေ့ပိုက်လိုင်းတည်ဆောက်မှုပါ အဝင် စွမ်းအင် ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုတွေ အတွက် ဆွေးနွေးမှုတွေလည်း ရှိနေပါတယ်။ ရုရှားဟာ မြန်မာနိုင်ငံမှာ နျူကလီးယား သုတေသန ဓာတ်ပေါင်းဖိုတခု ပြုလုပ်ဖို့ အစီအစဉ်တွေ ချမှတ်ထားတယ်လို့လည်း လေ့လာသူတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

ဆက်စပ်သတင်းများ ...

XS
SM
MD
LG