မြန်မာနိုင်ငံတွင်းမှာ Toyota က ကားတပ်ဆင် ထုတ်လုပ်ရေး စက်ရုံဖွင့်တော့မယ်လို့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဂျပန် သတင်းတွေမှာ တနင်္ဂနွေနေ့က ဖော်ပြနေကြပါတယ်။
Toyota ကားတပ်ဆင်တဲ့ စက်ရုံကိုတော့ ရန်ကုန်မြို့က သီလ၀ါ အထူးစီးပွားရေးဇုံမှာ လုပ်မှာ ဖြစ်ပြီး ကနဦး အနေနဲ့ တနှစ်ကို pickup truck အစင်းရေ ၁ သောင်းကျော်လောက် ထုတ်မှာ ဖြစ်ပါတယ်။ ကနဦး ရင်းနှီးမြှုပ်နှံမှု အနေနဲ့ ဒေါ်လာ သန်း ဆယ်ဂဏန်းလောက် ရှိမှာ ဖြစ်ပြီး တရားဝင် ကြေညာချက်ကတော့ ဒီလကုန်လောက် ထုတ်မယ်လို့ မျှော်လင့်ထားကြပါတယ်။
မြန်မာနိုင်ငံတွင်းကို ပြည်ပက Pickup ကားတွေ တင်သွင်းမယ်ဆိုရင်တော့ အထူးလိုင်စင်ကြေးက ၄၀ ရာခိုင်နှုန်းကျော် ကျသင့်မှာ ဖြစ်ပြီး ပြည်တွင်းထုတ် ကားတွေဆိုရင်တော့ အခွန်ကင်းလွတ်ခွင့်ရထားပါတယ်။
ဒါ့အပြင် မြန်မာ အစိုးရက လက်ယာမောင်းကားတွေ တင်သွင်းမှုကိုလည်း ကန့်သတ်လိုက်တာကြောင့် တချိန်က ဂျပန် ကားဟောင်းတွေ တင်သွင်းမှုကလည်း ထက်ဝက်ကျော် ကျဆင်းသွားပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် အတွင်း မြန်မာနိုင်ငံမှာ ကားသစ် ရောင်းချရမှုက ၂ ဆမြင့်တက်လာပြီး ကားအစင်းရေ ၁ သောင်း ၇ ထောင်နီးပါး ရောင်းချရခဲ့ပါတယ်။ မြန်မာနိုင်ငံတွင်း ကား တပ်ဆင် ထုတ်လုပ်ရေး လုပ်ငန်းတွေကိုတော့ ဆူဇူကီး၊ ဖိုဒ့်နဲ့ Hyundai တို့ ရှိနေပြီး ဖြစ်ပါတယ်။ အများစုကတော့ ပြည်ပကနေ မော်တော်ယာဉ် ပစ္စည်းတွေ သယ်ယူလာပြီး မြန်မာနိုင်ငံတွင်းက စက်ရုံတွေမှာ တပ်ဆင်တာ ဖြစ်ပါတယ်။