အမေရိကန်သမ္မတ Donald Trump ရဲ့ ပြည်ထောင်စုအစိုးရဝန်ထမ်းအရေအတွက် လျှော့ချရေး အစီအစဉ်အရ အသစ်ငှားရမ်းထားတဲ့ အစမ်းခန့် ဝန်ထမ်းအားလုံးနီးပါးကို အလုပ်ကနေရပ်ဆိုင်းမှု စတင်လုပ်ဆောင်နေပါပြီ။
အစိုးရဝန်ထမ်း အပြည့်အဝ မဖြစ်သေးဘဲ လုပ်သက် ၁ နှစ်အောက် အစမ်းခန့်ဝန်ထမ်းအားလုံးကို အလုပ်ကနေရပ်ဆိုင်းဖို့ ဝန်ထမ်းစီမံခန့်ခွဲရေးရုံး OPM ကနေ အစိုးရဌာနအသီးသီးကို မနေ့က ညွှန်ကြားခဲ့ပါတယ်။ အစိုးရဌာနအသီးသီးမှာ ဝန်ထမ်းအင်အား အကြီးအကျယ်လျှော့ချမှုတွေ နောက်ထပ် ဖြစ်လာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။ ဝန်ထမ်းစီမံခန့်ခွဲရေးရုံးရဲ့စာရင်းတွေအရ ၂၀၂၄ မတ်လကနေ စတင်ဌားရမ်းခဲ့တဲ့ အစမ်းခန့်ဝန်ထမ်း နှစ်သိန်းနှစ်သောင်း (၂၂၀,၀၀၀) ကျော် ရှိပါတယ်။ ဝန်ထမ်းအင်အားတွေလျှော့ချဖို့ အမိန့်ကို သမ္မတ Trump အင်္ဂါနေ့က လက်မှတ်ရေးထိုးခဲ့ပြီး ဌာနအသီးသီးအနေနဲ့ ဝန်ထမ်းအင်အားအများအပြားလျှော့ချဖို့အတွက်ပြင်ဆင်ကြဖို့ကိုလည်း ပြောကြားခဲ့ပါတယ်။
အစိုးရအသုံးစရိတ်လျှော့ချပြီး လုပ်ငန်းတွေ မြန်ဆန်ထိရောက်စေရေးဆောင်ရွက်ဖို့ သမ္မတ Trump ခန့်အပ်ထားတဲ့ ဘီလျံနာသူဌေး Elon Musk ကလည်း အစိုးရဌာနအများအပြားကို တယောက်မချန် လုံးဝဖျက်ပစ်ဖို့ လိုအပ်တယ်လို့ ကြာသပတေးနေ့က ပြောကြားခဲ့ပါတယ်။ ဝန်ထမ်းတွေကို ပေါင်းပင် တွေနဲ့ ဥပမာပေးပြီး အမြစ်ကမရှင်းရင် ပြန်ပေါက်နိုင်တယ်ဆိုတာနဲ့ ဥပမာပေးပြီး အာရပ်စော်ဘွားများ ပြည်ထောင်စု ဒူဘိုင်းမြို့တော်မှာကျင်းပတဲ့ ကမ္ဘာ့နိုင်ငံများညီလာခံမှာ အွန်လိုင်းပေါ်ကနေ ပြောကြားခဲ့ပါတယ်။
အစိုးရဝန်ထမ်းတွေအနေနဲ့ ၈ လထောက်ပံ့ ကြေးယူပြီး မိမိသဘောအလျောက် နုတ်ထွက်ခွင့်တင်ဖို့ ကမ်းလှမ်းချက်အတွက် စာရင်းပေးလျောက်ထားသူ ခုနစ်သောင်းခွဲ (၇၅,၀၀၀) ရှိတယ်လို့ ဗုဒ္ဓဟူးနေ့မှာ သမ္မတအိမ်ဖြူတော်က ထုတ်ပြန်ပါတယ်။ သမ္မတ Trump အစိုးရဟာ အစိုးရလုပ်ငန်းသုံးစရိတ် အများအပြားလျှော့ချနိုင်ဖို့ ရည်ရွယ်လုပ်ဆောင်နေတာဖြစ်သလို အစိုးရဌာနတွေမှာ ငွေကြေး အလွဲသုံးစားလုပ်မှုတွေကို တိုက်ဖျက်နေတာဖြစ်တယ်လို့ သမ္မတ Trump ကပြောဆိုထားပါတယ်။
နိုင်ငံတော်လုံခြုံရေးနဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ဆိုင်တဲ့လုပ်ငန်းတွေကိုတော့ လျှော့ချမှုမှာ မပါဘူးလို့ အစိုးရက ပြောထားပါတယ်။
Forum