သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-ထိုင်း သဘောတူထားတဲ့ မြန်မာဒုက္ခသည်ခေါ်ယူရေး ရပ်ဆိုင်းနေ 


ထိုင်း-မြန်မာ နယ်စပ်က မယ်လဒုက္ခသည်စခန်း မြင်ကွင်း။
ထိုင်း-မြန်မာ နယ်စပ်က မယ်လဒုက္ခသည်စခန်း မြင်ကွင်း။

အမေရိကန်က ဒုက္ခသည်ခေါ်ယူတဲ့ အစီအစဉ်ကို ရပ်ဆိုင်းလိုက်တာဟာ ထိုင်းနဲ့ အမေရိကန်ကြား ပြီးခဲ့တဲ့နှစ်က သဘောတူညီခဲ့တဲ့ မြန်မာ ဒုက္ခသည်မိသားစုတွေ ထောင်ပေါင်းများစွာ အမေရိကန်ပြည်ထောင်စုမှာ အခြေချနေထိုင်ခွင့် ပြုဖို့ အစီအစဉ် တခုလုံးကိုပါ ရပ်သွားစေခဲ့တယ်လို့ ဒုက္ခသည်စခန်းတွေနဲ့ နယ်စပ်ရေးရာ ကိစ္စတွေကို ကြီးကြပ်တဲ့ ထိုင်းလွှတ်တော် ကော်မတီ အကြီးအကဲ Rangsiman Rome က ဗွီအိုအေကို ပြောပါတယ်။

ထိုင်းနဲ့မြန်မာ နယ်စပ်တလျှောက် ထိုင်းနိုင်ငံတွင်းက ဒုက္ခသည်စခန်း ၉ ခုမှာ မြန်မာဒုက္ခသည် ၉ သောင်းလောက် ရှိပါတယ်။ မြန်မာနိုင်ငံတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ မြန်မာစစ်တပ်ကြား ဆယ်စုနှစ်နဲ့ချီ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသူတွေ ပါဝင်သလို၊ တချို့က ၁၉၈၀ ပြည့်လွန်ကာလတွေ ကတည်းက ဒုက္ခသည်စခန်းတွေ ထဲမှာ နေထိုင်နေကြသူတွေ ဖြစ်ပါတယ်။ အများစုက ကရင်လူနည်းစုတွေပါ။

ဒီလို ဒုက္ခသည်တွေကို အမေရိကန်မှာ အခြေချ နေထိုင်ခွင့် ပြုဖို့ ထိုင်းနဲ့ အမေရိကန် အစိုးရကြား တနှစ်ကျော် ဆွေးနွေးမှုတွေ လုပ်ခဲ့ရပြီး အဲ့ဒီနောက် ပြီးခဲ့တဲ့ နှစ်ထဲမှာ သဘောတူညီချက် ရယူခဲ့တာ ဖြစ်ပါတယ်။ ဒုက္ခသည် ဘယ်နှစ်ဦးအထိ အမေရိကန်မှာ အခြေချ နေထိုင်ခွင့် ပြုယူမယ်ဆိုတာကိုတော့ အမေရိကန်နိုင်ငံခြားရေး ဌာနက မပြောခဲ့ပါဘူး။

ဒါပေမဲ့ တနှစ်ကို ဒုက္ခသည် ၁ သောင်းအထိ ခေါ်ယူနိုင်တဲ့အကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR ဌာနဝန်ထမ်းတွေက သူတို့ကို ပြောပြခဲ့တဲ့ အကြောင်း ကော်မတီ အကြီးအကဲ ထိုင်းလွှတ်တော်အမတ် Rangsiman နဲ့ အကူအညီပေးရေး ဝန်ထမ်း တဦးက ဗွီအိုအေကို ပြောပါတယ်။ ကုလသမဂ္ဂ ကတော့ ဒါနဲ့ပတ်သက်ပြီး ငြင်းဆိုတာ၊ အတည်ပြုတာ မရှိပါဘူး။

ဒုက္ခသည်ခေါ်ယူရေး အစီအစဉ် ပထမအသုတ် အနေနဲ့ ပြီးခဲ့တဲ့နှစ် ဇူလိုင်လထဲမှာ ဒုက္ခသည် မိသားစု ၂၅ စု အမေရိကန် ပြည်ထောင်စုမှာ အခြေချနေထိုင်ခွင့် ရခဲ့ပါတယ်။ ဒါပေမဲ့ ဒီအစီအစဉ်ကို သမ္မတ Donald Trump က ဇန်နဝါရီလ ၂၀ ရက်နေ့မှာ သမ္မတ အမိန့်နဲ့ ဆိုင်းငံ့လိုက်တာ ဖြစ်ပါတယ်။

ကန်-ထိုင်း သဘောတူထားတဲ့ မြန်မာဒုက္ခသည်ခေါ်ယူရေး ရပ်ဆိုင်းနေ 
please wait

No media source currently available

0:00 0:01:23 0:00
တိုက်ရိုက် လင့်ခ်

Forum

ဆက်စပ်သတင်းများ ...

XS
SM
MD
LG