အမေရိကန်ပြည်ထောင်စုကနေပေးနေတဲ့ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေ ရုတ်တရက် ရပ်ဆိုင်းလိုက်တဲ့အတွက် ထိုင်းမြန်မာနယ်စပ်မှာ အကူအညီလိုတဲ့ မြန်မာတွေကို ပေးနေတဲ့ ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းတွေ အခက်ကြုံနေကြပါတယ်။ ရိုက်တာသတင်းဆောင်းပါးကို အခြေခံပြီး ကိုဇော်မိုးကျော် တင်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုကနေ ပေးနေတဲ့အကူအညီတွေကို ပြန်လည်စီစစ်ဖို့အတွက်ဆိုကာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမိန့်နဲ့ ရုတ်တရက်ရပ်ဆိုင်းလိုက်တဲ့အတွက် ထိုင်းမြန်မာနယ်စပ်မှာ စစ်ပြေး ဒုက္ခသည်တွေသောင်းနဲ့ချီနေထိုင်နေတဲ့ မယ်လဒုက္ခသည်စခန်းက ဆေးရုံ၊ ဆေးခန်းတွေလည်း ရုတ်တရက်ရပ်ဆိုင်းသွားပါတယ်။
ဒါကြောင့်လူနာတချို့ကို အနီးအနားမှာရှိတဲ့ ထိုင်းအစိုးရဆေးရုံတွေကိုပို့ရပါတယ်။ အဲဒိအထဲမှာ အသက် ၈၆ နှစ်အရွယ် နှလုံးရောဂါခံစားနေရတဲ့ ဒေါ်အဘီတယောက်လည်း ပါဝင်ပါတယ်။ သူ့ကို ထိုင်း နယ်စပ်မြို့ ထပ်ဆောင်ရမ်း ဆေးရုံကိုပို့လိုက် ရပါတယ်။ ပြီးခဲ့ဖေဖေါ်ဝါရီလ ၄ ရက်နေ့ အင်္ဂါနေ့က သူ့ကိုဆေးရုံက အရေးပေါ်ကုသမှုတွေပေးခဲ့ရပါတယ်။ သူ့လိုဘဲ ဒုက္ခသည်စခန်းက အခြားလူနာ တွေကိုလည်း နီးစပ်ရာထိုင်းဆေးရုံတွေကိုလွှဲပြောင်းပေးပို့ပေးရပါတယ်။
မယ်လဒုက္ခသည်စခန်းမှာ လူနာတွေကိုကုသပေးနိုင်ဖို့ လုံလောက်တဲ့အနေအထားမရှိတာကြောင့် ထပ်ဆောင်ရမ်းဆေးရုံမှာ လာရောက်ကုသပေးနိုင်အောင် အရေးပေါ်စီစဉ်ပေးထားတယ်လို့ ဆေးရုံရဲ့ညွန်ကြားရေးမှူး ဒေါက်တာ တဝချိုင် ယဉ်တဝီဆတ် (TAWATCHAI YINGTAWEESAK) ကပြောပါတယ်။
“တချို့ လူနာတွေနဲ့ ရောဂါဝေဒနာတွေဟာ ဒုက္ခသည်စခန်းမှာ ကုသပေးဖို့အခက်အခဲရှိပါတယ်။ တချို့ ရှုပ်ထွေးတဲ့ ရောဂါဝေဒနာမျိုးတွေကို ဒုက္ခသည်စခန်းက ဆေးမှုတွေအနေနဲ့ ကုသပေးဖို့အခက်အခဲ ရှိတာ၊ ဒါမှမဟုတ် ပစ္စည်းကရိယာ မလုံလောက်တာ စတဲ့အခက်အခဲတွေရှိပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့နေ့က ဒုက္ခသည်စခန်းမှာ အရေးပေါ်လူနာတင်ယဉ်တ စီးထားပေးဖို့ဆွေးနွေးပြီး စီစဉ်ပေးထားပါတယ်။”
မယ်လဒုက္ခသည်စခန်းမှာ ဝက်ရူးပျံရောဂါကြောင့် သတိလစ်လဲကျပြီး ဒဏ်ရာတွေရရှိထားတဲ့ အသက် ၄၅ နှစ်ရွယ် ဦးမောင်လေးကိုလည်း ထပ်ဆောင်ရမ်းဆေးရုံကိုပို့ထားရပါတယ်။
ဆေးဝယ်သောက်စရာငွေမရှိသလို၊ ဒုက္ခသည်စခန်းမှာဆေဝါးမရှိဘူးဆိုရင်လည်း ဒုက္ခသည်တွေ သေဆုံးမှုတွေနဲ့ကြုံ ရနိုင်တယ်လို့ ဦးမောင်လေးကပြောပါတယ်။
“ဘာတွေဖြစ်မလဲတော့မသိဘူး၊ ကျနော်တို့မှာ ဆေးဝယ်စရာ ပိုက်ဆံလည်းမရှိဘူး၊ စခန်းမှာ ဆေးမရှိဘူးဆိုရင်တော့ ကျနော်တို့အကုန်သေကုန်မှာပဲ။”
အမေရိကန်အစိုးရရဲ့ နိုင်ငံတကာအကူအညီပေးရေးအေဂျင်စီတခုဖြစ်တဲ့ USAID ကနေတဆင့် နှစ်စဉ်လူသား ခြင်းစာနာမှုဆိုင်ရာအကူအညီတွေအတွက် ဒေါ်လာဘီလီယံနဲ့ချီပေးနေပါတယ်။ ဒီအကူအညီတွေကို ပြန်လည်စီစစ်သုံး သပ်ဖို့အတွက် သမ္မတဒေါ်နယ်ထရန့်က အကူအညီပေး နေတာတွေကိုခေတ္တရပ်ဆိုင်းထားဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် ဒီအပေါ်မှီခိုအားထားနေရတဲ့ ကမ္ဘာဝှမ်းကအစီစဉ်တွေဟာလည်းရုတ်တရက်ရပ်ဆိုင်းသွားပါတယ်။
အခုလို နိုင်ငံရပ်ခြားအကူအညီတွေ ဆိုင်းငံ့ထားရတာဟာ အမေရိကန်ရဲ့နိုင်ငံရပ်ခြားအကူအညီတွေ အမှန်တကယ် လိုအပ်နေသူတွေထံ အမှန်တကယ် ရောက်/ မရောက် ပြန်စိစစ်ဖို့ လိုအပ်တာကြောင့် ဖြစ်ပြီး အမေရိကန်ရဲ့ အကူအညီတွေဟာ အမေရိကန်အကျိုးစီးပွါးကို ဗဟိုပြုရမယ်လို USAID ရဲ့ ယာယီအကြီးအကဲအဖြစ် တာဝန်ပေးအပ်ခြင်း ခံရတဲ့ နိုင်ငံခြားရေးဝန်ကြီး Marco Rubio ပြောထားပါတယ်။
မြန်မာနိုင်ငံကစစ်ပွဲတွေကြောင့် ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ဆယ်စုနှစ်ပေါင်းများစွာ ခိုလှုံနေရတဲ့ သိန်းနဲ့ချီတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေကို အမေရိကန်ရဲ့ ကူညီထောက်ပံ့ငွေ အများစုနဲ့ နိုင်ငံတကာကြက်ခြေနီအဖွဲ့ IRC က လုပ်ဆောင်ပေး နေတာပါ။ လက်ရှိရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ IRC ကတော့ မှတ်ချက်ပေးပြောဆိုဖို့ ငြင်းဆိုထားပါတယ်။
ဒုက္ခသည် ၃ သောင်းလောက်ခိုလှုံနေတဲ့ မယ်လဒုက္ခသည်စခန်းမှာ IRC ကလုပ်ကိုင်နေတဲ့ ဆေးရုံတရုံနဲ့ ဆေးပေးခန်း ၂ ခုရှိပါတယ်။ ဆရာဝန်အရေအတွက်အနည်းငယ်သာရှိပြီး၊ ဆေးဝန်ထမ်း ၅၀ လောက်နဲ့ စေတနာ့ဝန်ထမ်း ၁၀၀ လောက်က ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနေတာဖြစ်ပါတယ်။
ထပ်ဆောင်ရမ်းဆေးရုံက ဒေါက်တာ တဝချိုင် ယဉ်တဝီဆတ် (TAWATCHAI YINGTAWEESAK ) ကအခုလိုရှင်းပြပါတယ်။
“မယ်လဒုက္ခသည်စခန်းမှာ အဓိက ကျန်းမာရေးစောင့်ရှောက်မှုပေးနေသူတွေကတော့ ဆေးမှူးတွေပဲ ဖြစ်ပါတယ်။ သူတို့ကို တနှစ်ခွဲလောက်လေ့ကျင့်သင်ကြားပေးထားတာပါ။ ကုသမှုနဲ့ပတ်သက်လို့ သူတို့မှာအကန့်အသတ်တွေရှိပါတယ်။ ပုံမှန်ကတော့ IRC ကထားပေးတဲ့ ဆရာဝန်နှစ်ယောက် ရှိပါတယ်။ ဆေးဝန်ထမ်းတွေက မြန်မာတွေဖြစ်တဲ့အတွက် ဒုက္ခသည်တွေနဲ့ပြောဆိုဆက်ဆံနိုင်ပါတယ်။ အလုပ်ချိန်တွေရဲ့ ပြင်ပမှာတော့ ဆရာဝန်တွေမရှိပါဘူး၊ ဆရာဝန်တွေက မဲဆောက်ကိုပြန်ကြရပါတယ်။ ဆရာဝန်တွေကကြီးကြပ်ညွန်ကြားပေးတဲ့သဘောပါပဲ။ လူနာတွေကိုတိုက်ရိုက်ကုသပေး နိုင်တဲ့အနေအထားမရှိပါဘူး။”
အမေရိကန်အစိုးရက အကူအညီတွေရုတ်တရက်ရပ်လိုက်ပြီးနောက် ဒုက္ခသည်တွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ထိုင်းနိုင်ငံကျန်းမာရေးဌာနရဲ့ဆေးရုံဆေးခန်းတွေကနေ အကူအညီပေးသွား မယ်လို့ထိုင်းဒုတိယဝန်ကြီးချုပ် အနုတင် ချန်ဝီရာကူ Anutin Charnvirakul ကပြီးခဲ့တဲ့ ရက်သတ္တ ပတ်ထဲတုန်းကပြောဆိုခဲ့ပါတယ်။
အမေရိကန်အစိုးရရဲ့ အကူအညီတွေရပ်တန့်သွားတဲ့အတွက် ထိုင်းဆေးရုံဆေးခန်းတွေကနေ ဒုက္ခသည် တွေအတွက် အရေးပေါ်အကူအညီပေးတာတွေတုန့်ပြန်ဆောင်ရွက်နေပေမဲ့ ရေရှည် ကူညီထောက်ပံ့ ဖို့တော့ အခက်အခဲတွေရှိ နိုင်တယ်လို့ ထပ်ဆောင်ရမ်း ခရိုင်အုပ်ချုပ်ရေးမှုး ကနပေါင် ဖစ်ဖက် မွန် တြီခွန် Kannapong Phiphatmontrikun ကပြော ဆိုခဲ့ပါတယ်။
Forum