သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်အကူအညီ ဆိုင်းငံ့မှုအပေါ် မြန်မာမီဒီယာသမားတွေ စိုးရိမ်


သတင်းဌာနမီဒီယာများ သတင်းယူနေကြစဉ်
သတင်းဌာနမီဒီယာများ သတင်းယူနေကြစဉ်

အမေရိကန်သမ္မတ Donald Trump အစိုးရက နိုင်ငံတကာ အကူအညီပေးရေးအစီအစဉ်တွေ ဆိုင်းငံ့လိုက်တာကြောင့် မြန်မာသတင်းမီဒီယာလုပ်ငန်းတွေမှာ ထိခိုက်မှာကို စိုးရိမ်နေကြပါတယ်။ အမေရိကန်ရဲ့ အထောက်အပံ့ရရှိထားကြတဲ့ သီးခြားလွတ်လပ်တဲ့ သတင်းလုပ်ငန်းတွေမှာ အကူအညီတွေ ဆက်မရတော့ဘူးဆိုရင် ထိခိုက်နစ်နာမှုတွေ ကြီးမားနိုင်တယ်လို့လည်း ခန့်မှန်းနေကြတာပါ။ အမေရိကန်အကူအညီ ဆိုင်းငံ့မှုကြောင့် ရိုက်ခတ်လာနိုင်ခြေအပေါ် ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

အမေရိကန်ရဲ့ နိုင်ငံရပ်ခြားကိုအကူအညီပေးတဲ့ ဖွံ့ဖြိုးရေးစီမံကိန်းအားလုံးနီးပါးအတွက် အသုံးစရိတ် တွေ ပြန်သုံးသပ်မှာဖြစ်တာကြောင့် အဲဒီစီမံကိန်းတွေအတွက် ထောက်ပံ့ပေးမှုကို ရက်ပေါင်း ၉၀ ဆိုင်းငံ့ထားလိုက်ပါတယ်။ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ နိုင်တကာဖွံ့ဖြိုးရေး အေဂျင်စီ (USAID )ရဲ့ ထောက်ပံ့မှုကိုရယူနေတဲ့ သတင်းမီဒီယာလုပ်ငန်းတွေ၊ ပညာရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာမှု ဆိုင်ရာနဲ့ ဒုက္ခသည်အကူအညီပေးရေးတွေလုပ်ငန်းတွေအတွက် ထောက်ပံ့ငွေတွေလည်း ဆိုင်းငံ့ခံရတဲ့ အထဲပါဝင်ခဲ့တာပါ။ ဒါကြောင့်လည်း အမေရိကန်အစိုးရက ထောက်ပံ့တဲ့အကူအညီတွေအပေါ် မှီခိုရပ်တည်နေရတဲ့ မြန်မာ့သတင်းမီဒီယာလုပ်ငန်းတွေအတွက် ဆက်လက် လည်ပတ်နိုင်ဖို့ ကြီးမားတဲ့ အခက်အခဲ ဖြစ်လာပါတယ်။

လွတ်လပ်တဲ့ သတင်းဌာနတခုဖြစ်တဲ့ မဇ္ဈိမသတင်းဌာနဟာဆိုရင်လည်း အထောက်အပံ့တွေ ချက်ခြင်း ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း၊ USAID ရဲ့ အကူအညီတွေ တဆင့်ခံပေးနေတဲ့ Internews က အကြောင်းကြားခဲ့တာပါ။

အလားတူ အခက်အခဲ ကြုံရတဲ့အထဲမှာ Western News သတင်းဌာန လည်း ပါပါတယ်။ Western News သတင်းဌာန တည်ထောင်သူတဦးလည်းဖြစ်၊ အယ်ဒီတာချုပ်တဦးလည်းဖြစ်တဲ့ ဦးဝဏ္ဏခွာညို ကတော့ အမေရိကန်အစိုးရရဲ့ အကူအညီပေးမှုတွေ ဆိုင်းငံ့လိုက်တာက မြန်မာ့သတင်းမီဒီယာဖွံ့ဖြိုးမှု၊ သတင်းလွတ်လပ်ခွင့်၊ သတင်းသိပိုင်ခွင့်တွေကို အကြီးအကျယ်ထိခိုက်စေတယ်လို့ VOA ကို ပြောပြပါတယ်။

“အထူးသဖြင့်ကတော့ regional media တွေ၊ အလယ်အလတ်ဖြစ်နေတဲ့ မီဒီယာ တော် တော်များများဆိုရင် တော်တော်လေးရပ်တည်ရနိုင်ဖို့ ခက်ခဲသွားတယ်။ ရိုက်ခတ်မှုက ဘာဖြစ်လာလဲဆိုတော့ ရှိတဲ့ဝန်ထမ်းတွေလျှော့ချရတာတို့၊ ပြီးတော့ ၂၀၂၅ ဆွဲထားတဲ့ plan တွေကို လုံးဝ လျှော့လိုက်ရတဲ့ဟာတွေဖြစ်လာတယ်။ အရမ်းအန္တရာယ် ကြီးလှတဲ့ အနေအထားဖြစ်လာတယ်။ မြေပြင်မှာ သတင်းထောက်တွေဆက်မခန့် နိုင်တော့ဘူး။ ဝန်ထမ်းတွေ ဆက်မထားနိုင်တော့ဘူး။ သတ်မှတ်ထားတဲ့အရည်အသွေး၊ အရည်အချင်း၊ အရေအတွက်တွေကို သတ်မှတ်ကာလမှာ မထားနိုင်တော့ဘူးဆိုရင် နောက်ဆက်တွဲ အကျိုးအနေနဲ့ မြေပြင်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စစ်ကောင်စီကဖြစ်ဖြစ်၊ တခြားလက် နက်ကိုင်အဖွဲ့တွေကပဲ ဖြစ်ဖြစ် မီဒီယာသမားအနေနဲ့ ဒါတွေကို ဖော်ပြခွင့် မရဘူး။ ဖော်ပြလို့မရဘူးဆိုရင် ဆုံးရှုံးမှုတွေက ပြည်သူအတွက် ပို ရိုက်ခတ်လာနိုင်တာ ပေါ့နော်။ သတင်းသိပိုင်ခွင့်ဆိုရင် ဒီအပေါ်မှာ ပိုပြီး ဆုံးရှုံးနစ်နာမှုတွေရှိလာမယ်လို့ ကျနော်တို့သုံးသပ်မိတယ်။”

စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းကတည်းက ပြည်တွင်းက မီဒီယာတော်တော်များများကို ပိတ်ပင်တာ၊ ဖမ်းဆီးတာ၊ သတင်းသမားတွေကိုဖမ်းတာတွေကြောင့် ပြည်တွင်းသတင်းမီဒီယာ တော်တော်များများ ထိုင်းနယ်စပ်ကို ပြောင်းရွှေ့ပြီး လုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်ခဲ့ရပါတယ်။ သတင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်ဖို့ နိုင်ငံတကာအကူအညီတွေနဲ့နယ်စပ်နေရာမှာ ရသလို ပြန်လည်ရပ်တည်နေရတဲ့အကြောင်း သတင်းသမားတွေက ပြောပါတယ်။

Delta News Agency ကိုတည်ထောင်သူလည်းဖြစ်၊ အယ်ဒီတာချုပ်တဦးလည်းဖြစ်တဲ့ ကိုစိုးရကတော့ ဒီအခြေအနေက လက်ရှိအခက်အခဲတွေကြားက ရပ်တည်နေရတဲ့ သတင်း မီဒီယာလောကကို အား လျော့စေတယ်လို့ ခုလိုပြောဆိုလိုက်ပါတယ်။

“ကျနော်တို့တွေ...အာဏာသိမ်းပြီးကတည်းက သတင်းမီဒီယာတွေရဲ့ ရပ်တည်ချက် အမှီအခိုကင်းဖို့ တွေနဲ့ ဝင်ငွေတွေက ဥရောပနဲ့အမေရိကန်အထောက်အပံ့တွေနဲ့ပဲ ကျနော်တို့တွေက အလုံးစုံ ရာနှုန်းပြည့် ရှေ့ဆက်နေရတာ။ အဲထဲမှာမှ အမေရိကန်အထောက်အပံ့က ၅၀ ရာခိုင်နှုန်း ရှိတယ်လို့ သိရတာပေါ့နော်။ အဲတော့ တော်တော်တော့ သက်ရောက်မှုက ကြီးမယ်။ မီဒီယာအသေးတွေလည်း အသေးအလျှောက် မထောင်းသာဘူးဆိုပေမယ့်လည်း ရပ်သွားတာဖြစ်နိုင်သလို မီဒီယာအကြီးတွေ ဆိုရင်လည်း ရှေ့ဆက်ရပ်တည်ဖို့ခက်ခဲသွား နိုင်တာပေါ့နော်။”

စစ်တပ်ကအာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက် နောက်ပိုင်း မြန်မာနိုင်ငံမှာ ဒီကနေ့ အထိ ဖမ်းဆီးထိန်းသိမ်းထောင်ချခံရသူ သတင်းသမားစုစုပေါင်း ၂ဝဝ ကျော်အထိရှိနေတာမှာ ပြန်လွတ်လာသူတချို့ရှိပေမဲ့ လက်ရှိအချိန်ထိ အကျဉ်းထောင်အသီးသီးမှာ ထောင်ချခံထားရသူ ၅၀ လောက်ရှိနေသေးတယ်လို့ လွတ်လပ်တဲ့ မြန်မာသတင်းမီဒီယာကောင်စီ IPCMရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပိတ်သိမ်းခံရတဲ့သတင်းဌာန အခု ၂၀ နီးပါးရှိခဲ့ပါတယ်။

မြန်မာ့သတင်းမီဒီယာကောင်စီ အတွင်းရေးမှူး ဦးတိုးဇော်လတ်ကတော့ အခု အကူအညီတွေ ရပ်ဆိုင်း လိုက်မယ်ဆိုရင် စစ်မှန်တဲ့မီဒီယာတော်တော်များများရပ်တည် နိုင်ဖို့ ခက်ခဲတဲ့အထိဖြစ်လာတယ်လို့ ပြောပါတယ်။

“USAID ကတော့ One of the main ထဲမှာပါတယ်ဗျ။ လွတ်လပ်တဲ့မီဒီယာတွေ မီဒီယာအလုပ်လုပ် နိုင်ဖို့အတွက်ထောက်ပံ့ပေးထားတာ။ အဲဒါတွေက နေ့ချင်းညချင်း ရုတ်တရက်ကြီး ကောက်ခါငင်ကာ ဖြစ်သွားတာဆိုတော့ အဲသက်ရောက်မှုက တော်တော်ကြီးပါတယ်။ အထူးသဖြင့်တော့ မြန်မာပြည် ဒီမိုကရေစီရေး၊ ဒါမှမဟုတ်လည်း မြန်မာပြည်ဘာဖြစ်လဲသိအောင် မြန်မာပြည်နဲ့ တကမ္ဘာလုံးကို ပြောနေတဲ့ messenger တွေက အချိန်တခုအတွင်း၊ အချိန်တိုတိုအတွင်းမှာတော့ ရိုက်ချက်ပြင်းတယ်၊ ထိခိုက်မှုရှိပါတယ်။ တချို့မီဒီယာတွေ ဆက်သွားဖို့ မနည်းကို ဆက်လုပ်ရပါမယ်။ မီဒီယာ အခန်းကဏ္ဍ ကြီးတခုလုံးအတွက် ကြီးမားတဲ့ရိုက်ခတ်မှုဖြစ်လာနိုင်တယ်။”

အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာ့မှာ ပြည်ပနိုင်ငံတွေကို ဖွံ့ဖြိုးရေး အကူအညီအများဆုံးပေးနေတဲ့ နိုင်ငံဖြစ်ပါတယ်။ အစ္စရေးနဲ့ အီဂျစ်အတွက်ပေးနေတဲ့ စစ်ရေးအကူအညီကလွဲလို့ လက်ရှိပေးနေတဲ့ ထောက်ပံ့ကူညီမှုအားလုံးနဲ့ နောက်ထပ်ပေးမယ့် အကူအညီအားလုံးကို ဆိုင်းငံ့တဲ့အကြောင်း မနေ့က ကြေညာခဲ့တာပါ။

အကူအညီတွေဆိုင်းငံ့လိုက်တဲ့အထဲ အသက်ကယ်နိုင်မယ့် အရေးပေါ် စာနာမှုဆိုင်ရာ အကူအညီတွေ မပါဝင်ကြောင်း နိုင်ငံခြားရေးဝန်ကြီး Marco Rubio မနေ့ညကပြောခဲ့ပြီး “အရေးပေါ် အကူအညီ” ဆိုတာမှာ- အသက်ကယ်တင်နိုင်မယ့် ဆေးဝါးတွေ၊ ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ စားနပ်ရိက္ခာ၊ နေထိုင်စရာ၊ ပေးပြီးသားကူအညီတွေ၊ ရုံးသုံးပစ္စည်း၊ ဝန်ထမ်းလစာနဲ့ အဲဒီအကူအညီတွေကို ပို့ပေးရေးအတွက် လိုအပ်တဲ့ သယ်ယူပို့ဆောင်ခတွေ မပါဝင်ဘူးလို့ ပြောဆိုထားပါတယ်။

ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ကျန်းမာရေး၊ ပညာရေးနဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု အပေါ် သက်ရောက်ထိခိုက်လာနိုင်ဖွယ်တွေရှိနေပြီး သတင်းမီဒီယာပိုင်းကိုထိခိုက်တာက ဒီမိုကရေစီ အရေးနဲ့ သတင်းလွတ်လပ်ခွင့်စံနှုန်းတွေကိုပါ ထိခိုက်လာနိုင်တယ်လို့ ထောက်ပြဝေဖန်မှုတွေ ရှိနေပါတယ်။

Forum

XS
SM
MD
LG