အမေရိကန်ပြည်ထောင်စုက ပြည်ပနိုင်ငံတွေကိုပေးနေတဲ့အကူအညီတွေ ယာယီဆိုင်းငံ့လိုက်တဲ့ အထဲမှာ အရေးပေါ် စာနာမှုဆိုင်ရာအကူအညီတွေကိုတော့ ခြွင်းချက်နဲ့ ခွင့်ပြုသွားမှာဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio ကပြောလိုက်ပါတယ်။
အမေရိကန်က အကူအညီအထောက်အပံ့တွေဆိုင်းငံ့ဖို့ သမ္မတ Donald Trump အမိန့်နဲ့ ထုတ်ပြန် ခဲ့တာကို နောက်ဆက်တွဲအဖြစ် မနေ့ ဇန်နဝါရီ ၂၈ ရက်နေ့နှောင်းပိုင်း ဝန်ကြီး Rubio ထုတ်ပြန်တဲ့ ညွှန်ကြားချက်မှာ သေရေးရှင်ရေး အရေးတကြီးလိုအပ်တဲ့ ဆေးဝါး၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စားနပ်ရိက္ခာ၊ နေထိုင်စရာ၊ ပေးပြီးသားကူအညီတွေ၊ ရုံးသုံးပစ္စည်း၊ ဝန်ထမ်းလစာတွေအပြင် ထောက်ပို့လုပ်ငန်းအတွက် အကူအညီတွေကို ခွင့်ပြုမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ကမ္ဘာမှာ ဒေါ်လာနဲ့ ပြည်ပကို အများဆုံးထောက်ပံ့နေတဲ့ အမေရိကန်က အကူအညီတွေကို ပြန်လည် သုံးသပ်ဖို့အတွက် ရက် ၉၀ ဆိုင်းငံ့ထားမယ့်အကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့တဲ့ သမ္မတ Trump က သမ္မတအာဏာနဲ့ ထုတ်ပြန်ခဲ့တာပါ။
အမေရိကန် ဖယ်ဒရယ် တရားသူကြီးတယောက်ကတော့ ပြည်တွင်းမှာ ပေးအပ်နေတဲ့ ဖွံ့ဖြိုးရေး အကူအညီတွေ၊ ချေးငွေတွေအပါအဝင် အထောက်အပံ့တွေကိုဆိုင်းငံ့ဖို့ သမ္မတရဲ့ အမိန့်ကို ယာယီတားမြစ်ဖို့ မနေ့ကပဲ ဆုံးဖြတ်ခဲ့ပါတယ်။ သမ္မတ Trump အမိန့် တနင်္လာနေ့မှာ စတင်အသက်ဝင်ကာနီး မိနစ်ပိုင်းအလိုမှာပဲ တရားသူကြီးရဲ့ အမိန့်ထွက်ပေါ်ခဲ့သလို ပရဟိတ အဖွဲ့အစည်းတွေက သမ္မတအမိန့်ကို ဆန့်ကျင်ကန့်ကွက်မှုတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။
Forum