အမေရိကန်ပြည်ထောင်စုမှာ ပြည်ထောင်စုအစိုးရက ပေးအပ်နေတဲ့ Grant ထောက်ပံ့ငွေ၊ ချေးငွေနဲ့ အခြား ငွေကြေးဆိုင်ရာ အကူအညီပေးအပ်နေတာတွေကို ယာယီရပ်ဆိုင်းထားဖို့ သမ္မတ Donald Trump အစိုးရက စီမံခန့်ခွဲရေးနဲ့ ဘတ်ဂျက်ဌာနကို ညွှန်ကြားလိုက်ပါတယ်။
သမ္မတအာဏာနဲ့ ထုတ်ပြန်လိုက်တဲ့အမိန့်အရ အထောက်အပံ့တွေ ရပ်ဆိုင်းလိုက်တဲ့အထဲမှာ မတူကွဲပြားမှု၊ တန်းတူညီမျှမှုနဲ့ အားလုံးပါဝင်ခွင့်ရှိရေး DEI အစီအစဉ်တွေလည်းပါဝင်ပါတယ်။ အထောက်အပံ့တွေ ဆိုင်းငံ့မယ့်အစီအစဉ်ဟာ ဒီကနေ့ ဇန္နဝါရီလ ၂၈ ရက်နေ့မှာစတင်အသက်ဝင်မှာပါ။
အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း NGOs တွေနဲ့ ပြည်ပမှာပေးအပ်နေတဲ့ အထောက်အပံ့တွေအပါအဝင် အကူအညီတွေ ဆိုင်းငံ့ထားဖို့ ဌာနဆိုင်ရာ အားလုံးကိုညွှန်ကြားထားတယ်လို့လည်း စီမံခန့်ခွဲရေးနဲ့ ဘတ်ဂျက်ဌာန ယာယီညွန်ကြားရေးမှူး Matthew J Vaeth ကပြောပါတယ်။
သမ္မတအမိန့်နဲ့ အထောက်အပံ့တွေ ဆိုင်းငံ့တဲ့အစီအစဉ်အပေါ် ဒီမိုကရက်လွှတ်တော်အမတ်တွေ ကတော့ လက်မခံကြဘဲ စာရေးသား ကန့်ကွက်ကြပါတယ်။ အခုလိုရပ်ဆိုင်းလိုက်တာကြောင့် အမေရိကန်ပြည်ထောင်စုတဝှမ်း ဆိုးဆိုးဝါးဝါးထိခိုက်မှာဖြစ်တဲ့အတွက် လက်ခံနိုင်စရာမရှိဘူးလို့ ပြောထားပြီး ဖွဲ့စည်းပုံစည်းမျဉ်းနဲ့ ဥပေဒတွေကိုလေးစားလိုက်နာဖို့လိုတယ်လို့ ဒီမိုကရက်ဆီးနိတ် လွှတ်တော်အမတ် Patty Murray နဲ့ ဒီမိုကရက်အောက်လွှတ်တော်မတ် Rosa DeLauro တို့က စာရေးသားကန့်ကွက်ခဲ့ပါတယ်။
Forum