သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်း မြန်မာနယ်စပ် ကျန်းမာရေး စောင့်ရှောက်မှုတွေ ရပ်ဆိုင်း 


Ohn Phyan Camp အုန်းဖျန် ဒုက္ခသည်စခန်း
Ohn Phyan Camp အုန်းဖျန် ဒုက္ခသည်စခန်း

အမေရိကန်သမ္မတ Donald Trump ဒုတိယအကြိမ် သမ္မတသက်တမ်းစတင် တာဝန်ထမ်းဆောင်တဲ့ ရက်ပိုင်းအတွင်း နိုင်ငံတကာအကူအညီတွေရပ်ဆိုင်းဖို့ လက်မှတ်ထိုးအမိန့် ထုတ်လိုက်ပြီးနောက် အမေရိကန် အကူညီတွေ ရယူထားတဲ့ ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်တွေအတွက် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းတွေလည်းဇန်နဝါရီလ ၂၇ ရက်နေ့က စပြီးရပ်နားထားလိုက်ရပါတယ်။ ဒီအတွက် စခန်းတွင်းက ဆေးရုံတက်နေတဲ့ လူနာတွေကို ဆေးကုသခွင့်မပေးတော့ဘဲ ဆေးရုံဆေးခန်းတွေကနေ ပြန်လွှတ်နေပြီလို့ ဒုက္ခသည်တွေက ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

အမေရိကန်သမ္မတ Donald Trump က နိုင်ငံတကာကို ပေးနေတဲ့ အကူညီတွေကို ယာယီ ရပ်ဆိုင်းထားလိုက်ပြီးတဲ့နောက် အမေရိကန်နိုင်ငံရဲ့ အကူညီတွေနဲ့ ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်တွေအတွက် အကူညီပေးနေတဲ့ ကျန်းမာ‌ရေး ကူညီ‌ပေး‌ရေး အဖွဲ့ဖြစ်တဲ့ (IRC-International Rescue Committee) ဟာအထောက်အပံ့များ ရက်ပေါင်း ၉၀ ဆိုင်းငံ့ခံထားရတယ်လို့ ဆိုပါတယ်။ ဒီအတွက် ထိုင်း မြန်မာ နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေး စောင့်ရှောက်မှုပေးနေတဲ့ လုပ်ငန်းတွေလည်း ရပ်နားထားလိုက်ရပြီး ဆေးရုံတက်နေတဲ့ လူနာတွေကို ပြန်လွှတ်နေတယ်လို့ နို့ဖိုး ဒုက္ခသည်စခန်းက ဒုက္ခသည်တဦးက ဗွီအိုအေကို ပြောပါတယ်။

“၂ ရက်အတွင်းဆိုတော့ ဒီနေ့နဲ့ မနက်ဖန်အတွင်းမှာပဲ ဆေးရုံတက်နေရတဲ့ ဖျားနာတဲ့ သူတွေရော၊ အကြောင်းအမျိုးမျိုးနဲ့ တက်နေတဲ့ သူတွေရော၊ သူတို့တွေကို ၂ ရက်အတွင်း အိမ်ပြန်ခိုင်းတယ်။ ကျနော်သိတဲ့ လူနာတယောက်ရှိတယ်။ သူက ဦးခေါင်းခွဲထားရတာ။ သူက စက်ပစ္စည်းနဲ့ပဲ အသက်ရှူနေရတာ။ အဲဒီလူတွေအတွက် ဘယ်လိုစဉ်းစားမလဲ မသိဘူး။ အဲဒီလူတွေကတော့ ပြန်ခိုင်းမလား ဆိုတာ မသိဘူး။ အားလုံးကတော့ ၂ ရက်အတွင်း အိမ်ပြန်ခိုင်းနေပြီ။ အုန်းဖန်ဆေးရုံမှာတော့ ကျနော်တို့နို့ဖိုးစခန်းကနေ သွားပြီး ဆေးရုံတက်နေရတဲ့ လူနာတွေရှိတယ်။ နောက်ပြီးတလတခါ ကျန်းမာရေးသွားပြနေရတဲ့ လူနာတွေရှိတယ်။ အသိသာဆုံးကတော့ ဒီနေ့ သွားရမယ့် လူနာကတော့ မသွားရတော့ဘူး ပြန်လှည့်လာရတယ်။ ကျနော်တို့ဆီက သွားမယ့် လူနာတွေရော၊ ဟိုမှာ ကျနော်တို့ စခန်းက သွားတက်နေတဲ့ လူနာတွေရော ပြန်ပို့ခံထိမယ်။ ”

အခုဆိုရင် ဆေးရုံတွေက ကျန်းမာရေး ဝန်ထမ်းတွေကိုလည်း သူတို့အတွက်ထောက်ပံ့နေတဲ့ လစာတွေလည်း ရပ်နားခံမှာဖြစ်သလို ဆေးရုံရဲ့ လည်ပတ်စရိတ် ဘတ်ဂျက်တွေ မရှိတော့တာကြောင့် လူနာတွေကို လက်မခံတော့တာကို ကြုံရတယ်လို့လည်း နောက်ထပ် ဒုက္ခသည်တဦးကလည်း ပြောပါတယ်။

“ဆေးရုံမှာဆိုရင် အောက်စီဂျင် ရှူရတဲ့ လူနာတွေ၊ သေရေးရှင်ရေး ဖြစ်နေတဲ့ အဖိုးကြီး၊ အဖွားကြီး၊ အသက်ကြီးပိုင်း လူနာတွေရှိတယ်။ ထိခိုက်ထားသူတွေရော ရှိတယ်။ သူတို့ကတော့ ပြောတယ်။ ဘတ်ဂျက် မရှိတော့ဘူး။ ဒီတော့ မကုပေးနိုင်တော့ဘူး ဆိုပြီး ပြန်လွှတ်နေတယ်။ ဒုက္ခသည်စခန်းထဲမှာ ဆေးဝါး မလုံလောက်လို့ အုန်းဖန်ဆေးရုံ ပို့ထားတဲ့သူတွေရော ပြန်လွှတ်နေပြီ။ ”

ဒုက္ခသည်တွေ ကတော့ ရိက္ခာတွေပါ ဖြတ်တောက်ခံရမှာ၊ ထပ်မရတော့မှာကို စိုးရိမ်နေတာပါ။ အမေရိကန်ကနေ ပေးတဲ့ အကူအညီအတော်များများဟာ အမေရိကန်အစိုးရရဲ့ နိုင်ငံတကာထောက်ပံကူညီရေးအေဂျင်စီ USAID လို့ခေါ်တဲ့ အဖွဲ့အစည်း ကနေပေးတာဖြစ်ပြီး အဲဒီကနေအစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကို ရောက်ရှိတာဖြစ်ပါတယ်။ ဒီနောက် ဒုက္ခသည်တွေရဲ့ ကျန်းမာရေးဝန်ဆောင်ပေးမှုတွေ အပါအဝင် စားနပ်ရိက္ခာတွေ ကူညီပေးတာတွေလည်း ရှိနေပါတယ်။ ဒုက္ခသည် တဦးကို တနေ့ကို ထိုင်းငွေ ၁၀ ဘတ်နှုန်း လောက်နဲ့ ထောက်ပံ့ပေးနေတာ ဖြစ်ပြီး အခုလို အမေရိကန်နိုင်ငံက နိုင်ငံတကာအကူအညီတွေ ရပ်နားတော့မယ်ဆိုတာကြောင့် ထိုင်း မြန်မာ နယ်စပ်က ဒုက္ခသည်တွေကတော့ စားနပ်ရိက္ခာ အကူအညီ မရမှာကိုလည်း စိုးရိမ်ပူပန် နေကြရတယ်လို့လည်း ဒုက္ခသည်တွေက ပြောပြပါတယ်။

“ရိက္ခာတော့ မကြားသေးဘူး။ ရိက္ခာအပေါ်မှာလည်း စိတ်ပူနေရတယ်။ ရိက္ခာကတော့ ဒီမှာ ကဒ်စနစ်နဲ့ သွားတော့ ပုံမှန်လကုန်ပြီဆိုရင်တော့ ကဒ်ထဲကိုကျနော်တို့ "ကိုတာ" ပိုက်ဆံဝင်တယ်။ ရိက္ခာလျှော့မလား၊ မလျှော့ဘူးလားဆိုတာကို လကုန်ပြီး ၃ ရက်နေ့လောက်ဆိုသိပြီ။ ဝင်လာရင်တော့ သိရမယ်။ မဝင်လာဘူး ဆိုရင်တော့ တခုခု ဖြတ်တောက်တာ ဖြစ်မှာပဲ။”

အခုဆိုရင် ထိုင်းမြန်မာ နယ်စပ်မှာတော့ အမေရိကန်က ပေးနေတဲ့ လူသားချင်း စာနာမှု အကူညီတွေထဲက ကျန်းမာရေး ဝန်ဆောင်မှု တွေကတော့ ရပ်နားသွားတာ ရှိနေတယ်လို့လည်းကရင် ဒုက္ခသည် ကော်မတီ (KRC) ကလည်း အတည်ပြု ပြောဆိုပါတယ်။ အမေရိကန် ပြည်ထောင်စုကို ဒုက္ခသည်တွေ ရွှေ့ပြောင်း အခြေချ နေထိုင်ခွင့်ပေးထားတဲ့ USRAP ခေါ် ဒုက္ခသည် လက်ခံရေး အစီအစဉ်ကို ဆိုင်းငံ့ထားလိုက်ပြီးတဲ့နောက် အခုလို ကျန်းမာရေး ဝန်ဆောင်မှုတွေ ရပ်နားသွားတာတွေ ထပ်ဖြစ်လာတာပါ။ အခုဆိုရင် ရိက္ခာဖြတ်တောက်မလား ဆိုတာကိုလည်း ဒုက္ခသည်တွေကြားမှာ စိုးရိမ်ပူပန် နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG