သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump နဲ့ Kim ဒုတိယ ထိပ်သီးကျင်းပရေး ကြိုတင်ပြင်ဆင်


Trump နဲ့ Kim ထိပ်သီးဆွေးနွေးပွဲ (၂၀၁၈)
Trump နဲ့ Kim ထိပ်သီးဆွေးနွေးပွဲ (၂၀၁၈)

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ အမေရိကန် သမ္မတဒေါ်နလ်ထရမ့် တို့ ဖေဖေါ်ဝါရီလ ထဲမှာ ဒုတိယအကြိမ် တွေ့ဆုံကြမယ့်အကြောင်း အမေရိကန်ဘက် ကကြေညာထားပါတယ်။ ဒါပေမဲ့လည်း မြောက်ကိုရီးယားရဲ့နျူကလီးယား လက်နက်ဖျက်သိမ်းရေးအစီအစဉ်ကတော့ ရှုပ်ထွေးမှုတွေဆက်ပြီးရှိနေတုန်းပဲ ဆိုတဲ့အကြောင်း Ralph Jenningsရဲ့ သတင်းကို ကိုကျော်အောင်လွင်ပြောပြပါလိမ့်မယ်။

မြောက်ကိုရီးယားရဲ့နျူကလီးယားလက်နက်ဖျက်သိမ်းရေး အစီအစဉ်နဲ့ ပတ်သက်ပြီးပြောဆို ဆွေးနွေး မှုတွေက တိုးတက်မှု တွေရှိနေတယ်လို့ အမေရိကန် သမ္မတဒေါ်နလ်ထရမ့်အစိုးရက အခိုင်အမာ ပြောနေပေမဲ့လည်း ဘယ်လောက်အထိတိုး တက်မှုတွေရှိနေတာလဲဆိုတာကတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။ လာမယ့်လ ဖေဖေါ်ဝါရီလကုန်ပိုင်းမှာ သမ္မတထရမ့် နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းတို့ ဒုတိယမြောက်ထိပ်သီးတွေ့ဆုံပွဲကျင်းပဖို့ရှိတယ်လို့ ကြေညာထားပေမဲ့ လည်း ဘယ်မှာတွေ့ဆုံကြမလဲ၊ ဘယ်နေ့မှာတွေ့ဆုံ မလဲဆိုတာကိုတော့ မြောက်ကိုရီးယားကရော၊ အမေရိကန်ဘက်က ပါ တရားဝင် မကြေညာသေးပါဘူး။ နျူကလီးယား ဖျက်သိမ်းရေးဆိုင်ရာဆွေးနွေးမှုတွေ က တိုးတက်မှုတွေ တော်တော်ရနေ ပြီလို့ ခန့်မှန်းပြောဆိုမှုတွေ ရှိနေပေမဲ့လည်း တကယ့်လက်တွေ့ မှာတော့ တိုးတက်မှုတွေ ရှိမနေဘူးလို့ ဝါရှင်တန်ဒီစီအခြေ စိုက် Heritage Foundationအဖွဲ့ ရဲ့ အရှေ့မြောက်အာရှရေးရာ အကြီးတန်းသုတေသီ Bruce Klingerကပြောပါတယ်။

" နျူကလီးယားလက်နက်ဖျက်သိမ်းရေးကို မြောက်ကိုရီးယားဘက်က အခိုင်အမာဆုံးဖြတ်ချက်ချပြီးလုပ်ဆောင်ဖို့ကိစ္စကို အမေရိကန်ဘက်က စောင့်နေရတုန်းပဲလို့ အမေရိကန်ဒုသမ္မတမိုက်ပန့်စ်က ပြီးခဲ့တဲ့ရက်ပိုင်းကပဲပြောထားပါတယ်၊ ဒီလို အခြေအနေက အမေရိကန်နဲ့မြောက်ကိုရီးယားအကြားမှာရှိနေတာ ပြီးခဲ့တဲ့နှစ်ထိပ်သီးတွေ့ဆုံမှုပြီးကတည်းကမဟုတ်ပါ ဘူး၊ ဆယ်စုနှစ်တွေနဲ့ချီပြီးရှိလာခဲ့တဲ့အခြေအနေပါ" လို့ Bruce Klingerကပြောခဲ့တာပါ။

အမေရိကန်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်တွေ နောက်တကြိမ်ပြန် တွေ့ဆုံကြရေး တောင်ကိုရီးယား သမ္မတ မွန်ဂျေး အင်က တိုက်တွန်းထားတယ်ဆိုပေမဲ့ နျူကလီးယားလက်နက်ဖျက်သိမ်းရေး လုပ်ငန်းစဉ်က အပြင်ပန်းအားဖြင့် တိုးတက်မှု ရှိတဲ့လက္ခဏာတွေအနည်းအကျဉ်းရှိတာ ကလွဲပြီး ရပ်တန့်နေခဲ့တာ လတွေနဲ့ချီရှိနေပါပြီ။ နောက်တကြိမ်ထိပ်သီးဆွေးနွေး မှုဖြစ်ပေါ်ရေးကို အမေရိကန် ဘက်ကထက် မြောက်ကိုရီးယားဘက်က ပိုပြီးလိုလားနေပုံ ရတဲ့အကြောင်း ပထဝီနိုင်ငံရေး ဆိုင်ရာလေ့လာမှုလုပ်ငန်း Startforကုမ္ပဏီရဲ့ မဟာဗျူဟာသုံးသပ်ရေး ဒုဥက္ကဌ Rodger Bakerကပြောပါတယ်။

"ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံမှုဖြစ်ပေါ်အောင် မြောက်ကိုရီးယားက အမေရိကန်ထက်ပိုပြီး တွန်းအားပေး နေပုံရပါတယ်။ ကင်ဂျုံအွန်းရဲ့ နှစ်သစ်ကူးမိန့်ခွန်းအတွင်း အမေရိကန်နဲ့ဆက်ဆံရေးမှာ အပြုအမူတွေပြောင်းလဲဖို့ လိုအပ်နေတယ်၊ ဒီလိုမှမဟုတ် မြောက်ကိုရီးယားရဲ့ အစီအစဉ်အတိုင်းပဲ ဆက်သွားမလားဆိုတာကို ထည့်သွင်းပြောဆိုထားတယ်။ မြောက်ကိုရီးယားဟာ အခြေအနေတွေအားလုံး အဆင်ပြေသေချာအောင် တရုတ်နိုင်ငံကိုလည်း ထိစပ်ထားတယ်။ တရုတ်က သူတို့ရဲ့ အနောက်မှာ အသေအချာရှိနေပြီဆိုမှ အမေရိကန်နဲ့ ဆက်ဆံမှုတွေလုပ်လာခဲ့တာ' လို့ Rodger Bakerကပြောခဲ့တာပါ။

မြောက်ကိုရီးယားက နျူးကလီးယားဆိုင်ရာ ကိုယ်စားလှယ် Kim Yong Cholနဲ့ သမ္မတထရမ့်တို့ပြီးခဲ့တဲ့သောကြာနေ့က အချိန်၂နာရီနီးပါးတွေ့ဆုံခဲ့ကြပါတယ်။

"တိုးတက်မှုတွေအများကြီးကျနော်တို့လုပ်နိုင်ခဲ့ပါတယ်။ ဒီအကြောင်းတွေကို သတင်းမီဒီယာတွေက မဖေါ်ပြကြပါဘူး။ နျူကလီးယားလက်နက်ဖျက်သိမ်းရေးအစီအစဉ်နဲ့ပတ်သက်ပြီးစိုးရိမ်မှုတွေရှိနေတယ်ဆိုပေမဲ့ တိုးတက်မှုတွေအများ အပြားကျနော်တို့လုပ်နိုင်ခဲ့ပါတယ်လို့ သမ္မတထရမ့်ကပြောခဲ့တာပါ။"

နျူကလီးယားလက်နက်ဖျက်သိမ်းရေးအစီအစဉ်ရှေ့ဆက်ပြီးသွားနိုင်ဖို့က ခိုင်မာတဲ့တိုးတက်ဖြစ်ထွန်းမှုတွေရှိဖို့လိုတယ် ဆိုတာကို ၂ဘက်လုံးက သဘောပေါက်လက်ခံရလိမ့်မယ်၊ ၂ဘက်စလုံးအောင်မြင်မှုရနိုင်ဖို့ ကြားကာလသဘောတူညီမှု တခုရအောင် ဘယ်လိုလုပ်မလဲဆိုတာက အရေးကြီးတဲ့အချက်ဖြစ်နေတယ်လို့ National Interest အဖွဲ့ရဲ့ ကာကွယ်ရေး လေ့လာမှုဆိုင်ရာ ညွန်ကြားရေးမှုး Harry Kazianis ကပြောပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း စင်္ကာပူနိုင်ငံမှာတွေ့ဆုံခဲ့ကြတဲ့ မြောက်ကိုရီးယားနဲ့ အမေရိကန်၂နိုင်ငံထိပ်သီးဆွေးနွေးမှု၊ တောင်နဲ့မြောက်ကိုရီးယား၂နိုင်ငံထိပ်သီးတွေ့ဆုံမှုတွေရှိခဲ့ကြတယ်ဆိုပေမဲ့လည်း နျူကလီး ယား လက်နက်ဖျက်သိမ်းရေးအစီအစဉ်ကို အကောင်အထည်ပေါ်အောင် ဘယ်လိုလုပ်ဆောင်မလဲဆိုတဲ့ အစီအစဉ်ရေး ဆွဲမှုနဲ့ ခိုင်မာတဲ့ကြေညာချက်တွေထွက်ပေါ်မလာဘူးဆိုပြီး ဝေဖန်မှုတွေက ရှိနေတာပါ။ ဒုတိယအကြိမ်အမေရိကန်နဲ့ မြောက်ကိုရီးယားထိပ်သီးဆွေးနွေးပွဲကို ဘယ်မှာလုပ်မလဲဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီး သမ္မတထရမ့်နဲ့ သောကြာနေ့တုန်းက တွေ့ဆုံခဲ့တဲ့ မြောက်ကိုရီးယားရဲ့ နျူးကလီးယားဆိုင်ရာ ကိုယ်စားလှယ် Kim Yong Cholက သူ့တို့ ဘက်က သက်ဆိုင် သူတွေနဲ့ဆွေးနွေးမှုတွေပြီးရင်သိရမယ့်သဘောရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG