သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Donald Trump အာရှခရီးစဉ် ရည်ရွယ်ချက်


အမေရိကန်သမ္မတ Donald Trump ရဲ့ အာရှ ၅နိုင်ငံ ခရီးစဉ်ကို နိုဝင်ဘာလ ၃ရက်နေ့မှာစတင်မှာဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ ပိုပြီး အမှောင်ကျစေမယ့်ခေတ်ထဲကို ကမ္ဘာကြီးဆက်မရောက်သွားအောင်ကြိုးပမ်းဖို့ရည်ရွယ်တဲ့ခရီးစဉ်တခုလည်းဖြစ် တယ်လို့ သမ္မတအိမ်ဖြူတော်ကပြောပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Steve Herman ရဲ့သတင်းပေးပို့ ချက်ကို ကိုကျော်အောင်လွင်က ဆက်ပြီးပြောပြပါလိမ့်မယ်။

သမ္မတထရမ့်ရဲ့၂ပတ်နီးပါးကြာမယ့် အာရှ၅နိုင်ငံခရီးစဉ်ဟာ မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားစမ်းသပ်မှုတွေနဲ့ မစ်ဇိုင်းဒုံးကျည်ပစ်လွှတ်မှုတွေလုပ်နေတာကို တားဆီးကာကွယ်ရေး နိုင်ငံတကာအလိုက်ဖိအားတွေပိုပြီးပေးနိုင်အောင် လုပ်ဆောင်ဖို့ရည်ရွယ်ချက်လည်းပါဝင်တယ်လို့ အိမ်ဖြူတော်အဆင့်မြင့်အရာရှိတဦးကပြောပါတယ်။

"ကျနော်တို့ ဘက်က မရင်ဆိုင်နိုင်ဘူးဆိုရင်၊ မြောက်ကိုရီးယားရဲ့ချိန်းခြောက်မှုတွေကို ပြန်ပြီး မလှန်နိုင်ဘူးဆိုရင် ပိုပြီးအမှောင်ကျ တဲ့ခေတ်ထဲမှာကျနော်တို့နေသွားရလိမ့်မယ်"လို့ဆိုပါတယ်။ သမ္မတရဲ့အပြောအဆိုတွေထက် သူ့ရဲ့လုပ်ရပ်တွေက ပိုပြီး အရေးကြီးပါတယ်။ အရင်သမ္မတတွေလက်ထက်ကတည်းက ချိန်းခြောက်မှုတွေလုပ်လာခဲ့တဲ့ မြောက်ကိုရီးယားရဲ့လုပ်ရပ် တွေကို နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ဝိုင်းပြီးရင်ဆိုင်နိုင်ဖို့ အထိရောက်ဆုံးပြောင်းလဲမှုနဲ့တိုးတက်မှုတွေကို ဝိုင်းပြီးလုပ် ဆောင်ကြဖို့သမ္မတထရမ့်က လုပ်ဆောင်နေတယ်လို့လည်း အိမ်ဖြူတော်အဆင့်မြင့်အရာရှိကပြောပါတယ်။

သမ္မတ ထရမ့်က သူ့ရဲ့ အာရှခရီးစဉ်က တော်တော်အလုပ်များမယ့်ခရီးစဉ်တခုပဲလို့ စင်္ကာပူဝန်ကြီးချုပ် လီရှန်လုံးနဲ့အိမ်ဖြူ တော်မှာမနေ့ကတွေ့ဆုံခဲ့တုန်းက ပြောခဲ့ပါတယ်။

"လာမယ့်သတင်း၂ပတ်အတွင်း ကမ္ဘာ့တဘက်ခြမ်းနိုင်ငံတွေဆီ ကိုကျနော်သွားဖို့ရှိပါတယ်။ ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ဗီယက်နမ်နဲ့ဖိလစ်ပိုင်နိုင်ငံတွေကိုသွားမှာပါ။ ဒီခရီးစဉ်က တကယ်အလုပ်များမယ့်ခရီးစဉ်တခုပါပဲ။"

တောင်နဲ့မြောက်ကိုရီးယား၂နိုင်ငံအကြားက စစ်မဲ့ဇုံနေရာကို သမ္မတထရမ့်သွား ၊ မသွားဆိုတဲ့ ကိစ္စအပေါ် ခပ်မှန်းချက် တွေက အမျိုးမျိုးရှိနေတာပါ။ အိမ်ဖြူတော်အရာရှိတွေရဲ့အပြောအရတော့ အဲဒီစစ်မဲ့ဇုံနေရာကို သမ္မတသွား မသွားဆို တာ မဆုံးဖြတ်ရသေးဘူးလို့ဆိုပါတယ်။ ဒီနေရာကိုသွားဖို့ လုံခြုံရေးကတော့ စိတ်ပူစရာမရှိပါဘူးလို့လည်း အိမ်ဖြူတော် အဆင့်မြင့်အရာရှိ တဦးကပြောပါတယ်။

အမေရိကန်စစ်တပ်တွေအမြန်ဆုံးတိုးမြင့်ချထားနေတဲ့တောင်ကိုရီးယားနိုင်ငံက Camp Humphries ဆီကိုတော့ ဖိတ်ကြားမှုအရသမ္မတထရမ့်သွားမယ့်သဘောရှိပါတယ်။ တရုတ်နိုင်ငံကိုရောက်တဲ့အခါ မှာလည်း တရုတ်သမ္မတရှီကျင်းပင်နဲ့မြောက်ကိုရီးယားအရေးကို တိုးမြင့်ပြောဆိုဖို့ရှိပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြောက်ကိုရီးယားကို ပစ်ဒဏ်ခတ်အရေးယူမှုတွေ မကြာခင်တုန်းကချမှတ်ထားတယ် ဆိုပေမဲ့လည်း မြောက်ကိုရီးယားနဲ့ကုန်သွယ်ရေး၉၀ရာခိုင်နှုန်းရှိနေတဲ့ တရုတ်အတွက် ဒီအရေးယူမှုတွေက ဘာမှမပြောပ လောက်ဘူးလို့ဆိုပါတယ်။ ကုလသမဂ္ဂရဲ့ဆုံးဖြတ်ချက်တွေကို တရုတ်ဘက်က အပြည့်အဝအကောင်အထည်မဖေါ်ဘူး ဆိုရင် နိုင်ငံတကာရဲ့ဆန္ဒကို တရုတ်က ဂရုမစိုက်တဲ့သဘောပဲလို့လည်းအိမ်ဖြူတော်အရာရှိကပြောပါတယ်။

လောလောဆယ်တော့ သမ္မတထရမ့်အစိုးရအဖွဲ့ရဲ့ကိုယ်စား သမ္မတဟောင်း ဂျင်မီကာတာက မြောက်ကိုရီးယားကို သွားဖို့ ကမ်းလှမ်းထားပါတယ်။ ၁၉၉၀ခုနှစ်တုန်းကလည်း သမ္မတဘီလ်ကလင်တန်ကိုလာဖို့ငြင်းပယ်ခဲ့ပြီးနောက်ပိုင်း သမ္မတဂျင်မီကာတာက မြောက်ကိုရီးယားကို တကြိမ်သွားခဲ့ဖူးတာရှိပါတယ်။

လောလောဆယ်တော့ အိမ်ဖြူတော်မှာ မြောက်ကိုရီးယားကို သွားရေးကိစ္စဘာအစီအစဉ်မှ လုပ်မထားဘူးဆိုပေမဲ့ မြောက်ကိုရီးယားအရေးဖြေရှင်းနိုင်မယ့် အကြံ အညံကောင်းတွေနဲ့စိတ်ကူးကောင်းတွေရှိသူတွေဘယ်သူနဲ့မဆိုပြောဆိုဆွေးနွေးဖို့အိမ်ဖြူတော်က အဆင်သင့်ပဲလို့ဆို ပါတယ်။

သမ္မတထရမ့်ရဲ့ ၁၂ရက်ကြာမယ့် အာရှ၅နိုင်ငံခရီးစဉ်ဟာ သူသမ္မတဖြစ်ပြီးနောက်ပိုင်း အာရှကိုပထမဆုံးထွက်ခွါမယ့် ခရီးစဉ်ဖြစ်သလို အကြာဆုံးထွက်မယ့်ခရီးစဉ်တခုလည်းဖြစ်ပါတယ်။

အာရှခရီးစဉ်အစ ပထမဆုံးရပ်နားမှာက ဟာဝိုင်အီ ကျွန်းပါ။ အဲဒီမှာ ပုလဲဆိပ်ကမ်းနှစ်ပတ်လည်အခန်းအနားကို တက်ရောက်မှာဖြစ်ပါတယ်။ အဲဒီကနေတဆင့် ဂျပန်နိုင်ငံကို ခရီးဆက်မှာပါ။ ဂျပန်မှာရှိတဲ့အမေရိကန်နဲ့ ဂျပန်တပ်ဖွဲ့တွေကိုလည်း သမ္မတထရမ့်တွေ့ဆုံဖို့ရှိပါတယ်။ ဂျပန်အပြီး တောင်ကိုရီးယားကိုခရီးဆက်တဲ့အခါ တောင်ကိုရီးယားပြည်သူ့လွှတ်တော်မှာ သမ္မတထရမ့်မိန့်ခွန်းပြောဆိုဖို့ရှိပါတယ်။ သမ္မတရဲ့အာရှခရီးစဉ်အတွင်း အာရှနိုင်ငံတွေနဲ့အမေရိကန်တို့ စီးပွါးရေးလုပ်ငန်းတွေတိုးမြင့်လုပ်ဆောင်ရေးကိစ္စတွေ ကိုပါ သမ္မတထရမ့်ပြောဆိုဆွေးနွေးသွားဖို့ရှိနေပါတယ်။

Donald Trump အာရှခရီးစဉ် ရည်ရွယ်ချက်
please wait

No media source currently available

0:00 0:04:27 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG