သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump နိုဝင်ဘာလဆန်း အာရှခရီးစဉ်


အမေရိကန်သမ္မတ Donald Trump
အမေရိကန်သမ္မတ Donald Trump

အမေရိကန်သမ္မတ Donald Trump ဟာ နောက်လထဲမှာ အာရှ ၅နိုင်ငံကို ခရီးထွက်ပါလိမ့်မယ်။ အဲဒီခရီးစဉ်မှာ မြောက်ကို ရီးယားရဲ့ နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး ဖိအားသစ်တွေထပ်ပေးဖို့နဲ့ အမေရိကန်ရဲ့ စီးပွါးရေးအကျိုးစီးပွါး အာရှ နိုင်ငံအတွေအကြား မြှင့်တင်ဖို့ကိစ္စတွေကို အာရုံစိုက်ပြီး ပြောဆိုဆွေးနွေးသွားဖို့ရှိတယ်လို့ အိမ်ဖြူတော်ကကြေညာပါ တယ်။ ဒီအကြောင်း ကိုကျော်အောင်လွင်က ဆက်ပြီးပြောပါလိမ့်မယ်။

နောက်လ နိုဝင်ဘာ၃ရက်ကနေ ၁၄ရက်နေ့အထိ ၂ပတ်နီးပါးကြာမယ့် သမ္မတထရမ့်ရဲ့အာရှခရီးစဉ်အတွင်း ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ ဗီယက်နမ်နဲ့ ဖိလစ်ပိုင်တွေကိုသွားရောက်မှာဖြစ်တယ်လို့ သမ္မတအိမ်ဖြူတော်က မနေ့ကပဲ ကြေညာခဲ့ပါတယ်။ ဟာဝိုင်အီကျွန်း ကနေစထွက်မယ့် သမ္မတထရမ့်ရဲ့အဲဒီခရီးစဉ်မှာ အာရှ၅နိုင်ငံကခေါင်းဆောင်တဦး ချင်းစီနဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံ ဆွေးနွေးမှုတွေလည်း လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။ သမ္မတဖြစ်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အာရှကို သမ္မတထရမ့်ခရီးထွက်မယ့်အစီအစဉ်ပါ။

သူ့ရဲ့အာရှခရီးစဉ်အတွင်း စီးပွါးရေးထိပ်သီးဆွေးနွေးပွဲတွေကို တက်ရောက်ဖို့ရှိတဲ့အကြောင်း သမ္မတထရမ့်က သတင်းထောက်တွေကို အိမ်ဖြူတော်သတင်းစာရှင်းလင်းပွဲတခုအတွင်း မနေ့ကပြောဆိုခဲ့တာပါ။

ခရီးစဉ်အစမှာ ပထမဆုံး ဂျပန်နိုင်ငံကိုသွားမှာဖြစ်ပြီး နိုဝင်ဘာလ ၅ရက်နေ့မှာ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘဲနဲ့တွေ့ဆုံမှာဖြစ်ပြီး မြောက် ကိုရီးယားကဖမ်းဆီးခဲ့တဲ့ ဂျပန်နိုင်ငံသားတွေရဲ့မိသားစုဝင်တွေနဲ့ပါ သမ္မတထရမ့်က တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ ဂျပန် မှာရှိတဲ့ အမေရိကန်စစ်မှုထမ်းတွေရော ဂျပန်စစ်မှုထမ်းတွေနဲ့ပါ သမ္မတထရမ့်တွေ့ဆုံဖို့ရှိပါတယ်။

ဒုတိယနိုင်ငံအဖြစ် တောင်ကိုရီးယားကို ခရီးဆက်မှာဖြစ်ပြီး နိုဝင်ဘာ ၇ရက်နေ့ကျရင် တောင်ကိုရီးယားသမ္မတ မွန်းဂျေးအင်နဲ့တွေ့ဆုံမှာ ပါ။ တောင်ကိုရီးယား ပြည်သူ့လွှတ်တော်မှာလည်း သမ္မတထရမ့်မိန့်ခွန်းပြောဖို့ရှိပြီး တောင်ကိုရီးယားမှာရှိတဲ့ အမေရိ ကန်တပ်ဖွဲ့ဝင်တွေနဲ့ရော တောင်ကိုရီးယားတပ်ဖွဲ့ဝင်တွေနဲ့ပါတွေ့ဆုံဖို့ရှိတယ်လို့ အိမ်ဖြူတော် ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ မြောက်ကိုရီးယားကို ဖိအားတွေအမြင့်ဆုံး ပေးဖို့အရေးမှာ နိုင်ငံတကာအသိုင်းအဝိုင်းက ပူးပေါင်းပါ ဝင်ကြဖို့ကိုလည်း သမ္မတထရမ့်တောင်ကိုရီးယားမှာရောက်နေတုန်း တောင်းဆိုသွားကြဖို့ရှိပါတယ်။

နိုဝင်ဘာလ ၈ရက်နေ့မှာ တောင်ကိုရီးယားကနေ တရုတ်နိုင်ငံကို သမ္မတထရမ့်ခရီးဆက်မှာဖြစ်ပြီး တရုတ်သမ္မတ ရှီကျင်း ပင်နဲ့တွေ့ဆုံမယ့် အစီအစဉ်အပါအဝင် တရုတ်အမေရိကန်၂နိုင်ငံအကျိုးတူစီးပွါးရေးနဲ့ယဉ်ကျေးမှုအစီအစဉ်တွေနဲ့ပတ် သက်ပြီးပြောဆိုဆွေးနွေးကြဖို့ရှိပါတယ်။

နိုဝင်ဘာ ၁၀ရက်နေ့ကျရင်တော့ ဗီယက်နမ်နိုင်ငံကို သမ္မတထရမ့်ခရီးဆက်ပါ လိမ့်မယ်။ ဗီယက်နမ်မှာရောက်နေတုန်း Danang မြို့မှာကျင်းပတဲ့ APEC အာရှဖိစိဖိတ်စီးပွါးရေးပူးပေါင်းဆောင်ရွက်မှု ထိပ်သီးညီလာခံကိုလည်း သမ္မတထရမ့်ကတက်ရောက်ပြီးမိန့်ခွန်းပြောဆိုဖို့ရှိပါတယ်။ အဲဒီညီလာခံမိန့်ခွန်းထဲမှာတော့ လွတ်လပ်ပြီးပွင့်လင်းမှုရှိတဲ့ အင်ဒိုဖိစိဖိတ်ဒေသဆိုင်ရာ အမေရိကန်ရဲ့အမြင်နဲ့ ဒီဒေသဟာ အမေရိကန်စီးပွါးရေး အတွက် ဘယ်လိုအရေးပါတယ်ဆို တဲ့အချက်တွေကို အဓိကထားပြောဆိုပါလိမ့်မယ်။ နိုဝင်ဘာ၁၁ရက်နေ့မှာတော့ ဗီယက်နမ်သမ္မတ Tran Dai Quangအပြင် တခြားဗီယက်နမ်ခေါင်းဆောင်တွေနဲ့ပါ ဟနွိုင်းမြို့မှာ သမ္မတထရမ့် တွေ့ ဆုံဖို့ရှိပါတယ်။

နိုဝင်ဘာလ ၁၂ရက်နေ့ကျရင်တော့ ဖိလစ်ပိုင်နိုင်ငံကို ခရီးဆက်မှာဖြစ်ပြီး အဲဒီမှာ အာဆီယံအရှေ့တောင်အာရှနိုင်ငံများ အသင်းထူထောင်မှုနှစ်၅ဆယ်ပြည့်အထိမ်းအမှတ်အခမ်းအနားညစာစားပွဲကို သမ္မတထရမ့်တက်ရောက်ပါလိမ့်မယ်။ နိုဝင် ဘာ၁၃ရက်နေ့မှာတော့ အမေရိကန်နဲ့အာဆီယံအသင်းတို့ရဲ့ဆက်ဆံရေး အနှစ်၄၀မြောက်အခမ်းအနားကိုကျင်းပပါ လိမ့်မယ်။ အဲဒီမှာ ဖိလစ်ပိုင်သမ္မတ Rodrigo Duterte နဲ့သမ္မတထရမ့်တို့တွေ့ဆုံကြပါလိမ့်မယ်။

သမ္မတထရမ့်ရဲ့အာရှခရီးစဉ်အတွင်း ပစိဖိတ်ရပ်ဝန်း စီးပွါးရေး ပူးပေါင်းဆောင်ရွက်မှု ၁၂နိုင်ငံအဖွဲ့ကနေ အမေရိကန်က ဘာကြောင့် ထွက်သွားရသလဲဆိုတဲ့မေးခွန်းတွေနဲ့ သမ္မတထရမ့် ရင်ဆိုင်ရမယ့်သဘောရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG