သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်လူဝင်မှုကြီးကြပ်ရေးအစီအစဉ် ကန်သမ္မတ အလျှော့ပေးမည်မဟုတ်


 ကန်သမ္မတ Donald Trump
ကန်သမ္မတ Donald Trump

Dreamers တွေလို့ ခေါ်ကြတဲ့ အမေရိကန် ပြည်ထောင်စုကို ကလေးဘဝကတည်းက တရားမဝင် ရောက်လာသူတွေကို ဆက်လက် နေထိုင်ခွင့်ပြုရေး ဒီမိုကရက်တွေနဲ့ ဆွေးနွေးညှိနှိုင်းတဲ့ နေရာမှာ အမြဲတမ်း နေထိုင်ခွင့် Green-card စနစ်ကို အလုံးစုံ ပြုပြင်ပြောင်းလဲဖို့နဲ့ လူဝင်မှု ကြီးကြပ်ရေး ဝန်ထမ်း ၁ သောင်း ထပ်မံခန့်ထားဖို့နဲ့ တောင်ပိုင်းနယ်စပ်ကို တံတိုင်း တည်ဆောက်ရေးတို့ကိုတော့ အလျှော့ပေးမှာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတ Donald Trump က မနေ့ တနင်္ဂနွေနေ့တုန်းက ရှင်းရှင်းလင်းလင်း ပြောဆိုလိုက်ပါတယ်။

အရင် သမ္မတ အိုဘားမားလက်ထက်က မူဝါဒ တခုဖြစ်တဲ့ အမေရိကန် ပြည်ထောင်စု အတွင်းကို ကလေးဘဝမှာ တရားမဝင် ရောက်ရှိလာတဲ့ သိန်းနဲ့ချီတဲ့ လူတွေကို ကာကွယ်ပေးထားတဲ့ DACA အစီအစဉ်ကို အဆုံးသတ်ဖို့ သမ္မတ Trump က ပြီးခဲ့တဲ့လက ကြေညာခဲ့တာပါ။ ဒါပေမယ့် DACA အစီအစဉ်နဲ့ ပတ်သက်လို့ အထက်နဲ့ အောက်လွှတ်တော်တို့က ဒီမိုကရက် ခေါင်းဆောင်တွေနဲ့ သဘောတူညီချက် မရခဲ့တဲ့ နောက်မှာတော့ သမ္မတ Trump နယ်စပ်တံတိုင်းခတ်ဖို့ အရေး ပြီးခဲ့တဲ့လက ထပ်ပြောလာတာပါ။

သမ္မတ Trump ဆောင်ရွက်လိုတဲ့ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ မူဝါဒတွေထဲမှာတော့ အမေရိကန် နိုင်ငံသားတွေနဲ့ တရားဝင် နေထိုင်ခွင့်ရထားသူတွေရဲ့ အသက် ၁၈ နှစ်အောက် ကလေးတွေ၊ အိမ်ထောင်ဘက်တွေကို အမြဲတမ်း နေထိုင်ခွင့် Green Card ထုတ်ပေးမှုကို ကန့်သတ်ဖို့၊ နောက် ကန့်သတ်ချက် အလိုက် အမှတ်ပေး စနစ်တခု လုပ်ဖို့တို့လည်း ပါဝင်ပါတယ်။ သမ္မတဘက်က ဆောင်ရွက်လိုနေတဲ့ ကိစ္စရပ်တွေထဲက အများအပြားကိုတော့ ဒီမိုကရက်တွေဘက်က ပြင်းပြင်းထန်ထန် ဆန့်ကျင်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG