သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အလယ်အမေရိကန်တိုက်နိုင်ငံ ၃နိုင်ငံ အကူအညီဖြတ်ဖို့ကန် ပြင်ဆင်


Honduras ကနေ အမေရိကန်ထဲကို ရွှေ့ပြောင်းဝင်ရောက်လာသူများ

အမေရိကန်အစိုးရအနေနဲ့ Guatemala , Honduras , El Salvador နိုင်ငံတွေကို ပေးနေတဲ့ အထောက်အပံ့တွေ ရပ်တန့်လိုတယ်ဆိုတာကို အမေရိကန်နိုင်ငံခြားရေးဌာနက စနေနေ့က အတည်ပြုပြောဆိုပါတယ်။ မြောက်ပိုင်း ၃ နိုင်ငံအတွက် နိုင်ငံခြားအကူအညီပေးရေး အစီအစဉ်တွေမှာ သမ္မတရဲ့ ညွှန်ကြားချက်အတိုင်း ဘဏ္ဍာရေး အသုံးစရိတ်တွေကို စီမံဆောင်ရွက်နေပြီး၊ လွှတ်တော်နဲ့ ဆက်စပ်ဆောင်ရွက်သွားမယ်လို့ နိုင်ငံခြားရေးဌာန ပြောခွင့်ရသူက ပြောခဲ့ပါတယ်။ မြောက်ပိုင်းသုံးနိုင်ငံဆိုတာကတော့ အလယ်အမေရိကန်တိုက်မြောက်ပိုင်းသုံးနိုင်ငံဖြစ်တဲ့ El Savador, Guatemala နဲ့ Honduras တို့ကို ရည်ညွှန်းတာပါ။

အဲဒီ သုံးနိုင်ငံဟာ ၂၀၁၈ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် အကူအညီငွေ ဒေါ်လာ သန်း ၅၀၀ နဲ့ ၂၀၁၇ လက်ကျန်ငွေတွေကို လက်ခံယူဖို့ ရှိနေတယ်လို့ ၀ါရှင်တန်ပို့စ် သတင်းစာက ရေးပါတယ်။ ဒီနိုင်ငံတွေကို ငွေကြေးအတော်များများ ထောက်ပံ့ကူညီနေပေမယ့်၊ အမေရိကန်အတွက် ဘာမှ ပြန်ပြီး လုပ်ပေးနိုင်တာ မရှိလို့ ထပ်ပေးတော့မှာ မဟုတ်ဘူးလို့ သမ္မတ Trump က သောကြာနေ့ကပဲ ပြောခဲ့ပါတယ်။ ဒီနိုင်ငံတွေဟာ အမေရိကန်ပြည်ထောင်စုကို အစုလိုက်အပြုံလိုက်လာရောက်နေတဲ့ ရွေ့ပြောင်းလူအုပ်ကြီးဖြစ်အောင် လုပ်ခဲ့တယ်လို့ သမ္မတ Trump က စွပ်စွဲခဲ့တာပါ။

ဒါ့အပြင် ဒီ ရွှေ့ပြောင်းလူအုပ်တွေကို လက်ခံထားမယ်ဆိုရင် အိမ်နီးချင်း မက်ဆီကို နယ်စပ်ကိုလည်း ပိတ်ပစ်ဖို့ သူဖက်က အဆင်သင့်ရှိတယ်လို့ သမ္မတ Trump က တောင်ပိုင်းနယ်ချင်းစပ် မက်ဆီကို နိုင်ငံကို သတိပေးခဲ့ပြန်ပါတယ်။ ဒါပေမယ့်လည်း ဒီ သုံးနိုင်ငံကို အကူအညီဖြတ်ဖို့ဆိုရင်တော့ လွှတ်တော်ရဲ့အတည်ပြုချက်ယူရမှာပါ။ အမေရိကန်အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီက ဒိမိုကရက်ခေါင်းဆောင် အထက်လွှတ်တော်အမတ် Bob Menendez ကတော့ သမ္မတ Trump ရဲ့ ဒီ ကြေညာချက်ဟာ မဆင်မချင်လုပ်ရပ်ဖြစ်ပြီး၊ လက်မခံကြဖို့ ဒီမိုကရက်နဲ့ Republican အမတ်တွေကို တိုက်တွန်းပါတယ်။ Texas ပြည်နယ် ဒီမိုကရက်အမတ်ဖြစ်သူ Joaquin Castro ကလည်း အကူအညီဖြတ်မယ့် ဒီအစီအစဉ်တွေဟာ အဲဒီတိုင်းပြည်တွေကို မတည်မငြိမ်ဖြစ်အောင် လုပ်သလို ဖြစ်လိမ့်မယ်လို့ စနေနေ့မှာ ကြေညာချက်ထုတ် သတိပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG