သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတထရမ့် လန်ဒန်ခရီးစဉ်ဖျက်သိမ်း


လန်ဒန်မြို့ရှိ အမေရိကန်သံရုံးအသစ်
(KieranTimberlake)
လန်ဒန်မြို့ရှိ အမေရိကန်သံရုံးအသစ် (KieranTimberlake)

ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်ကို သွားရောက်မယ့် အစီအစဉ်ကို အမေရိကန်သမ္မတ Donald Trump က ဖျက်လိုက်ပါတယ်။ ခရီးစဉ်နဲ့ ပတ်သက်လို့ သတင်းတွေ အမျိုးမျိုး ထွက်ပေါ်နေချိန်မှာပဲ အစီအစဉ်ကို ဖျက်လိုက်ကြောင်း ကြာသပတေးနေ့ သန်းခေါင်ယံအချိန် မတိုင်ခင် Twitter လူမှုကွန်ယက်ကနေ ပြောဆိုလိုက်တာပါ။

လန်ဒန်မှာ အကောင်းဆုံး နေရာ၊ အကောင်းဆုံးသံရုံးတောင် ဖြစ်ကောင်း ဖြစ်နိုင်တဲ့ အမေရိကန်သံရုံးကို သမ္မတဟောင်း Barack Obama လက်ထက်တုန်းက ဈေးပေါပေါနဲ့ ချရောင်းပြီး၊ နေရာသစ်မှာ ဒေါ်လာ ၁.၂ ဘီလီယံ အကုန်ခံပြီး ဆောက်ထားတဲ့ အစီအစဉ်ကို သဘောမကျသလို၊ သံရုံးသစ်ကိုလည်း ဖဲကြိုးဖြတ် ဖွင့်လှစ်မပေးချင်တာကြောင့် အစီအစဉ်ကို ဖျက်လိုက်ရတာ ဖြစ်ကြောင်းလည်း သမ္မတ Trump ကပြောဆိုခဲ့ပါတယ်။

အမေရိကန်သံရုံး ဝဘ်ဆိုဒ်ရဲ့ ဖော်ပြချက်အရ၊ သံရုံးသစ် ဆောက်လုပ်မယ့် နေရာကို အမေရိကန်အစိုးရက ၂၀၀၈ ခုနှစ်မှာ ဝယ်ယူခဲ့တာဖြစ်ပြီး၊ သမ္မတဟောင်း အိုဘားမားကတော့ ၂၀၀၉ ခုနှစ် ဇန်နဝါရီလကျမှ တရားဝင် သမ္မတတာဝန်ယူခဲ့တာပါ။

ဖေဖော်ဝါရီ လကုန်လောက်မှာ သွားရောက်ဖို့ စီစဉ်ထားတဲ့ သမ္မတ Trump ရဲ့ အလုပ်သဘော ခရီးစဉ်အတွင်းမှာတော့ အမေရိကန်သံရုံးသစ်ကို ဖွင့်လှစ်ပေးဖို့ မျှော်လင့်ထားသလို၊ ဗြိတိန်ဝန်ကြီးချုပ် Theresa May နဲ့လည်း တွေ့ဆုံဖို့ ရှိပေမဲ့ ရက်အတိအကျ ကြေညာထားတာမျိုးတော့ မရှိပါဘူး။

ဗြိတိန်နိုင်ငံက သတင်းတွေမှာတော့ သမ္မတ Trump ရဲ့ ခရီးစဉ်ဟာ နိုင်ငံတော် ခရီးစဉ်အဖြစ်ကနေ အလုပ်သဘော ခရီးစဉ်အဖြစ် အဆင့်လျှော့ချထားတဲ့အတွက် ဘုရင်မကြီးနဲ့လည်း တွေ့ဆုံနိုင်မှာ မဟုတ်သလို၊ တခန်းတနားနဲ့ အထူးအခွင့်အရေးတွေ ခံစားရမှာမဟုတ်တဲ့အတွက် မကျေမနပ် ဖြစ်နေတာလို့ ဖော်ပြနေကြတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG