အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump က သမ္မတအဖြစ် တာဝန်ယူတဲ့ ပထမဆုံးနေ့မှာ အိမ်နီးချင်း မက္ကစီကိုနဲ့ ကနေဒါနိုင်ငံတွေက သွင်းကုန်တွေကို အခွန် ၂၅ ရာခိုင်နှုန်း တိုးကောက်ပြီး၊ တရုတ်နိုင်ငံက ကုန်ပစ္စည်းတွေကိုတော့ နောက်ထပ် ၁၀ ရာခိုင်နှုန်းတိုးကောက်မယ်လို့ ပြောလိုက်ပါတယ်။ သမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆို တာဝန်ယူမယ့် ဇန်နဝါရီလ ၂၀ ရက်နေ့မှာ လက်လွတ်စပယ်ဖွင့်ထားတဲ့ မက္ကစီကိုနဲ့ ကနေဒါ နယ်စပ်တွေကနေ ဝင်လာမယ့် ကုန်တွေကို ၂၅ ရာခိုင်နှုန်း အခွန်တိုးကောက်ဖို့ သမ္မတအမိန့်ကို လက်မှတ်ထိုး ထုတ်ပြန်မယ်လို့ သူ့ကိုယ်ပိုင် Truth လူမှုကွန်ရက်မှာ မနေ့ကပဲ ပြောလိုက်တာပါ။
မူးယစ်ဆေးဝါး မှောင်ခိုမှုတွေ အထူးသဖြင့် fentanyl မူးယစ်ဆေးဝါး ဥပဒေမဲ့ တင်သွင်းမှုတွေနဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေ တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်နေတာတွေကို ထိန်းချုပ်နိုင်တဲ့ အချိန်အထိ အခွန်တွေကို တိုးကောက်သွားမယ်လို့လည်း ပြောပါတယ်။ မက္ကစီကိုနိုင်ငံကနေတဆင့် အမေရိကန်ကို မူးယစ်ဆေးဝါးတွေ ဝင်ရောက်နေတာကို ထိန်းချုပ်ဖို့ တရုတ်နိုင်ငံက လုံလောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ မလုပ်ဘူးလို့လည်း ရွေးကောက်ခံသမ္မတထရမ့်က စွပ်စွဲခဲ့တာပါ။
တရုတ်နိုင်ငံက တားဆီးမှုတွေ မလုပ်မချင်း သွင်းကုန်ခွန်တွေကို နောက်ထပ် ၁၀ ရာခိုင် တိုးကောက်သွားမယ်လို့လည်း ပြောပါတယ်။ တရုတ်နိုင်ငံကို ကုန်သွယ်ဖက်ကောင်း နိုင်ငံအဖြစ် သတ်မှတ်ထားတာကို ရပ်ဆိုင်းပြီး၊ ပြီးခဲ့တဲ့ ပထမတကြိမ် သမ္မတသက်တမ်းတုန်းက တိုးမြှင့်ကောက်ခံခဲ့ဖူးတာထက် ပိုများတဲ့ သွင်းကုန်ခွန် ၆၀ ရာခိုင်နှုန်းအထိ ကောက်ခံမယ်လို့လည်း ရွေးကောက်ခံသမ္မတထရမ့် အရင်က ပြောထားဖူးပါတယ်။
Forum