သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်ဉာဏပစ္စည်းတွေတရုတ် ခိုးယူမှု စုံစမ်းဖို့ Trump အမိန့်ထုတ်


အမေရိကန်ရဲ့ ဉာဏပစ္စည်းတွေကို တရုတ်နိုင်ငံက ခိုးယူနေသလားဆိုတာစုံစမ်းဖို့ သမ္မတ Donald Trump ကကုန်သွယ်ရေးအထူးကိုယ်စားလှယ်ရုံးကို အမိန့်ပေးလိုက်ပါတယ်။ ခုလိုမလုပ်ဖို့ တရုတ်နိုင်ငံက အစောပိုင်းထဲက သတိပေးထားပြီး ကုန်သွယ်ရေးစစ်ပွဲတွေကြားမှာ ၂ နိုင်ငံလုံး အရှုံးနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ပြောကြားထားပါတယ်။

အမေရိကန်ရဲ့ နည်းပညာနဲ့ ဉာဏပစ္စည်းတွေကို တရုတ်ကခိုးယူနေတယ်ဆိုတဲ့ စွပ်စွဲမှုတွေကို စုံစမ်းဖို့ ကုန်သွယ်ရေးအထူးကိုယ်စားလှယ် Robert Lighthizer ကိုသမ္မတ Trump ကတနင်္လာနေ့က ညွှန်ကြားခဲ့တာဖြစ်ပါတယ်။ အမေရိကန်ကုမ္ပဏီတွေအနေနဲ့ တရုတ်နိုင်ငံမှာ စီးပွားရေးလုပ်နိုင်ဖို့အတွက် မူပိုင်ခွင့်ရထားတဲ့ ဉာဏပစ္စည်းနဲ့ဆိုင်တဲ့အချက်အလက်တွေ မဖြစ်မနေတရုတ်အစိုးရကို ပေးနေရတဲ့ကိစ္စကို အမေရိကန်ကုန်သွယ်ရေးတာဝန်ရှိသူတွေ စုံစမ်းရမှာဖြစ်ပါတယ်။ အမေရိကန်တို့ တီထွင်ဖန်တီးမှုတွေကို ကာကွယ်ရမယ်လို့ သမ္မတကဆိုခဲ့ပါတယ်။

တကယ်လို့တရုတ်ဖက်က မမှန်မကန်လုပ်နေတယ်လို့တေ့ွရှိရင် တရုတ်အပေါ်ဒဏ်ငွေရိုက်ဖို့ WTO ကုန်သွယ်ရေးအဖွဲ့ကြီးကို အမေရိကန်က တောင်းဆိုလာနိုင်သလို ကုန်သွယ်ခွန်တွေတိုးမြှင့်တာ ကုန်သွယ်ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတင်းကြပ်တာတွေလုပ်လာနိုင်ပါတယ်။ အမေရိကန်နဲ့ တရုတ်ကုန်သွယ်ရေးမှာ အမေရိကန်ဖက်က ဒေါ်လာဘီလျံရာနဲ့ချီလိုငွေပြနေတဲ့အပေါ် အမေရိကန်အစိုးရက စိုးရိမ်နေတာဖြစ်ပါတယ်။ အမေရိကန်နဲ့ တရုတ်ကုန်သွယ်ရေးဟာ ၂ ဖက်လုံး အပြန်အလှန်အမြတ်ထွက်တဲ့ကုန်သွယ်ရေးဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောခွင့်ရသူက အစောပိုင်းက ပြောကြားပြီး စုံစမ်းမှုတွေမလုပ်ဖို့ သတိပေးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG