သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိင်ဖျော်ဖြေရေးမယ်နှုတ်ပိတ်ခပေးတဲ့အမှု Trump မှာ အပြစ်ရှိကြောင်းဆုံးဖြတ်


အမေရိကန်သမ္မတဟောင်း Donald Trump အပေါ် စွဲဆိုထားတဲ့ လိင်ဖျော်ဖြေရေးသရုပ်ဆောင်ကို နှုတ်ပိတ်ခပေးခဲ့တဲ့အမှုနဲ့ ၂၀၁၆ ခုနှစ် ရွေးကောက်ပွဲရလဒ်အပေါ် ဩဇာလွှမ်းမိုးဖို့အတွက် တရားမဝင်ကြိုးပမ်းခဲ့တယ်ဆိုတဲ့ စွဲချက်တွေအပါအဝင် ရာဇဝတ်မှုတွေစွဲချက် ၃၄ ခုစလုံးမှာ အပြစ်ရှိကြောင်း ဂျူရီလူကြီးတွေက ကြာသပတေးနေ့မှာ ဆုံးဖြတ်လိုက်ပါတယ်။

အဖွဲ့ဝင် ၁၂ ဦးပါ ဂျူရီလူကြီးတွေက ၂ ရက်တာဆွေးနွေးခဲ့ပြီး အသက် ၇၇ နှစ်အရွယ်သမ္မတဟောင်း Trump မှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အမေရိကန်သမိုင်းမှာတော့ ပထမဆုံး အထင်ကရဖြစ်ရပ်လည်းဖြစ်ပါတယ်။ ၂၀၂၄ နိုဝင်ဘာ သမ္မတရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန်သမ္မတကိုယ်စားလှယ်လောင်းဖြစ်လာနိုင်တဲ့ Trump ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ သူရှုံးနိမ့်ခဲ့တဲ့ပြိုင်ဖက် ဒီမိုကရက်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ယှဥ်ပြိုင်ရမှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ခုတော့ Trump အနေနဲ့ ခြေချုပ်ချခံရတာ ဒါမှမဟုတ် ထောင်ဒဏ် ၄ နှစ်ထိကျခံရမယ့် အလားအလာတွေရှိနေပါပြီ။ သမ္မတဟောင်း Trump ကို ဇူလိုင်၁၁ ရက်နေ့မှာ ပြစ်ဒဏ်ချမှာဖြစ်ပါတယ်။

ဇူလိုင်လ ၁၅ ရက်နေ့မှာတော့ ၂၀၂၄ သမ္မတရွေးကောက်ပွဲအတွက် ရီပတ်ဘလစ်ကန်ပါတီညီလာခံက သမ္မတကိုယ်စားလှယ်လောင်းကို တရားဝင် ရွေးချယ်ကြမှာဖြစ်ပါတယ်။ Trump ရဲ့ ရှေ့နေ Todd Blanche က စီရင်ချက်ကို ပယ်ဖျက်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် နယူးယောက်တရားရုံးချုပ် တရားသူကြီး Juan Merchan က သူ့ရဲ့တောင်းဆိုချက်ကို ချက်ချင်းပယ်ချခဲ့ပါတယ်။

ခုလိုအပြစ်ရှိကြောင်းဆုံးဖြတ်ခဲ့တဲ့အပေါ် Trump ဘက်က အယူခံဝင်မှာဖြစ်ပြီး သမ္မတရွေးကောက်ပွဲကိုလည်း ဆက်ပြီး ပါဝင်ယှဥ်ပြိုင်နိုင်ပါတယ်။ အမေရိကန်ဖွဲ့စည်းအုပ်ချုပ်ပုံမှာ ရာဇဝတ်မှုနဲ့အပြစ်ရှိသူတွေကို သမ္မတဖြစ်ခွင့်မရှိဘူးဆိုပြီး တားမြစ်ပိတ်ပင်ထားတာမရှိပါဘူး။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG