သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရယန္တရား ယာယီပြန်ဖွင့်ဖို့ ကန်အမတ် သမ္မတ Trump ကို တိုက်တွန်း


ပိတ်ထားရတဲ့ ပြည်ထောင်စု အစိုးရလုပ်ငန်းတွေကို အနည်းဆုံး ယာယီအားဖြင့် ပြန်ဖွင့်ပြီး ဒီမိုကရက်တွေနဲ့ နယ်စပ် တံတိုင်းကိစ္စ ဆက်ပြီး ညှိနှိုင်းဖို့ အမေရိကန် အထက်လွှတ်တော်က သမ္မတ Donald Trump အနီးစပ်ဆုံး မဟာမိတ် တဦးက တိုက်တွန်းလိုက်ပါတယ်။

တောင်ကယ်ရိုလိုင်းနား အထက်လွှတ်တော် အမတ် Lindsey Graham က နောက်တကြိမ် အခွင့်အရေးပေး ဆွေးနွေးပြီးချိန်မှာ သမ္မတ လုပ်ပိုင်ခွင့်အရ နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာတာကို ထောက်ခံမယ်လို့ Fox News Sunday ဆွေးနွေးပွဲမှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

သီတင်း သုံးပတ်လောက် လိုမျိုး ကာလတို အတိုင်းအတာ တခု အစိုးရကို ပြန်ပြီး လည်ပတ်ဖို့ သူ့အနေနဲ့ သမ္မတကို တိုက်တွန်းတဲ့ အကြောင်း၊ သဘောတူညီချက် တခုခု ရနိုင်လားဆိုတာကို ကြိုးစားကြည့်သင့်ကြောင်းနဲ့ သီတင်းသုံးပတ် အတွင်း အပြီးသတ် မရနိုင်ဘူးဆိုရင်တော့ မဖြစ်နိုင်တာ သေချာသွားပါပြီလို့ အထက်လွှတ်တော် အမတ် Graham က ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

သမ္မတဒေါ်နယ်ထရမ့် ကတော့ မက္ကဆီကို နယ်စပ်ဒေသဟာ လုံခြုံရေးအရ ဆိုးဆိုးရွားရွား ကျိုးပေါက်နေတယ်လို့ သမ္မတ ထရမ့်က သူ့ Twitter ကတဆင့် တနင်္ဂနွေနေ့တုန်းက ပြောဆိုလိုက်ပါတယ်။ ဒီလို နယ်စပ်မလုံခြုံမှုကြောင့် ဆုံးရှုံးနေရ တာတွေဟာ လတ်တလော အစိုးရယန္တရားတွေ ရက်ရှည်ရပ်နား ထားရလို့ နစ်နာရတာထက် အဆပေါင်းများစွာ ပိုတယ်လို့ ထရမ့်ကပြောပါတယ်။ ဒါကြောင့် တောင်ပိုင်းဒေသ နယ်စပ်ကို တံတိုင်းကာလိုက်မယ်ဆိုရင် တတိုင်းပြည်လုံးအတွက် ရာဇဝတ်မှုတွေ ကျဆင်းသွားလိမ့်မယ်လို့ သူကဆိုပါတယ်။ သမ္မတထရမ့်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း Texas ပြည်နယ်ကို သွားရောက်ပြီး နယ်စပ်ဒေသ လုံခြုံရေးကို ကိုယ်တိုင်လေ့လာခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်အစိုးရယန္တရား ၄ပုံတပုံလောက် ရပ်နားထားရတာကြောင့် အစိုးရဝန်ထမ်း ၈ သိန်းလောက် ပြီးခဲ့တဲ့ သောကြာနေ့မှာ ပုံမှန်ဝင်နေကျ လစာ မရခဲ့ကြပါဘူး။ အမေရိကန်နိုင်ငံထဲ လူအများဆုံး ခိုးဝင်လေ့ရှိတဲ့ ၊ (၃၂၀၀)ကီလိုမီတာ အရှည်ရှိတဲ့ မက္ကဆီကိုနယ်စပ်မှာ တံတိုင်းတည်ဆောက်ဖို့ဘတ်ဂျက် ၅ ဘီလျံကျော် တောင်းခံရာက သမ္မတထရမ့်နဲ့ လွှတ်တော်ကြား အငြင်းပွားပြီး အစိုးရယန္တရားတွေ ရပ်ဆိုင်းသွားခဲ့တာပါ။

အစိုးရလုပ်ငန်းတွေ ပြန်ဖွင့်နိုင်ဖို့ ဒီနေ့ တနင်္လာနေ့ထိ သမ္မတနဲ့ အောက်လွှတ်တော်ခေါင်းဆောင်တွေကြား တွေ့ဆုံမယ်ဆိုတဲ့ အရိပ်အယောင်တွေ မတွေ့ရ သေးပါဘူး ။ စနေနေ့ကFox ရုပ်သံ သတင်းဌာနနဲ့ မေးမြန်းခန်းမှာတော့ သမ္မတ ထရမ့်က အစိုးရလုပ်ငန်း ရပ်ဆိုင်းနေတဲ့ကိစ္စကို အောက်လွှတ်တော်နဲ့ ညှိနှိုင်းနိုင်ဖို့ လမ်းဖွင့်ပေးထား သေးတာကြောင့် သူ့အနေနဲ့ နိုင်ငံတော် အရေးပေါ်အခြေအနေကို မကြေညာသေးကြောင်း ပြောဆိုခဲ့ပါတယ်။

Washington Post ၊ ABC နဲ့ CNN သတင်းဌာနတွေက ကောက်ခံတဲ့ လူထုစစ်တမ်းအရ အမေရိကန်ပြည်သူ အများစုက ထရမ့်ကို အပြစ်တင်နေကြပြီး ဒီမိုကရက်တွေထက် စာရင်၊ ရီပတ်ဘလစ်ကန် ပါတီဝင်တွေက အစိုးရယန္တရား ရပ်နားထားတဲ့ကိစ္စကိုရောက် တံတိုင်းတည်ဆောက်ရေး ကိစ္စကိုပါ ဆန့်ကျင် နေကြပါတယ်။ ABC စစ်တမ်းအရ ၅၄%က တံတိုင်းတည်ဆောက်မှုကို ဆန့်ကျင်ပြီး ၄၂% ကထောက်ခံပါတယ်။ CNN စစ်တမ်းမှာတော့ ၅၆%က ကန့်ကွက်ပြီး ၊ ၃၉% ကသာ ထောက်ခံတယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG