သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရေးပေါ်အခြေအနေကြေညာမှု ကန် သမ္မတရဲ့ အခွင့်အာဏာ


အမေရိကန်ပြည်ထောင်စုနဲ့ မက္ကဆီကိုနယ်ခြား တံတိုင်းကာရေး အသုံးစရိတ် ချထားရေး သမ္မတနဲ့ ဒီမိုကရက်လွှတ်တော်အမတ်တွေအကြား သဘောတူညီချက် မရတာကြောင့် အစိုးရလုပ်ငန်းတချို့ ယာယီရပ်ဆိုင်းထားရပါတယ်။ အစိုးရဝန်ထမ်း သုံးသိန်းရှစ်သောင်းလောက် လစာမဲ့ ခွင့်ရက်ပေးခံထားရသလို၊ ဝန်ထမ်း လေးသိန်းနှစ်သောင်းလောက် ကတော့ နောင်ပြန်ရပါ့မယ်ဆိုတဲ့ အာမခံချက် မရှိဘဲ လစာမဲ့ အလုပ်လုပ်နေရပါတယ်။ သမ္မတ Donald Trump ကတော့ တံတိုင်းကာဖို့ အသုံးစရိတ်ကို လွှတ်တော်က အတည်မပြုဘူးဆိုရင် သမ္မတရဲ့ လုပ်ပိုင်ခွင့်အရ နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာမယ်လို့ ခြိမ်းခြောက်ပြောဆိုထားပါတယ်။ နိုင်ငံတော် အရေးပေါ် အခြေအနေဆိုတာဘာလဲ၊ ကြေညာမယ်ဆိုရင် သမ္မတအနေနဲ့ ဘယ်လို လုပ်ပိုင်ခွင့်တွေရှိပါသလဲ။ ဒေါ်ခင်စိုးဝင်းနဲ့ ဦးသိန်းထိုက်ဦး ဆွေးနွေးတင်ပြထားပါတယ်။

ဦးသိန်းထိုက်ဦး။ ။ဒေါ်ခင်စိုးဝင်း ရေ သမ္မတ Trump ကတော့ သူတောင်းထားတဲ့ တံတိုင်းကာဖို့ အသုံးစရိတ် ချမပေးဘူးဆိုရင် နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာမယ်ဆိုပြီးတော့ ခြိမ်းခြောက်ထားပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ ဟုတ်ပါတယ် တိုင်းပြည်မှာ အရေးပေါ်အကျပ်အတည်း ကြုံလာရတဲ့အချိန် ဒါမှမဟုတ် နိုင်ငံအပေါ် ခြိမ်းခြောက်မှု တစုံတရာ ရင်ဆိုင်ရတဲ့အချိန်အတွက် ချက်ချင်းတုံ့ပြန်ဖို့ လိုအပ်တယ်လို့ သမ္မတအနေနဲ့ သတ်မှတ်မယ်ဆိုရင်ပေ့ါလေ သမ္မတအနေနဲ့ အရေးပေါ် အခြေအနေ ကြေညာခွင့်ပေးထားတဲ့ ဥပဒေအတိုင်း လုပ်မယ်လို့ ပြောနေတာ။ အမေရိကန်ပြည်ထောင်စုမှာ သမ္မတဟောင်း Gerald Ford လက်ထက် ၁၉၇၆ ခုနှစ် စက်တင်ဘာလက ပြဌာန်းခဲ့တဲ့ ဥပဒေပေါ့ရှင်။

ဦးသိန်းထိုက်ဦး။ ။ဒီလို နိုင်ငံတော် အရေးပေါ် အခြေအနေကြေညာမယ်ဆိုရင် လွတ်တော်ရဲ့ အခန်းကဏ္ဍရော ဘယ်လိုရှိပါသလဲခင်ဗျ။

ဒေါ်ခင်စိုးဝင်း။ ။ သမ္မတရဲ့ လုပ်ပိုင်ခွင့်ကို အတည်ပြုတဲ့ တချိန်တည်းမှာ လွှတ်တော်ကနေ ဒီ လုပ်ပိုင်ခွင့်ကို ပြန်လည်ထိန်းညှိပိုင်ခွင့် လည်း ပြဌာန်းထားပါတယ်။ ဥပမာ- အရေးပေါ် အခြေအနေ ကြေညာပြီးရင်၊ ဆက်ထားမလား၊ ရုပ်သိမ်းမလားဆိုတာကို လွှတ်တော် နှစ်ရပ်စလုံးက မဲခွဲဆုံးဖြတ်ရပါတယ်။အထက်လွှတ်တော်က ခြောက်လတကြိမ် ဒီကြေညာချက်ကို ပြန်သုံးသပ်ရသလို၊ တနှစ်ပြည့်လို့ သမ္မတက ထပ်ပြီး သက်တမ်းမတိုးဘူးဆိုရင်လည်း အလိုအလျှောက် ပျက်ပျယ်သွားတယ်လို့ ဆိုပါတယ်။

ဦးသိန်းထိုက်ဦး။ ။ ဒါပေမယ့် အဓိက အငြင်းပွားနေတာက သမ္မတ Trump အနေနဲ့ ကြေညာပိုင်ခွင့်ရှိမရှိဆိုတာပါ။ ဥပဒေကြောင်းအရတော့ သမ္မတ Trump အနေနဲ့ လုပ်ပိုင်ခွင့်ရှိတဲ့အတွက် အရေးပေါ် အခြေအနေ ကြေညာမယ်ဆိုရင် ကြေညာပိုင်ခွင့်ရှိတယ်လို့ ပြောနေပါတယ်။ ဒါပေမယ့် သူအကြောင်းပြနေတဲ့ လက်ရှိ အမေရိကန်ပြည်ထောင်စုတောင်ဘက်နယ်စပ်က အခြေအနေဟာ အမှန်တကယ် အရေးပေါ် အခြေအနေ ဟုတ်ရဲ့လားဆိုတာကတော့ အငြင်းပွားမှုတွေ ရှိနေပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ ဟုတ်ပါတယ်။ နိုင်ငံရဲ့ တောင်ပိုင်းမှာ ရွှေ့ပြောင်းအခြေချသူတွေ ရောက်လာပြီး ဝင်ဖို့ ကြိုးစားနေတာကြောင့် လူသားချင်းစာနာမှုအခြေအနေနဲ့၊ အမျိုးသားလုံခြုံရေး ဆိုင်ရာ အရေးပေါ် အခြေအနေကို ရင်ဆိုင်နေရပြီဆိုပြီး သမ္မတ Donald Trump က ပြောနေပါတယ်။ ရာဇဝတ်သားတွေ တိုင်းပြည်ထဲကို ဝင်တော့မယ်လို့ သမ္မတ Trump က ပြောထားခဲ့တာပါ။ လူကုန်ကူးတဲ့သူတွေ ရောက်လာမယ်။ မူးယစ်ဆေးဝါးတွေ ဝင်လာမယ်။ မက္ကဆီကိုဘက်ကနေ အကြမ်းဖက်သမားတွေ ဖြတ်ဝင်လာနိုင်တယ်လို့လည်း သတိပေးနေပါတယ်။ ဒါပေမဲ့လည်း အခု ရောက်လာနေတဲ့ ရွှေ့ပြောင်းဝင်ရောက်သူတွေဟာ သမ္မတ Trump အစိုးရဘက်က ပြောနေသလို မဟုတ်ဘူးဆိုပြီး ဒီမိုကရက် အမတ်တွေက ငြင်းချက်ထုတ်နေပါတယ်။

ဦးသိန်းထိုက်ဦး။ ။ ဒီနေရာမှာ သမ္မတ Trump အရေးပေါ် ကြေညာမယ်ဆိုရင် လွှတ်တော်က ဟန့်တားနိုင်ပါ့မလားဆိုတာလည်း လူတွေက သိချင်နေကြတယ်ခင်ဗျ။ သမ္မတက အရေးပေါ် အခြေအနေကြေညာပေမဲ့ လွှတ်တော်နှစ်ရပ်စလုံးမှာ ရှိတဲ့ အမတ် အများစုက သဘောမတူဘူးဆိုရင် ကြေညာချက် အထ မမြောက်ပါဘူး။ လွှတ်တော်နှစ်ရပ်စလုံးရဲ့ သုံးပုံနှစ်ပုံက ကန့်ကွက်ဖို့ လိုပါတယ်။ ဒါပေမဲ့လည်း ရီပတ်ဗလစ်ကန် ပါတီဝင်အများစု လွှမ်းမိုးတဲ့ အထက်လွှတ်တော်အနေနဲ့ သမ္မတ Trump အရေးပေါ် အခြေအေန ကြေညာမယ်ဆိုရင်၊ ဆန့်ကျင်ဖို့ ဖြစ်နိုင်ခြေ မရှိသလောက်ပဲလို့ လေ့လာသူတွေက ပြောဆိုနေပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ ဒီလို နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာမယ်ဆိုရင် သမ္မတ Trump အနေနဲ့ ဘာတွေ လုပ်ပိုင်ခွင့် ရှိမလဲ။ နိုင်ငံတော် အရေးပေါ် အခြေအနေ ကြေညာမယ်ဆိုရင် သမ္မတ အနေနဲ့ တိုင်းပြည်အတွင်း ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာ၊ သယ်ယူပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးကို ထိန်းချုပ်တာ၊ စစ်အုပ်ချုပ်ရေးကြေညာတာ၊ ပုဂ္ဂလိက လုပ်ငန်းတွေနဲ့ပတ်သက်လို့ စည်းမျဉ်းတွေသတ်မှတ်တာ၊ ပြည်ပကို စစ်တပ်တွေ စေလွှတ်တာ စတဲ့ လုပ်ပိုင်ခွင့် တော်တော်များများ ဥပဒေအရ အပ်နှင်းထားပါတယ်။ သမ္မတ Trump အနေနဲ့ သူ့ဘက်က လုပ်သင့်တယ်လို့ သက်သေပြတောင်းဆိုနိုင်တဲ့ လုပ်ပိုင်ခွင့်တွေနဲ့အတူ၊ ဒီမိုကရက်ပါတီဝင် အမတ်တွေ ကန့်ကွက်နေတဲ့ မက္ကဆီကိုနဲ့ တံတိုင်းကာရေး အသုံးစရိတ်ကို ခွဲတမ်းချ သုံးစွဲနိုင်ခွင့် ရသွားပါလိမ့်မယ်။

ဦးသိန်းထိုက်ဦး။ ။ ဟုတ်ကဲ့ ဒီနေရာမှာ မေးစရာရှိတာက တံတိုင်းကာဖို့ ငွေ ဘယ်က ရနိုင်မလဲပေါ့လေ။ တံတိုင်းကာရေး အသုံးစရိတ်နဲ့ပတ်သက်လို့ ရှုတ်ထွေးမှုတွေ ရှိလာနိုင်ပါတယ်။ လွှတ်တော်ရဲ့ သဘောတူညီချက်မယူဘဲ ကာကွယ်ရေး ဝန်ကြီးရဲ့ အတည်ပြုချက်နဲ့ စစ်တပ်က အရေးပေါ် စီမံခန့်ခွဲပြီး၊ ရှိပြီးသား အသုံးစရိတ်ကို ပြန်ခွဲတမ်းချ သုံးနိုင်ပါတယ်။ လောလောဆယ်တော့ အမေရိကန် စစ်တပ်၊ အင်ဂျင်နီယာတပ်ခွဲ အတွက် မသုံးရသေးတဲ့ ဘဏ္ဍာရေးခွဲတမ်းတချို့ကို အိမ်ဖြူတော်က လေ့လာ စုံစမ်းနေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ Puerto Rico, Texas, California နဲ့ ဖလော်ရီဒါ ပြည်နယ်တွေမှာ သဘာဝဘေးအန္တရယ်တွေ ကြုံခဲ့ရင် အသုံးပြုဖို့ ချထားတဲ့ ခွဲတမ်းထဲက ငွေတွေကို တံတိုင်းအတွက် သုံးတာမျိုး ဖြစ်လာနိုင်တယ်လို့ သတင်းတွေမှာ ရေးကြပါတယ်။ ဒီနေရာမှာ အရင်တုန်းက အမေရိကန် ပြည်ထောင်စုမှာ ဒီလို အရေးပေါ် စီမံချက် ဥပဒေ အသုံးပြုဘူးသလား ဆိုတာ မေးခွန်းထုတ်စရာတွေ ဖြစ်လာပြန်ပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ ဒီလို အရေးပေါ် စီမံချက် ဥပဒေ အသုံးပြုဘူးသလား ဆိုရင်တော့ ၁၉၇၉ ခုနှစ်နောက်ပိုင်း အတိအကျကတော့ အရေးပေါ် စီမံချက် အက်ဥပဒေ အတည်ပြုပြီးနောက်ပိုင်းပေါ့လေ ။ အမေရိကန်ပြည်ထောင်စုမှာ အရေးပေါ် အခြေအနေတွေ ကြေညာခဲ့ဘူးပါတယ်။ အီရန်နိုင်ငံ Tehran မြို့တော်က အမေရိကန်သံရုံး အသိမ်းခံရပြီး၊ အမေရိကန်နိုင်ငံသားတွေ ဓားစာခံအဖြစ် အဖမ်းခံခဲ့ရတဲ့အချိန်၊ အီရန်နိုင်ငံရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းထားဖို့ အရေးပေါ် အခြေအနေ သမ္မတဟောင်း Jimmy Carter လက်ထက်မှာ ကြေညာခဲ့တာပါ။ နောက်ပိုင်း သမ္မတ ၆ ဆက် ဒီကြေညာချက်ကို နှစ်စဉ် သက်တမ်းတိုးခဲ့ပါတယ်။ သမ္မတဟောင်း Bill Clinton လက်ထက် ၁၉၉၆ ခုနှစ်ကလည်း ကျုးဘားကမ်းလွန်မှာ အရပ်ဘက် လေယာဉ်နှစ်စင်းကို ကျုးဘားစစ်တပ်က ပစ်ချခဲ့ပြီးတဲ့နောက် အရေးပေါ် စီမံချက် အက်ဥပဒေ ကြေညာခဲ့ပါတယ်။ ဒီ ကြေညာချက်က အခုအချိန်အထိ အကျုံးဝင်နေဆဲဖြစ်ပါတယ်။

ဦးသိန်းထိုက်ဦး။ ။ကျနော်မှတ်မိသလောက် သမ္မတဟောင်း George W. Bush လက်ထက်၊ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် အကြမ်းဖက် တိုက်ခိုက်ခံရအပြီး စက်တင်ဘာ ၁၄ ရက်နေ့မှာ ကြေညာခဲ့တဲ့ စစ်တပ်ကို ကျယ်ကျယ်ပြန့်ပြန့် စုစည်း၊ ဆော်သြခွင့် သမ္မတကို အာဏာ အပ်နှင်းတဲ့ အရေးပေါ် စီမံချက် ဥပဒေလည်း အဲဒီတုန်းက ထုတ်ပြန်ခဲ့ပြီး အခုအချိန်အထိ အကျုံးဝင်နေဆဲဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ ဒါနဲ့ ဆက်စပ်ပြီးတော့ ဗဟုသုတအနေနဲ့ ပြောရမယ်ဆိုရင် အမေရိကန်ပြည်ထောင်စုမှာ အခုအချိန်အထိ အကျုံးဝင်နေဆဲ ကြေညာထားတဲ့ အရေးပေါ် စီမံချက် ဥပဒေ ၂၈ ခု ရှိပါတယ်။ အများစုဟာ နိုင်ငံတကာနဲ့ပတ်သက်တဲ့ အရေးပေါ် စီးပွားရေး လုပ်ပိုင်ခွင့် ဆိုင်ရာ ဥပဒေ ခေါင်းစဉ် အောက်မှာ ကြေညာခဲ့ကြတာပါ။ နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်ပြီး စီးပွားရေးအရ ဒဏ်ခတ်တာတွေ ပြဌာန်းဖို့ သမ္မတကို အာဏာအပ်နှင်းတဲ့ အရေးပေါ် စီမံချက် ဥပဒေတွေ ဖြစ်ပါတယ်။

ဦးသိန်းထိုက်ဦး။ ။ဟုတ်ကဲ့ပါ အခုကြုံရတဲ့ အခြေအနေကို ပြန်ကောက်မယ်ဆိုရင်တော့ သမ္မတ Donald Trump က အရေးပေါ် စီမံချက်ဥပဒေ ကြေညာလိုက်တာနဲ့ သူ့အနေနဲ့ လွှတ်တော်အတည်ပြုချက်မယူပဲ သူသုံးချင်တဲ့ တံတိုင်းအတွက် ဘဏ္ဍာငွေကို သုံးစွဲခွင့်ရနိုင်ပါတယ်။ ဒါပေမဲ့ လွှတ်တော်အတွင်း ဒီကိစ္စကို ကန့်ကွက်မှုတွေ ရှိလာနိုင်ပါတယ်။

တချို့ ဥပဒေပညာရှင်တွေကြားမှာလည်း သမ္မတအနေနဲ့ ဒီလို အရေးပေါ် စီမံချက်ဥပဒေ ကြေညာမယ်ဆိုရင် လက်နက်ကိုင်တပ်ဖွဲ့တွေကို ညွှန်ကြားမယ်ဆိုရင် ရာဇဝတ်မှု ကျူးလွှန်ရာရောက်မယ်ဆိုပြီးတော့ သတိပေးရေးတာမျိုးတွေလည်း ရှိပါတယ်။ ဒါပေမယ့် တချို့ ဥပဒေပညာရှင်တွေကတော့ လက်ရှိအခြေခံဥပဒေအရ သမ္မတ Donald Trump အနေနဲ့ နိုင်ငံတော် အရေးပေါ်အခြေအနေ ကြေညာပိုင်ခွင့်ရှိသလို အသုံးစရိတ်တွေကို ဝေခွဲချဖို့အတွက် ခွင့်ပြုထားတယ်လို့လည်း ရေးနေပြန်ပါတယ်။

တရားရုံးမှာ ပြန်ပြီး အမှုရင်ဆိုင်ရတာတွေလည်း ရှိလာနိုင်ပါတယ်။ နယ်စပ်မှာ အရေးပေါ် အခြေအနေနဲ့ ကြုံနေရတာမျိုး မရှိတဲ့အတွက် သမ္မတဟာ အခြေခံဥပဒေပြဌာန်းချက်ကို ကျော်လွန်ပြီး လုပ်ပိုင်ခွင့်ကို အသုံးချနေတယ်ဆိုပြီး ဝေဖန်နေကြတဲ့ အတိုက်အခံ ဒီမိုကရက်တွေဘက်က ဥပဒေကြောင်းအရ စိန်ခေါ်တာ၊ တရားပြန်စွဲတာတွေ ဖြစ်လာနိုင်ပါတယ်။ သမ္မတဘက်က လုပ်ပိုင်ခွင့် ရှိမရှိ ဆိုတာနဲ့လို့လည်း ပတ်သက်လို့ ကျွမ်းကျင်သူတွေကြားမှာ အမြင်သဘောထားတွေ အမျိုးမျိုး ရှိနေပါတယ်။

ဒေါ်ခင်စိုးဝင်း။ ။ ဟုတ်ပါတယ် ။ ဒီလို ကန့်ကွယ်တဲ့ ဘက်ကဆိုရင် ကယ်လီဖိုးနီးယားပြည်နယ် ဒီမိုကရက် အောက်လွှတ်တော်အမတ် Adam Schiff ပြောတာကတော့ သမ္မတအနေနဲ့ အရေးပေါ်အခြေအနေ ကြေညာဖို့ လုပ်ပိုင်ခွင့်မရှိဘူးလို့ ဆိုပါတယ်။ တခြား အမတ်တဦးဖြစ်တဲ့ ဒီမိုကရက် အောက်လွှတ်တော် အမတ် Adam Smith ကတော့ သမ္မတအနေနဲ့ ကြေညာပိုင်ခွင့် ရှိတဲ့အကြောင်း ပြောဆိုနေပြန်ပါတယ်။ ဒါပေမဲ့ သမ္မတအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်တွေကို ကျော်ပြီးတော့ လုပ်ခဲ့မယ်ဆိုရင် တရားရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရနိုင်တယ်လို့ Adam Smith က သတိပေးနေပါတယ် ရှင်။

ဒေါ်ခင်စိုးဝင်းနဲ့ ဦးသိန်းထိုက်ဦး ဆွေးနွေးတင်ပြထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG