သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြောင်းရွှေ့လာသူတွေ ခိုလှုံခွင့် ပြင်ဆင်ရေး သမ္မတ Trump ကြေညာမည်


အမေရိကန်ပြည်ထောင်စုထဲကိုဝင်ဖို့ ကြိုးစားတဲ့ ရွှေ့ပြောင်းဝင်သူတွေကို ခိုလှုံခွင့်မပေးဘဲငြင်းမယ့် အစီအစဉ်ကို သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ကြာသပတေးနေ့မှာ ကြေညာမယ်လို့ ခန့်မှန်းထားပါတယ်။ အမေရိကန်နယ်စပ်ကို ဦးတည်လာနေတဲ့ ရွှေ့ပြောင်းဝင်သူ လူတန်းရှည်ကြီးကို သမ္မတထရမ့်ပ်က ဦးတည်ချက်ထားပြီး အခုလို ရွေးကောက်ပွဲရာသီမှာမှ အရေးယူ လုပ်ဆောင်ပုံဟာ ဥပဒေကြောင်းအရ အငြင်းပွားဖွယ်ရှိပါတယ်။

လူတန်းရှည်ကြီးကို အဓိကဦးတည်ပြီး သမ္မတထရမ့်ပ်က ကန့်သတ်ချက်တွေ ချမှတ်မှာလား ဒါမှမဟုတ် နိုင်ငံတွင်း ဝင်ရောက်ဖို့ ကြိုးစားသူအားလုံးကို ကန့်သတ်မှာလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။ ဒါ့အပြင် အဲဒီလိုလုပ်ဆောင်ဖို့ သမ္မတ ထရမ့်ပ်မှာ ဥပဒေအရ လုပ်ပိုင်ခွင့် တကယ်ပဲရှိသလားဆိုတာကလည်း မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

အမေရိကန် လူဝင်မှုနဲ့ နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဥပဒေထဲက ခိုလှုံခွင့်လျှောက်ထားခြင်းဆိုင်ရာ ပြဌာန်းချက်မှာ အမေရိကန်ကို ရောက်လာတဲ့ ဘယ်သူမဆို ခိုလံှုံခွင့် လျှောက်ထားနိုင်တယ်လို့ ဖော်ပြထားပါတယ်။ အဲဒီဥပဒေကို အပြောင်းအလဲလုပ်မယ့် ဘယ်လိုပြဌာန်းချက်မျိုးမဆိုကို တရားရုံးမှာ ချက်ချင်း လျှောက်ထား ကန့်ကွက်ခံရမှာဖြစ်ပါတယ်။

ခိုလှုံခွင့်လျှောက်ထားမယ့်သူတွေအနေနဲ့ နိုင်ငံတွင်းကို တရားဝင် လာရောက်ကြဖို့ သမ္မတထရမ့်ပ်နဲ့ အစိုးရအဖွဲ့ တခြားတာဝန် ရှိသူတွေက ပြောလာတာ ကြာပါပြီ။ ဒါပေမဲ့လည်း ရွှေ့ပြောင်းဝင်သူအများစုက အဲဒါကို သတိမပြုမိကြသလို တရားဝင် နယ်စပ် ဂိတ်တွေမှာ တားဆီးတာတွေကလည်း ပိုများလာနေတာပါ။ ခိုလှုံခွင့်လျှောက်မယ့်သူတွေကို လူဝင်မှုအရာရှိတွေက လူများလွန်း နေတယ်လို့ပြောပြီး နောက်ရက်မှပြန်လာဖို့ နိုင်ငံတွင်း ဝင်ရောက်တဲ့နေရာတွေမှာ ပြောပြီးတော့ ဝင်ခွင့်မပေးကြပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG