သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ကန်သမ္မတ ဖိလစ်ပိုင်ရောက်ရှိ


ကန်သမ္မတ ဖိလစ်ပိုင်ရောက်ရှိ
ကန်သမ္မတ ဖိလစ်ပိုင်ရောက်ရှိ

အရှေ့တောင် အာရှ နိုင်ငံက ခေါင်းဆောင်တွေနဲ့ ညီလာခံကို တက်ရောက်ဖို့ အတွက် အမေရိကန် သမ္မတ Donald Trump ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာကို ဒီကနေ့ တနင်္ဂနွေနေ့မှာ ရောက်ရှိပါတယ်။

ဖိလစ်ပိုင်က မနီလာမြို့တော်မှာ အမေရိကန် သံရုံးရှေ့ကို ဖိလစ်ပိုင် ပြည်သူ ၃ ထောင့် ၅ ရာလောက် ချီတက်ဆန္ဒပြဖို့ ကြိုးစားခဲ့ကြတဲ့ ဖိလစ်ပိုင် စံတော်ချိန် ညနေ ၆ နာရီမှာ သမ္မတ Trump ရဲ့ Air Force One မနီလာမြို့တော်ကို ဆိုက်ရောက်ခဲ့တာပါ။ ဖိလစ်ပိုင်နိုင်ငံကို ကိုလိုနီပြုခဲ့ဖူးတဲ့ အမေရိကန် ပြည်ထောင်စုဟာ ပြည်ပမှာ စစ်တိုက်ဖို့ ကြိုးစားနေတယ်လို့ ဆန္ဒပြသူတွေက စွပ်စွဲပြီး သမ္မတ Trump ထွက်သွားဖို့ အော်ဟစ်ခဲ့ကြပါတယ်။ သံရုံးရှေ့၊ နောက် အာဆီယံ အဖွဲ့က ကမကထလုပ်တဲ့ ညီလာခံတွေကို သမ္မတ Trump တက်ရောက်ဖို့ ရှိနေတဲ့ နေရာတွေကို ဆန္ဒပြသူတွေ မရောက်အောင် ထောင်နဲ့ချီတဲ့ အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေက တားဆီးခဲ့ကြပါတယ်။ ဖိလစ်ပိုင်နိုင်ငံကို မထွက်ခွာခင်မှာတော့ အမေရိကန် သမ္မတ Trump က ဗီယက်နမ် သမ္မတ Tran Dai Quang နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

အမေရိကန်နဲ့ ဗီယက်နမ် နှစ်နိုင်ငံ စလုံးအတွက် အကျိုးရှိစေမယ့် နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်ရေး လုပ်လိုကြောင်း အမေရိကန် သမ္မတ Donald Trump က ပြောဆိုလိုက်ပါတယ်။ ဗီယက်နမ် သမ္မတ Tran Dai Quang နဲ့ ဒီကနေ့ တနင်္ဂနွေနေ့ ဟနွိုင်းမြို့တော်မှာ တွေ့ဆုံဆွေးနွေးပြီးနောက် ပူးတွဲသတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောဆိုတာပါ။ ကုန်သွယ်ရေးမှာ နိုင်ငံတွေ အားလုံး အနေနဲ့ စည်းမျဉ်းစည်းကမ်းနဲ့ လုပ်ရမှာ ဖြစ်ကြောင်း၊ ဗီယက်နမ်နိုင်ငံ အနေနဲ့ အမေရိကန် ပို့ကုန် တင်ပို့မှုမှာ အမြန်ဆုံး ကြီးထွားလာနေတဲ့ အပေါ်မှာလည်း အားပေးပါကြောင်း အမေရိကန် သမ္မတ Trump က ပြောဆိုပါတယ်။ ဗီယက်နမ် နိုင်ငံရဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို ချမှတ်ဆောင်ရွက်ခဲ့ပြီး ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အဘက်ဘက်က တိုးမြှင့်ဆောင်ရွက်ခဲ့တဲ့ ဗီယက်နမ် သမ္မတရဲ့ ဆောင်ရွက်ချက်တွေကိုလည်း ချီးကျူးကြောင်းနဲ့ ဗီယက်နမ် ပြည်သူ အားလုံးအတွက် စီးပွားရေး အခွင့်အလမ်းတွေ မြှင့်တင်နိုငမယ့် ပြုပြင်ပြောင်းလဲရေး အပေါ်မှာ အမေရိကန် ပြည်ထောင်စုဘက်က စိတ်အားထက်သန်ကြောင်း အမေရိကန် သမ္မတက ပြောဆိုခဲ့ပါတယ်။

အမေရိကန် ကုန်ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေ ဗီယက်နမ် နိုင်ငံတွင်း ဝင်ရောက်ရေးကိုလည်း ထဲထဲဝင်ဝင် ဆွေးနွေးခဲ့ကြကြောင်းလည်း သမ္မတက ထပ်လောင်း ပြောပါတယ်။ အမေရိကန် စွမ်းအင်၊ စိုက်ပျိုးရေး၊ ငွေကြေး ဝန်ဆောင်မှု၊ လေကြောင်းပျံသန်းရေး၊ ဒစ်ဂျစ်တယ် ကုန်သွယ်ရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ပစ္စည်းတွေ အားလုံးကလည်း ဗီယက်နမ်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတယ်လို့ ယုံကြည်ထားကြောင်း သမ္မတက ပြောဆိုပါတယ်။ တကယ်တန်းကျတော့ ဗီယက်နမ်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမှု ရှိယုံတင် မဟုတ်ဘဲ အမေရိကန်တို့က အားလုံးထက် သာလွန် ကောင်းမွန်တယ်လို့ သမ္မတ Trump က ပြောဆိုခဲ့တာပါ။ အမေရိကန် သမ္မတ Trump ဗီယက်နမကို လာရောက်တာက နှစ်နိုင်ငံ ဆက်ဆံရေး အတွက် မှတ်ကျောက်တခုဖြစ်တယ်လို့ ဗီယက်နမ် သမ္မတ Quang က ပြောဆိုပါတယ်။ မြောက်ကိုရီးယား အရေး၊ နောက် တောင်တရုတ် ပင်လယ်ပြင် အရေးတို့ကိုလည်း နှစ်နိုင်ငံ ခေါင်းဆောင်တွေ ဆွေးနွေးခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG