သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

စုံစမ်းစစ်ဆေးမှုမှာ မပတ်သက်ခဲ့ဟု သမ္မတငြင်းဆန်


၂၀၁၆ အမေရိကန်သမ္မတ ရွေးကောက်ပွဲ ကာလအတွင်း အမျိုးသမီး ၂ ယောက်ကို နှုတ်ပိတ်ခ ပေးခဲ့တဲ့အပေါ် ပြည်ထောင်စု အစိုးရရဲ့ စုံစမ်းစစ်ဆေးမှုတွေမှာ သမ္မတ Donald Trump က သူ့ကို ထောက်ခံသူတဦးကို ကြီးကြပ်ခိုင်းဖို့ ယာယီ ရှေ့နေချုပ်ဟောင်းကို ခိုင်းစေခဲ့ကြောင်း သတင်းတွေကို သမ္မတက ငြင်းဆန်လိုက်ပါတယ်။

နယူးယောက်ပြည်နယ် တောင်ပိုင်းခရိုင် အစိုးရရှေ့နေ Geoffrey Berman ကို စုံစမ်းစစ်ဆေးမှုတွေမှာ ကြီးကြပ်ခိုင်းဖို့ သမ္မတ Trump က ယာယီ ရှေ့နေချုပ် Matthew Whitaker ကို ပြောဆိုခဲ့ကြောင်း New York Times သတင်းစာက မနေ့တုန်းကပဲ ဖော်ပြလိုက်တာပါ။ သမ္မတ Trump ကတော့ အတုအယောင် သတင်းသာ ဖြစ်ကြောင်း မနေ့တုန်းကပဲ သတင်းထောက်တွေကို ပြောဆိုပြီး ငြင်းဆန်ထားပါတယ်။ သတင်းဖော်ပြချက် အတိုင်းသာ မှန်ခဲ့မယ် ဆိုရင်တော့ သမ္မတနဲ့ သူ့လူတွေရဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေကို ကြားဝင်စွက်ဖက်တဲ့ အထောက်အထား တခုလည်း ဖြစ်လာနိုင်ပါတယ်။

New York Times သတင်းစာကတော့ လက်ထောက် ရှေ့နေချုပ်ဟောင်းနဲ့ သမ္မတ Trump တို့ တယ်လီဖုန်းဆက် စကားပြောခဲ့တာကို တိုက်ရိုက်သိရှိထားတဲ့ အစိုးရတာဝန်ရှိသူတွေကို ကိုးကားဖော်ပြခဲ့တာပါ။ အစိုးရရှေ့နေ Berman ကတော့ အကျိုးစီးပွား ပဋိပက္ခတွေကြောင့် စုံစမ်းစစ်ဆေးမှုတွေကနေ ပေးထွက်ပေး ထားကြောင်း လည်း သတင်းက ဖော်ပြပါတယ်။

စုံစမ်းစစ်ဆေးမှုတွေမှာတော့ Trump နဲ့ တချိန်က ငြိစွန်းဖူးကြောင်း စွပ်စွဲခဲ့သူ အမျိုးသမီး ၂ ဦးကို ရှေ့နေဟောင်း Michael Cohen က ငွေကြေးပေးခဲ့ဖူးတဲ့ ကိစ္စတွေလည်း ပါဝင်ပါတယ်။ သမ္မတအဖြစ် ၀င်ပြိုင်မယ့် Trump ကို မထိခိုက်အောင် အမျိုးသမီးတွေကို ငွေပေးနှုတ်ပိတ်ဖို့ ရည်ရွယ်ခဲ့တာပါ။

ငွေပေးတဲ့ ကိစ္စတွေနဲ့ ဆက်နွယ်ပြီး ရွေးကောက်ပွဲ မဲဆွယ်ရန်ပုံငွေ စည်းမျဉ်းတွေကို ချိုးဖောက်မှုနဲ့ အပြစ်ရှိကြောင်းလည်း ရှေ့နေ Cohen က ၀န်ခံထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG