သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump အမြဲသတိရနေမယ့် အစ္စရေး အတွေ့အကြုံ


အစ္စရေးနိုင်ငံကိုရောက်ရှိနေတဲ့ အမေရိကန်သမ္မတ Donald Trump အီရန်ရဲ့ ရန်လိုတဲ့ အပြုအမူနဲ့ စစ်ရေး တည်ဆောက်မှုတွေကို တနင်္လာနေ့က အပြင်းအထန် ဝေဖန် ပြောကြားလိုက်ပါတယ်။ သမ္မတဖြစ်လာပြီး အစ္စရေးနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်တဲ့ သမ္မတ Trump ရဲ့ အဲဒီလို ပြောဆိုမှုကို ဝန်ကြီးချုပ် Benjamin Netanyahu က ထောက်ခံ ကြိုဆိုလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဆော်ဒီအာရေးဗီးယားကတဆင့် အစ္စရေးနိုင်ငံကို မေလ ၂၂ ရက်နေ့က ရောက်သွားတဲ့ သမ္မတ Donald Trump ဟာ တာဝန် ထမ်းဆောင်နေတဲ့ အမေရိကန် သမ္မတဦးအနေနဲ့ ဂျူးဘာသာဝင်တွေအတွက် အထွတ်မြတ်ဆုံး နေရာတခုဖြစ်တဲ့ ဂျေရုဆလင် မြို့ဟောင်းက Western Wall နဲ့ ခရစ်ယာန် ဘာသာဝင်တွေရဲ့ ဘာသာရေးအရ အထွတ်အမြတ်ထားရာ နေရာတွေကို သွားရောက်ခဲ့ပါတယ်။

အမေရိကန်နဲ့ အစ္စရေးနိုင်ငံတို့ရဲ့ အီရန်အပေါ် ထားရှိတဲ့ သဘောထားဟာ အတူတူပဲဖြစ်ကြောင်း ဂျေရုဆလင်မြို့မှာ အစ္စရေးသမ္မတ Reuven Rivlin နဲ့အတူ ပြောကြားတဲ့ မိန့်အခွန်းအတွင်း သမ္မတ Trump က ထည့်သွင်း ပြောကြားခဲ့ပါတယ်။

“အီရန်နိုင်ငံ နျူကလီးယား လက်နက်မပိုင်ဆိုင်ရေးအတွက် အမေရိကန်ပြည်ထောင်စုနဲ့ အစ္စရေးနိုင်ငံတို့က တညီတညွတ်ထဲ သဘောထား ထုတ်ပြန်လိုက်ပါတယ်။ ဒါ့အပြင် စစ်သွေးကြွတွေကို ငွေကြေးနဲ့ လက်နက် ထောက်ပံ့နေတာ၊ စစ်သင်တန်းတွေ ပို့ချပေးနေတာတွေကိုလည်း အီရန်နိုင်ငံအနေနဲ့ ချက်ခြင်း ရပ်တန့်ရမှာ ဖြစ်ပါတယ်။”

အဲဒီနောက်မှာတော့ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu နဲ့ သီးခြားမတွေ့ဆုံခင် သတင်းထောက်တွေရှေ့မှာ ခေါင်းဆောင် ၂ ဦး တွေ့ဆုံပြီး သူတိုရဲ့ အမြင်သဘောထားတွေကို ထုတ်ဖော် ပြောဆိုကြတာမှာ ၂၀၁၅ ခုနှစ်မှာ အီရန်နဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကြား ရရှိခဲ့တဲ့ နျူကလီးယား သဘောတူညီချက်ကို ထောက်ခံခဲ့တဲ့ သမ္မတ Barack Obama အစိုးရကို ဝေဖန် ပြောကြားလိုက်ပါတယ်။

“အီရန်နိုင်ငံအနေနဲ့ အမေရိကန်ပြည်ထောင်စုကို ကျေးဇူးတင်သင့်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အရင် အစိုးရလက်ထက်တုန်းက သူတို့အတွက် ကောင်းမွန်တဲ့ သဘောတူညီချက်ကို အီရန်ဘက်က ဆွေးနွေး ညှိနှိုင်းနိုင်ခဲ့ပါတယ်။ ဘယ်ရှုဒေါင့်ကပဲ ကြည့်ကြည့် ယုံနိုင်စရာမရှိတဲ့ သဘောတူညီချက် ဖြစ်ပါတယ်။ လူတချို့ကဆို ဒါမျိုး ဘယ်လိုများ စဉ်းစား မိကြသလဲ လို့တောင် ထင်ခဲ့ကြပါတယ်။ ပြဿနာပေါင်းစုံနဲ့ ရင်ဆိုင်နေရပြီး ၆ လအတွင်းလောက်မှာ သဘောတူညီချက် ပျက်ပြားတော့မယ့် အခြေဆိုက်နေတဲ့ သဘောတူညီချက် ပြန်အသက်ဝင်လာအောင်၊ ချမ်းသာကြွယ်ဝလာအောင်၊ တိုးကြီး ကြီးပွားလာအောင် လုပ်ပေးလိုက်တဲ့ ကျနော်တို့ကို ကျေးဇူးတင်မယ့်အစား အခုတော့ သူတို့က ပိုပြီးတောင် အတင့်ရဲလာနေကြပါတယ်။ အဲဒီ နျူကလီးယား သဘောတူညီချက်ဟာ သူတို့အတွက် သိပ်ကို ကောင်းမွန်လွန်းတဲ့အတွက် သူတို့ ကြိုက်သလို လုပ်လို့တယ်လို့ ထင်နေကြပါတယ်။ သူတို့ ထပ်လုပ်လို့ မရနိုင်တော့ပါဘူး။ အဲဒီသဘောတူညီချက်ထဲမှာ ပါဝင်လိုက်တာဟာ အမေရိကန်အတွက် မဟာအမှားကြီး ဖြစ်ပါတယ်။ အီရန်အနေနဲ့ ဘယ်တော့မှာ နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့် မရှိစေရပါဘူး၊ ကျနော် ကတိပေးပါတယ်။”

အမေရိကန်အပါအဝင် နိုင်ငံတကာအသိုင်းဝိုင်းနဲ့ ၂၀၁၅ ခုနှစ်မှာ နျူကလီးယား သဘောတူ စာချုပ် ချုပ်ဆိုလိုက်တဲ့အတွက် အီရန်အနေနဲ့ သူ့ရဲ့ နျူကလီးယား အစီအစဉ်တွေကို ဖျက်သိမ်းပေးရမှာဖြစ်ပါတယ်။ အီရန်က အဲဒီလို သဘောတူလိုက်တဲ့အတွက် နိုင်ငံတကာ အသိုင်းဝိုင်းဘက်ကလည်း အီရန်အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေကို ပြန်လည် ရုပ်သိမ်းပေးခဲ့ပါတယ်။

အီရန်နဲ့ နိုင်ငံတကာ အသိုင်းဝိုင်းကြား သဘောတူညီချက် ရရှိလိုက်တဲ့အပေါ် အစ္စရေးနိုင်ငံက အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။

အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu ကလည်း သမ္မတ Trump ရဲ့ အီရန်အပေါ်ထားတဲ့ သဘောထားကို ကြိုဆိုလိုက်ပါတယ်။

“အီရန်အပေါ် သမ္မတကြီး ထားရှိတဲ့ ပြင်းထန်တဲ့ သဘောထားတင်မကပါဘူး၊ လုံခြုံရေးနဲ့ဆိုင်တဲ့ မတူညီတဲ့ ရပ်တည်ချက်တွေအပြင် အစ္စရေးနဲ့ အာရပ်ကမ္ဘာအကြား ရင်ကြားစေ့ရေး ဖြစ်ပေါ်စေအောင် တွန်းအားပေး လုပ်ဆောင်မှုတွေက ပါလက်စတိုင်းနဲ့ အစ္စရေးအကြား ရင်ကြားစေ့ရေးကို အထောက်အကူ ပြုစေပါမယ်။ ဒီကိစ္စအသေးစိတ်ကို အခုလို ကင်မရာတွေ အများကြီးရှေ့မှာ မဟုတ်ပဲ သီးခြား တွေ့ဆုံတဲ့အခါ ဆွေးနွေးပါမယ်။”

အစ္စရေးနဲ့ ပါလက်စတိုင်းအကြား ငြိမ်းချမ်းရေး ရရှိဖို့ဟာ အများက ထင်ထားတာလောက် ခက်ခဲမှာမဟုတ်ဘူးလို့ မတ်လတုန်းအတွင်း အစ္စရေးဝန်ကြီးချုပ် Netanyahu နဲ့ အိမ်ဖြူတော်မှာ တွေ့ဆုံစဉ် သမ္မတ Trump က ပြောကြားခဲ့ဘူးပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေး ရရှိအောင် ဘယ်လို ချဉ်းကပ် လုပ်ဆောင်သွားမလဲဆိုတာကိုတော့ အခုချိန်ထိ သမ္မတ Trump က ထုတ်ဖော် ပြောဆိုခြင်း မရှိသေးပါဘူး။

သမ္မတ Trump ဟာ တနင်္လာနေ့မှာ ဝန်ကြီးချုပ် Netanyahu နဲ့ မတွေ့ဆုံခင် အစ္စရေးသမ္မတ Reuven Rivlin နဲ့လည်း တွေ့ဆုံခဲ့တာပါ။

သမ္မတ Trump ဟာ ဒီကနေ့ အင်္ဂါနေ့မှာတော့ ပါလက်စတိုင်းသမ္မတ Mahmoud Abbas နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

သမ္မတ Trump နဲ့အတူ နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ၊ သမ္မတရဲ့ အကြီးတန်း အကြံပေးအရာရှိလည်းဖြစ်၊ သားမက်လည်းဖြစ်တဲ့ Jared Kushner နဲ့ သမီးဖြစ်သူ Ivanka Trump တို့လည်း လိုက်ပါသွားကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG