သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗီယက်နမ်ထိပ်သီးဆွေးနွေးပွဲ သဘောတူညီချက် မရ အဆုံးသတ်


အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong-un တို့ရဲ့ ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးဟာ သဘောတူညီချက်တခုခု မရဘဲနဲ့ အဆုံးသတ်သွားပါပြီ။ မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေ အားလုံးကို ရုပ်သိမ်းပေးဖို့ Kim Jong-un ဘက်က တောင်းဆိုပေမယ့် နျူကလီးယားအစီအစဉ် နဲ့ ပတ်သက်လို့ အမေရိကန်ဘက်က လိုချင်သလောက် ဖျက်သိမ်းပေးဖို့ သဘောမတူခဲ့ဘူးလို့ သမ္မတထရမ့်ပ်က ပြောပါတယ်။ ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့တော်မှာ ဒီကနေ့လုပ်တဲ့ အမေရိကန်-မြောက်ကိုရီးယား ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေး ဟာ ရလဒ်တခုခု ထွက်မလာဘဲနဲ့ အဆုံးသတ်သွားတာပါ။

ဆွေးနွေးပွဲအတွင်း အဓိက ပြောဆိုခဲ့ကြရတာက မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ နိုင်ငံတကာ ဒဏ်ခတ်အရေးယူမှုတွေ ကိစ္စပဲဖြစ်ပြီး အဲဒီအပေါ် နှစ်ဘက် သဘောတူညီချက် မရခဲ့တာဖြစ်တယ်လို့ မျှော်လင့်ထားတာထက်စောပြီး အစည်းအဝေး အဆုံး သတ်သွားပြီးတဲ့နောက်လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတထရမ့်ပ်က ပြောသွားပါတယ်။

“အခြေခံအားဖြင့် ဒဏ်ခတ်အရေးယူမှုတွေအားလုံးကို ရုပ်သိမ်းဖို့ သူတို့ကလိုချင်ပြီး ကျနော်တို့က အဲဒါကို မလုပ်နိုင်ပါ ဘူး။ ကျနော်တို့ဖြစ်ချင်သလောက် နျူကလီးယားအစီအစဉ် အစိတ်အပိုင်းကြီးတခုကို ဖျက်သိမ်းပေးဖို့ သူတို့ဆန္ဒရှိပါတယ်။ ဒါပေမယ့် အဲဒီအတွက်တော့ ဒဏ်ခတ်အရေးယူမှုအားလုံးကို ရုပ်သိမ်းမပေးနိုင်ပါဘူး။ ဆိုတော့ ကျနော်တို့ ဆက်ပြီး ပြောဆို လုပ်ကိုင်သွားမှာပါ။ ဒါပေမယ့် လက်ရှိမှာတော့ အစည်းအဝေးကို ကျနော်တို့ အဆုံးသတ်လိုက်ရပါပြီ။”

အစည်းအဝေးက အောင်မြင်မှုမရဘဲ အဆုံးသတ်သွားပေမယ့်လည်း Kim Jong-un အပေါ် သူ ယုံကြည်မှုရှိတယ်လို့ သမ္မတ ထရမ့်ပ်ကဆိုပြီး နျူကလီးယားကင်းရှင်းရေး လုပ်ဆောင်ချက်တွေနဲ့ပတ်သက်လို့ “သူ့ပြောစကားအပေါ် လက်ခံမှာဖြစ်တယ်” လို့ ပြောပါတယ်။

ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေ ဆက်ရှိနေမှာဖြစ်သလို မိတ်ဆွေကောင်းတွေအဖြစ် ဆက်ရှိသွားမှာဖြစ်တယ်လို့လည်း သမ္မတထရမ့်ပ်က ပြောပါတယ်။

“အရေးယူမှုတွေ ဆက်ရှိနေဆဲပါ။ ကျနော်တို့ဘက်က အားလုံးကို အလျှော့ပေးလိုက်ပြီလို့ ခင်ဗျားတို့တွေ ပြောကြတာ ကို ကျနော်တွေ့ပါတယ်။ ကျနော်တို့ ဘာကိုမှ အလျှော့ပေးမထားပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဥက္ကဋ္ဌကြီး Kim နဲ့ရော မြောက်ကိုရီးယားနဲ့ပါ မိတ်ဆွေကောင်းတွေအဖြစ် ဆက်ရှိသွားမယ်လို့ ကျနော်ယူဆပါတယ်။ သူတို့မှာ ကြီးမားတဲ့ အလားအလာ ရှိတယ်လို့ ကျနော်ယူဆပါတယ်။ မယုံကြည်နိုင်လောက်တဲ့ အလားအလာတွေရှိတယ်ဆိုတာ လူတိုင်းကို ကျနော်ပြောပါတယ်။ ဒါပေမယ့် ဆက်ကြည့်သွားရမှာပါ။ ဒဏ်ခတ်အရေးယူမှုတွေက အဓိကအကြောင်းပါပဲ။ ဒဏ်ခတ်အရေးယူမှု ရုပ်သိမ်းဖို့ သူတို့က လိုလားပေမယ့် ကျနော်တို့လိုချင်တဲ့အပိုင်းကိုတော့ သူတို့ လုပ်မပေးချင်ပါဘူး။ သူတို့လုပ်ပေးချင်တဲ့အပိုင်းတွေ ရှိပေမယ့် ကျနော် တို့ လိုချင်တာတော့ မဟုတ်ပါဘူး။”

ဆွေးနွေးပွဲက အဆင်မပြေမှုနဲ့ အဆုံးသတ်သွားပေမယ့်လည်း နျူကလီးယားနဲ့ ဒုံးကျည်စမ်းသပ်တာတွေကို ရပ်ဆိုင်းထားမယ် ဆိုတာ Kim က သူ့ကို အာမခံပြောဆိုခဲ့တယ်လို့ သမ္မတထရမ့်ပ်ကပြောပါတယ်။

နျူကလီးယားကင်းရှင်းရေးအတွက် နှစ်ဘက်လုံးက ဆန္ဒရှိကြပေမယ့် အမြင်မတူကြတာကြောင့် သဘောတူညီချက်မရလိုက်တဲ့ သဘောမျိုးလည်း သမ္မတထရမ့်ပ်က ပြောပါတယ်။

“သူ့မှာ အမြင်တခုရှိပြီး အဲဒါက ကျနော်တို့မြင်တာနဲ့ ထပ်တူမကျပါဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ တနှစ်ကထက်စာရင်တော့ အများကြီး နီးစပ်လာပါတယ်။ အဆုံးမှာတော့ ကျနော်တို့ အမြင်တူသွားကြမယ်လို့ ကျနော်ထင်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိ ခရီးစဉ်အတွက်ကတော့ ဆွေးနွေးပွဲ အဆုံးသတ်လိုက်ဖို့ ကျနော်တို့ ဆုံးဖြတ်ပါတယ်။ ဘာဖြစ်လာမယ်ဆိုတာ ဆက်ကြည့်သွားကြ ရမှာပါ။”

အဲဒီအခြေအနေအောက်မှာပဲ ထိပ်သီးအစည်းအဝေးဟာ “သိပ်ကိုကောင်းမွန်ပြီး အပြုသဘောဆောင်တယ်” လို့ သမ္မတအိမ်ဖြူ တော်ကပြောပါတယ်။ နှစ်နိုင်ငံအကြား ဆွေးနွေးပြောဆိုတာတွေ ဆက်လုပ်သွားမယ်ဆိုတာ သမ္မတထရမ့်ပ်က အခိုင်အမာပြော ပေမယ့် ခေါင်းဆောင်နှစ်ဦးကြား တတိယ ထိပ်သီးအစည်းအဝေး ရှိလာဦးမလားဆိုတာကိုတော့ ကတိကဝတ်ပြု မပြောပါဘူး။

ခေါင်းဆောင်နှစ်ဦးပူးတွဲပြီး အစောပိုင်းကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာတော့ Kim Jong-un က သူ့အနေနဲ့ နျူကလီး ယားကင်းရှင်းအောင်လုပ်ဖို့ ဆန္ဒမရှိဘူးဆိုရင် ဒီနေရာမှာ အခု ရောက်နေမှာမဟုတ်ဘူးလို့ သတင်းထောက်တွေကို ပြောထားပါ တယ်။ Kim ရဲ့ အဲဒီအဖြေအပေါ် သမ္မတထရမ့်ပ်က “ဒါဟာ အဖြေကောင်းတခုပဲ၊ ကြားဖူးသမျှထဲမှာ အကောင်းဆုံးအဖြေ ဖြစ်လိမ့်မယ်” ဆိုပြီး သတင်းထောက်တွေကို ပြောသွားပါသေးတယ်။

ဒါ့အပြင် ပြုံယမ်းမြို့တော်မှာ အမေရိကန်ရဲ့ ဆက်ဆံရေးရုံးတရုံးဖွင့်ဖို့ အလားအလာနဲ့ပတ်သက်ပြီး သတင်းထောက်တဦးက မေးတဲ့အပေါ်မှာ သမ္မတထရမ့်ပ်က စိတ်ဝင်စားစရာ မေးခွန်းတခုပဲလို့ဆိုပြီး အဖြေကို ကြားချင်တဲ့အကြောင်း ပြောပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ Kim Jong-un က ကြိုဆိုဖို့ကောင်းတဲ့ကိစ္စတခု ဖြစ်မယ်လို့ထင်ကြောင်း ဖြေသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG