သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကို လက်တွဲဖက်မိတ်ဆွေအဖြစ် ကန် ဆက်လက်ရပ်တည်မည်


အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာနိုင်ငံနဲ့ မိတ်ဆွေ၊ လက်တွဲဖက် နိုင်ငံ အဖြစ် ဆက်လက် ရပ်တည်သွားမယ်လို့ အမေရိကန် သမ္မတ Donald Trump က သမ္မတ ဦးထင်ကျော်ထံကို ပေးပို့တဲ့ လွတ်လပ်ရေးနေ့ သဝဏ်လွှာမှာ ပြောဆိုထားပါတယ်။

ဗြိတိန် ကိုလိုနီ ဘဝကနေ မြန်မာတို့ လွတ်လပ်ရေး ရခဲ့တာဟာဆိုရင် မနက်ဖြန် ဇန်နဝါရီလ ၄ ရက်နေ့မှာ နှစ်ပေါင်း ၇၀ ပြည့်ပြီလည်း ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက အများစု အနိုင်ရခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ မြန်မာပြည်သူတွေ အတည်ပြု ထောက်ခံခဲ့တဲ့ ဒီမိုကရေစီ စံတန်ဖိုးတွေဟာဆိုရင် နိုင်ငံရဲ့ အောင်မြင်မှု၊ တည်ငြိမ် သာယာဝပြောရေး အတွက် အဓိက အရေးပါနေဆဲ ဖြစ်ပါတယ်လို့လည်း အမေရိကန် သမ္မတ Trump က လွတ်လပ်ရေးနေ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson ကလည်း မြန်မာ့ လွတ်လပ်ရေးနေ့ အတွက် သဝဏ်လွှာ ပေးပို့ခဲ့တာမှာတော့ မြန်မာပြည်သူတွေနဲ့ ဆယ်စုနှစ်ပေါင်းများစွာ ရပ်တည်လာတဲ့ အမေရိကန် ပြည်ထောင်စု အနေနဲ့ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ဆက်ပြီး ကူညီမယ်လို့ ကတိပြုထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ ဆယ်စုနှစ်နဲ့ ချီနေပြီဖြစ်တဲ့ ပဋိပက္ခတွေ အဆုံးသတ်နိုင်ရေး၊ လူ့အခွင့်ရေး လေးစားမှု ခိုင်မာလာရေး၊ ပွင့်လင်းမြင်သာမှု ရှိရေးနဲ့ တရာဥပဒေစိုးမိုးရေးနဲ့ အတူ ပြည့်စုံတဲ့ စီးပွါးရေးဖွံ့ဖြိုးမှု ရှိအောင် အရပ်ဘက် အစိုးရရဲ့ လုပ်ဆောင်နေမှု တွေကို အမေရိကန် အစိုးရက ဆက်လက် ပံ့ပိုးပေးနေမှာ ဖြစ်ကြောင်း လည်း ဖေါ်ပြထားပါတယ်။

တချိန်ထဲမှာပဲ နိုင်ငံတွင်း နေထိုင်သူအားလုံး အခွင့်အလမ်း ညီတူညီမျှ အပြည့်အဝ ရှိစေရေးနဲ့ ဒီမိုကရေစီ လူမှု အသိုင်းအဝိုင်းရဲ့ အကျိုး အမြတ်တွေကို ခံစားစေရေးအတွက် ရှေ့ဆက် တဆင့်တိုး လုပ်ဆောင်ဖို့ အာဏာပိုင်တွေကို တိုက်တွန်းခဲ့ပါတယ်။

လာမယ့် နှစ်မှာ မြန်မာ ပြည်သူအားလုံး ငြိမ်းချမ်းမှု လုံခြုံမှုနဲ့ ချမ်းသာကြွယ်ဝတွေနဲ့ ပြည့်စုံပါစေကြောင်းလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက လွတ်လပ်ရေးနေ့ သဝဏ်လွှာမှာ ဆုမွန်တောင်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG