သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ မြောက်ကိုးရီးယား ထိပ်သီးဆွေးနွေးပွဲ ဇွန်လ ၁၂ ရက် မဖြစ်နိုင်


မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ အမေရိကန်သမ္မတ ဒေါ်နလ်ထရမ့်တို့တွေ့ဆုံကြဖို့စီစဉ်ထားတဲ့ကိစ္စဟာ မရေမရာ ဖြစ်နေပါတယ်။ စီစဉ်ထားသလို ဇွန်လ၁၂နေ့မှာဖြစ်မလာရင်လည်း နောက်ပိုင်းမှာဖြစ်လာနိုင်ပါတယ်လို့ သမ္မ ထရမ့်က ပြောပါတယ်။ တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်နဲ့သမ္မတထရမ့်တို့ အိမ်ဖြူတော်မှာ မနေ့ကတွေ့ဆုံခဲ့ကြ တုန်း မြောက်ကိုရီးယားအရေးကိုပြောဆိုခဲ့ကြပါတယ်။ ဒီအကြောင်း ကိုကျော်အောင်လွင်က ဆက်ပြီးရှင်းပြပါလိမ့်မယ်။

တောင်ကိုးရီးယားနဲ့အမေရိကန်တို့ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေမကြာ ခင်ကပြုလုပ်ခဲ့တာကြောင့် အခုလာမယ့် ဇွန်လ၁၂ ရက်နေ့ကျရင် စင်္ကာပူနိုင်ငံမှာတွေ့ဆုံကြမယ်ဆိုပြီး စီစဉ်ထားကြတဲ့ မြောက်ကိုရီးယားနဲ့အမေရိကန်ခေါင်းဆောင်၂ဦး တို့ရဲ့ထိပ်သီးဆွေးနွေးပွဲကို ဖျက်မယ်လို့ မြောက်ကိုရီးယားဘက်က ခြိမ်းခြောက်ခဲ့ပြီး ရက်ပိုင်းအကြာမှာပဲ တောင်ကိုရီး ယားသမ္မတ မွန်ဂျေးအင် အမေရိကန်ကိုရောက်လာခဲ့တာပါ။ မနေ့က အိမ်ဖြူတော်မှာ သမ္မတ၂ဦးတွေ့ဆုံခဲ့ပြီး ပူးတွဲ သတင်းစာရှင်းလင်းပွဲလည်းလုပ်ခဲ့ကြပါတယ်။ မြောက်ကိုရီးယားနဲ့ထိပ်သီးဆွေးနွေးပွဲက အခုမဖြစ်ရင်လည်း နောက်မှာ ဖြစ်လာနိုင်ပါတယ်လို့ သမ္မတထရမ့်ကပြောပါတယ်။

"စီစဉ်ထားသလို မဖြစ်ရင် နောက်ပိုင်းမှာဖြစ်လာနိုင်ပါတယ်။ ကျနော်တို့တွေ့ရမှာပါ။ ဇွန်လ၁၂ရက်နေ့ စင်္ကာပူမှာတွေ့ဖို့ ကျနော်တို့ပြောထားပါတယ်။ အဲဒါ ဖြစ် မဖြစ်ဆိုတာကို ခင်ဗျားတို့မကြာခင်မှာသိရပါလိမ့်မယ်။ မြောက်ကိုရီးယားဟာ အောင်မြင်ထွန်းကားတဲ့နိုင်ငံတခုဖြစ်ဖို့အခွင့်အလမ်းရှိနေပါတယ်။ ဒီအခွင့်အလမ်းကိုသူတို့အမိအရယူသင့်တယ်လို့ ကျနော်ထင်ပါတယ်။ ဒါကိုသူတို့လုပ်ချင်သလား မလုပ်ချင်ဘူးလားဆိုတာကို ကျနော်တို့ မကြာခင်တွေ့ရပါလိမ့်မယ်။အခု တွေ့ဆုံမှုက မြောက်ကိုရီးယားအတွက်ရော ကမ္ဘာအတွက်ပါ အင်မတန်မှ အရေးကြီးတဲ့အခွင့်အလမ်းတရပ်ပါ။"

မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်ရဲ့ လုံခြုံရေးအတွက် အာမခံချက်ပေးပါတယ်လို့လည်း သမ္မတထရမ့်ကပြောပါ တယ်။

"သူ့လုံခြုံရေးအတွက် ကျနော်အာမခံပါတယ်။ ဒါကိုကျနော်တို့အစကတည်းကပြောထားပါ တယ်။ သူ့အတွက်လုံခြုံမှုရှိမယ်။ သူစိတ်ချမ်းသာရမယ်။ သူ့နိုင်ငံ ချမ်းသာလာမယ်။ သူ့နိုင်ငံကပြည်သူတွေဟာ အလုပ် အင်မတန်ကြိုးစားတဲ့ သူတွေဖြစ်ပြီး နိုင်ငံကလည်း ကြွယ်ဝနိုင်တဲ့ ရေခံမြေခံတွေရှိတယ်။ တောင်ကိုရီးယားနိုင်ငံကိုပဲ ကြည့်လိုက်ပါ။ ကျနော်တို့ တောင်ကိုရီးယားကို ဒေါ်လာတွေထြီလျှံနဲ့ချီပြီး နှစ်ပေါင်းများစွာကူညီလာခဲ့တာကို မမေ့ပါနဲ့"

မြောက်ကိုရီးယားနဲ့ အမေရိကန်တို့ဆက်ဆံခဲ့ကြတဲ့အချိန်တိုတိုအတွင်းမှာ အတွေ့အကြုံကောင်းတွေရတဲ့အကြောင်း အဖမ်းခံထားရသူ သုံးဦးပြန်လွတ်မြောက်လာပါပြီး မိသားစုတွေနဲ့ပြန်ဆုံပြီးပျော်ရွှင်နေကြတဲ့အကြောင်းနဲ့ မြောက်ကိုရီး နဲ့အခုလိုအလုပ်ဖြစ်တဲ့ဆက်ဆံရေးဟာ ရေရှည်ဖြစ်သွားမယ့်ဆက်ဆံရေးလို့မျှော်လင့်ရတယ်လို့လည်း သမ္မတထရမ့်က ပြောပါတယ်။ တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်အပေါ်မှာ သမ္မတထရမ့်က ယုံကြည်မှုအပြည့်အဝရှိနေပြီး မြောက် ကိုရီးယားနဲ့တွေ့ဆုံဆွေးနွေးရေးမှာ သမ္မတမွန်းဘက်က ပုံစံမတူတဲ့ချဉ်းကပ်မှုရှိနေပြီး သဘောတူညီမှုတွေရဖို့လည်း သူက အင်မတန်လိုလားနေတဲ့အကြောင်း၊ သမ္မတမွန်းဟာ ကိုရီးယားကျွန်းဆွယ်တခုလုံးကောင်မွန်ရေးအတွက် အင်မတန်ဖြစ်မြောက်စေချင်နေတဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့လည်း သမ္မတထရမ့်ကပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပီယိုကလည်း စင်္ကာပူမှာ ဇွန်လ၁၂ရက်နေ့တွေ့ဆုံကြမယ့် ထိပ်သီးဆွေးနွေးပွဲ အတွက် အမေရိကန်ဘက်က လုပ်စရာရှိတာတွေကို ဆက်ပြီးလုပ်နေတဲ့အကြောင်း။ ဖြစ်မဖြစ်ဆိုတာကြိုတင်မခန့်မှန်းနိုင် ပေမဲ့ နောက်ဆုံးမှာတော့ တွေ့ဆုံကြရမယ်ဆိုတာကို ယုံကြည်ထားတယ်လို့ မနေ့ကကျင်းပတဲ့ နိုင်ငံခြားရေးဌာန သတင်း စာရှင်းလင်းပွဲမှာပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG