သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နဲ့ စစ်ဖြစ်ဖို့ Trump မလိုလား


အီရန်နဲ့ စစ်တိုက်ဖို့ မလိုလားဘူးလို့ အမေရိကန် သမ္မတ Donald Trump က ပြောဆိုပြီး ကြိုတင် သတ်မှတ်ချက်တွေ မထားဘဲ အီရန်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးညှိနှိုင်းလိုတယ်လို့လည်း ပြောပါတယ်။ ဒါပေမယ့် ဘယ်လို အခြေအနေမျိုးမှာမှ အီရန် သမ္မတ နိုင်ငံကို နျူးကလီးယား လက်နက် ထုတ်ဖို့ ခွင့်မပြုဘူးလို့လည်း အမေရိကန် ခေါင်းဆောင်က ပြောဆိုလိုက်ပါတယ်။

တကယ်လို့များ အမေရိကန် အနေနဲ့ အီရန်နဲ့ စစ်ဖြစ်ခဲ့မယ်ဆိုရင်တော့ တခါမှ မကြုံဖူးသေးတဲ့ အတိုင်းအတာမျိုးနဲ့ ချေမှုန်းတိုက်ခိုက်မှု ဖြစ်လိမ့်မယ်လို့လည်း NBC ရုပ်သံရဲ့ Meet the Press အစီအစဉ်မှာ သမ္မတ Trump က ပြောဆိုခဲ့ပါတယ်။ ဒါပေမယ့် သူ့အနေနဲ့တော့ ဒီလို လုပ်ဖို့ လိုလားနေတာ မဟုတ်ဘူးလို့လည်း သမ္မတက ထပ်လောင်း ပြောပါတယ်။ အီရန်အနေနဲ့ နျူးကလီးယား လက်နက် ပိုင်ဆိုင်လို့ မရဘူး၊ ဒီအကြောင်း ဆွေးနွေးလိုတယ် ဆိုရင် ကောင်းတယ်၊ ဒီလိုမှ မဟုတ်ရင်လည်း စီးပွားရေး အကျပ်အတည်းနဲ့ ကာလရှည် နေရုံပေါ့လို့ အမေရိကန် ခေါင်းဆောင်က ပြောပါတယ်။

တနလာၤနေ့မှာ အီရန် အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုသစ်ကြီး ချမှတ်ဖို့ အစီအစဉ်ရှိကြောင်း သမ္မတက စနေနေ့မှာ ကြေညာခဲ့ပေမယ့် အသေးစိတ်ကိုတော့ မပြောပါဘူး။ သမ္မတ Trump ဘက်က ဒီလို ကြေညာပြီးနောက်မှာ NBC ရုပ်သံက သောကြာနေ့က ရိုက်ကူးထားတဲ့ သမ္မတ Trump ရဲ့ ပြောဆိုချက်တွေကို ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။

အီရန် အနေနဲ့ အကျိုးပြုပြီး တိုးတက်စည်ပင်တဲ့ နိုင်ငံတခု ဖြစ်လာတာနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဖယ်ရှားပေးမှာ ဖြစ်တယ်လို့လည်း အမေရိကန် သမ္မတက ပြောပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က Hormuz ရေလက်ကြား အနီးမှာ အမေရိကန်ရဲ့ မောင်းသူမဲ့ ဒရုန်းယာဉ်ကို အီရန်က ပစ်ချခဲ့တာနဲ့ ပတ်သက်ပြီး စစ်ရေးအရ လက်တုံ့မပြန်ဖို့ အမေရိကန် သမ္မတရဲ့ ဆုံးဖြတ်ချက်ကို ပျော့ညံ့ချက် အဖြစ် အီရန်တို့ မရှုမြင်ဖို့ ထိပ်တန်း အမေရိကန် တာဝန်ရှိသူ နှစ်ဦးဖြစ်တဲ့ အမျိုးသား လုံခြုံရေး အကြံပေး John Bolton နဲ့ ဒုတိယ သမ္မတ Mike Pence တို့က သတိပေးချက်သစ် ထုတ်ပြန်ထားပါတယ်။

အီရန်နဲ့ စစ်ဖြစ်ဖို့ Trump မလိုလား
please wait

No media source currently available

0:00 0:01:45 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG